သတင်း

စစ်ခေါင်းဆောင်ကို ရှော့တိုက်ဒုံးဖြင့် ပစ်မည့် စွဲချက်ဖြင့် လူငယ် ၄ ဦး ထပ်အဖမ်းခံရ

တံတားဖွင့်ပွဲသို့ လာသည့် အာဏာသိမ်း စစ်ခေါင်းဆောင်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန် ကြံစည်သည့် စွပ်စွဲချက်ဖြင့် လူငယ်တချို့ကို စစ်ကောင်စီ ထပ်မံဖမ်းဆီးရာ စုစုပေါင်း အဖမ်းခံရသူ ၁၃ ဦး ရှိလာပြီဖြစ်သည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား-အမှတ်-၃) ဖွင့်ပွဲသို့ လာသည့် အာဏာသိမ်း စစ်ခေါင်းဆောင်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်သည့် စွပ်စွဲချက်ဖြင့် လူငယ် ၄ ဦးကို ဖမ်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

Dark Shadow အဖွဲ့ဝင် အသက် ၃၄ နှစ်အရွယ် လူငယ် ၂ ဦးကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာတွင် ဖမ်းမိသည်၊ အသက် ၃၀ အရွယ်နှင့် ၂၁ နှစ်အရွယ် လူငယ် ၂ ဦးကို လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားအိမ်ရာတွင် ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ၏ ဇွန်လ ၁၆ ရက်နေ့ ရက်စွဲတပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စွပ်စွဲခံရသည့် Dark Shadow အဖွဲ့သည် ရန်ကုန်မြို့ပြပြောက်ကျားလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်၊ ပြီးခဲ့သည့် မေ ၁၇ က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ဇွန် ၁၁ က ရွှေပြည်သာ မြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို ဖောက်ခွဲခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

ဖမ်းမိသူများထံမှ ရရှိသည့် ပစ္စည်းများထဲတွင် FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈ ကျည် ၂၉ တောင့်၊ လက်လုပ်မိုင်း ၆ လုံး၊ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံး ၁ လုံး ပါဝင်သည်ဟု ဆိုသည်။

ဇွန် ၈ က စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် -၃) ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်ထားသူ လူငယ် ၉ ဦးကို ဖမ်းဆီးရမိထားကြောင်း ဇွန် ၁၀ က ထုတ်ပြန်ခဲ့သေးသည်။

စစ်ခေါင်းဆောင်ကို လုပ်ကြံရန် ကြိုးပမ်းမှု စွဲချက်ဖြင့် ယခုလအတွင်း ဖမ်းထားသူ စုစုပေါင်း ၁၃ ဦး ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရသည်။

ဇွန် ၈ က ဖမ်းဆီးရမိထားသူ ၉ ဦးမှာ တံတားဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် မေ ၁၉ က စတင်စီစဉ်ခဲ့သည်၊ ထိုသူတို့က ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနှင့် လက်ပစ်ဗုံးများကို လွတ်မြောက်နေသူ ဖြူနှင်းအေး (ခ) မီးအိမ်ရှင်ထံမှ ရရှိခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲသည်။

ထို့ပြင် ရှော့တိုက်ဒုံး ပစ်ခတ်နည်းသင်တန်းကို Brigate Drone Force (PDF) အဖွဲ့က အင်တာနက်မှတစ်ဆင့် သင်ကြားပေးသည်၊ ရှော့တိုက်ဒုံးပေးပို့သူ အမျိုးသမီးနှင့် ပစ်ခတ်နည်း သင်တန်းပေးသူ ၂ ဦး လွတ်မြောက်နေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ စေခိုင်းသူမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဖြစ်သည်ဟု စွပ်စွဲထားသည်။

ဖမ်းဆီးရမိထားသူများထဲမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသည် ဇွန် ၄ နှင့် ဇွန် ၈ တို့တွင် သန်လျင်တံတားအခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အနီး လုံခြုံရေးတပ်ဖွဲ့များ၏ အခြေအနေကို ၅ ကြိမ်တိုင် လေ့လာခဲ့သည်၊ ပစ်ခတ်မည့် နေရာမှာ “ဘုရင်ကြီး” အုတ်၊သဲ၊ကျောက် ရောင်းဝယ်ရေးလုပ်ငန်းအနီးရှိ ကွင်းပြင်ကို ရွေးချယ်ထားသည်ဟုလည်း စွပ်စွဲသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၄ ဇွန် ၁၀ အထိ စစ်ကောင်စီ လက်ချက်ဖြင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်သားများ ၅၂၈၀ ဦးထက်မနည်း သေဆုံးခဲ့သည်၊ ဖမ်းဆီးခံထားရသူ ၂၆,၈၆၅  ဦးထိရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၄ တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button