ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေမှုကို အပစ်ရပ်စဲရန်အတွက် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးနေသော်လည်း တိုက်ပွဲရပ်တန့်ရန် အလွန်အခက်အခဲရှိနေကြောင်း AA ပြောခွင့်ရအရာရှိ ဦးခိုင်သုခက ယနေ့ (ဇွန် ၈) တွင် အွန်လိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ကောင်စီအနေဖြင့် တရုတ်ကြားဝင်ညှိနှိုင်းမှုဖြင့် ရခိုင်တိုက်ပွဲအဆုံးသတ်ရန် ကြိုးစားနေသလို တရုတ်အနေဖြင့်လည်း တိုက်ပွဲရပ်တန့်ရန် လိုလားသော်လည်း စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားပစ်ခတ်နေမှုကြောင့် ရခိုင်တိုက်ပွဲရပ်တန့်ရန် အလွန်ခက်ခဲကြောင်း ဦးခိုင်သုခက ဆိုသည်။
“ကျနော်တို့က အခုစစ်တိုက်နေရတယ်ဆိုပေမဲ့ ကိုယ်တို့ရဲ့ ပြည်သူလူထုအကျိုးစီးပွားနဲ့ ရခိုင်ဒေသအကျိုးစီးပွားကို မူတည်ပြီးတော့ အမြဲတမ်းချင့်ချိန်လုပ်ဆောင်နေရတာတွေ ရှိပါတယ်။ ဘာဖြစ်လာနိုင်မလဲဆိုတာမျိုးက အထူးသဖြင့် လက်ရှိစစ်ကောင်စီရဲ့လုပ်ရပ်အပေါ်မှာပဲ အများကြီးမူတည်ပါမယ်”
“ကျနော်တို့အနေနဲ့ နောက်ဆုံးတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်အင်တာဗျူးမှာပါ ပြောခဲ့တာတွေရှိပါတယ်။ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ကျနော်တို့အနေနဲ့ စစ်ကောင်စီကို ပြောခဲ့တယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ ဆက်ဖြစ်နေပါတယ်။ ဒါက ရခိုင်တစ်ခုတည်းမှာပဲ မဟုတ်ပါ။ ကျနော်တို့ AA နဲ့ ဆက်စပ်နေတဲ့ စစ်မြေပြင်တွေမှာလည်းပဲ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတော့ ဒီအပစ်အခတ်ရပ်စဲဖို့ကိစ္စကတော့ အများကြီးအခက်အခဲရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေ ၁၅ တွင် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနှင့် AA တို့ ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးပွဲပျက်သွားခဲ့သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇွန် ၃ က VOA မြန်မာပိုင်းနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
“အဲဒီဆွေးနွေးမှုတွေမှာတော့ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးတာ။ ကျနော်တို့ရဲ့ သဘောထားကို မေးပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့ရဲ့ ရှေ့ရေးရည်မှန်းချက်ကို ပြောပြတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ သိပ်ရှည်ရှည်ဝေးဝေးမပြောကြပါဘူး။ ကျနော်တို့ဘက်က အထူးမေတ္တာရပ်ခံတောင်းဆိုချက်ကတော့ စစ်ရေးကာလမှာ အရပ်သားထိခိုက်ဒဏ်ရာရရှိမှုကို နှစ်ဖက်အကာအကွယ်ပေးဖို့၊ အခြေခံလူထုအဆောက်အအုံကို တိုက်ခိုက်မှုမလုပ်ဖို့ ကိစ္စတွေကို ကျနော်တို့ဘက်က ဦးစားပေးဆွေးနွေးခဲ့တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအနေဖြင့် အင်အားတိုးပြီး AA ကို တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း၊ AA အနေဖြင့်လည်း တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လိုက်နိုင်လျှင် နိုင်ငံရေးအားဖြင့် ဆွေးနွေးမည်ဆိုလျှင်လည်း အားသာချက်ရှိကြောင်း၊ ထို့ကြောင့်လည်း ဆက်လက်တိုက်ခိုက်နေခြင်းဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက Myanmar Now ကို မေ ၂၁ က ပြောထားသည်။
“သူတို့အနေနဲ့ ရခိုင်ပြည်ကို (အင်အား) တိုးပြီး ULA/AA တပ်တွေကို တိုက်ဖို့ အင်အားကတော့မရှိပါဘူး။ ဒါကြောင့် ကိုယ့်ဘက်က တစ်မြို့ပြီးတစ်မြို့ ရခိုင်ပြည်ကို သိမ်းလိုက်နိုင်ရင် နိုင်ငံရေးအားဖြင့် ဆွေးနွေးမယ်ဆိုလည်း ကိုယ့်ဘက်က အားရှိတာပေါ့။ ဖိအားပေးနိုင်တာပေါ့။ ဒါကြောင့်လည်း ULA/AA ဘက်က ကိုယ့်မှာ အင်အားတစ်ခုရဖို့အတွက် သူတို့ဘက်က ဆွေးနွေးတာတွေကို လောလောဆယ်လက်မခံဘဲ ကိုယ်လိုချင်တာကို တောင်းဆိုတယ်လို့ မြင်တယ်။ အဲဒါကြောင့် ကိုယ့်မှာ အင်အားရှိဖို့က အဓိက” ဟု ၎င်းက ဆိုသည်။
ရခိုင် မြို့၊ ရွာများ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ကြောင့် ပျက်စီးသွားကာ ဒေသခံအများအပြားလည်း သေဆုံးသွားရသည်။ ထို့ကြောင့် တိုက်လက်စမြို့များကို ဆက်လက်တိုက်ခိုက်ပြီး ရည်မှန်းချက်မပြီးမြောက်သရွေ့ တိုက်ပွဲမရပ်တန့်လိုကြောင်း ရခိုင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တော့ လူတွေထိခိုက်တယ်။ တိုက်ပွဲကို ဘယ်သူလိုလားမလဲ။ အကုန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တာပဲ။ ဒါပေမဲ့ ကိုယ့်ပြည်ကို ရဖို့အတွက် တိုက်ပွဲဖြစ်နေကြတယ်။ မြို့တွေအကုန်လုံးလည်း မရသေးဘူး။ ဒီကြားထဲ လက်နက်ကြီးတွေပစ်လို့၊ လေယာဉ်တွေနဲ့ပစ်လို့လည်း အိမ်တွေ မီးလောင်ပျက်စီးသွားပြီ။ တိုက်ပွဲရပ်လို့ ဘာထူးဦးမလဲ။ ရည်မှန်းချက်ပြည့်အောင်တိုက်စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော် (AA) သည် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲတို့တွင် စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေပြီး စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးသွားကြသည်ဟု AA က ယမန်နေ့ (ဇွန် ၇) တွင် ထုတ်ပြန်သည်။
မောင်တောမြို့ရှိ တာဝါတိုင်စခန်းကို ဇွန် ၂ တွင်လည်းကောင်း၊ ကျောက်ပန္ဒူစခန်းကို ဇွန် ၃ တွင်လည်းကောင်း၊ ခွဆုံပြင်စခန်းကို ဇွန် ၄ တွင်လည်းကောင်း၊ မြင်းလွှတ်စခန်းကို ဇွန် ၄ တွင်လည်းကောင်း၊ အင်းဒင်စခန်း (နခခ ၆) ကို ဇွန် ၆ တွင်လည်းကောင်း၊ နခခ (၉) ကို ဇွန် ၇ တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်။
ထို့ပြင် နခခ (၄) မောရဝတီ၊ အလယ်သံကျော်၊ နှားခေါင်းတိုစခန်းနှင့် တခြားလက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု ဆိုထားပြီး ထိုစခန်းများကိုသာ ရရှိပါကာ မောင်တောမြို့ကို ရရှိမည်ဖြစ်ကာ မြန်မာ-ဘင်္ဂလား-အိန္ဒိယနယ်စပ်တို့ကို AA က ထိန်းချုပ်နိုင်မည်ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့အတွက် အကျိုးရှိမည်ဟု နိုင်ငံရေးအကဲခတ်များက ခန့်မှန်းကြသည်။
အလားတူ နာမည်ကျော်ငပလီကမ်းခြေတည်ရှိရာ သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက်မြောက်ဘက် ၂.၆ ကီလိုမီတာနှင့် ၆.၅ ကီလိုမီတာခန့်သာ ဝေးကွာသည့် ဒေါ်ပွဲခုံကျေးရွာအနီးနှင့် ဂေါ့တ်တောင်တန်းအနီးတို့တွင် ဇွန် ၂ နှင့် ၃ တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက ပင်လယ်ပြင်မှ စစ်သင်္ဘော ၃ စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် အသည်းအသန်ခုခံနေခဲ့သော်လည်း ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြားခဲ့ကာ တပ်ဆုတ်ပြေးခဲ့သည်ဟု AA က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ Speed Boat တစ်စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ အမ်းမြို့နယ်၊ တောင်ဟိန်းတောင်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရန် ကြိုးပမ်းနေပြီး ဇွန်လ ပထမပတ်အတွင်း မြို့နယ်သုံးမြို့နယ်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၅၀၀ ခန့် သေဆုံးသွားကြောင်း AA ကဆိုသည်။ ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ခြင်းမရှိသေးပါ။
AA သည် ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မာန်အောင်မြို့တို့မှ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားရန် စီစဉ်နေသည်ဟု AA ဇွန် ၂ တွင် ထုတ်ပြန်သည်။
ဦးခိုင်သုခက “ကျနော်တို့က အရင်ကလည်း ရှင်းရှင်းလင်းလင်းကြေညာထားပြီးသားဖြစ်တယ်။ ရခိုင်ပြည်မှာရှိတဲ့ မြို့တွေ၊ ရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုမကျန်အောင် တိုက်ခိုက်သွားဖို့ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားရှိပါတယ်။ ကျနော်တို့ရဲ့ အဘိုးအဘွားပိုင်မြေတွေကို သိမ်းပိုက်သွားဖို့ဖြစ်ပါတယ်” ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောသည်။