
ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်ကြား တိုက်ပွဲများငြိမ်သက်နေချိန်တွင် နေရပ်ပြန်သွားသော ဒေသခံအချို့သည် ဒီဇင်ဘာ ၃၁ နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်စခန်းများသို့ ပြန်ရောက်ရှိလာကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများနှင့် ကာယကံရှင်များက ပြောသည်။
၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ တပ်မတော်နှင့် AA ကြား ၂ နှစ်ခန့်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီမှစ၍ တိုက်ပွဲများရပ်တန့်နေခဲ့သည်။ လုံခြုံရေးအရဟုဆိုကာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဒီဇင်ဘာ ၃၁ မတိုင်မီ ရွေးကောက်ပွဲပြန်ကျင်းပပေးရန် နိုဝင်ဘာ ဒုတိယပတ်တွင် AA က တောင်းဆိုခဲ့ပြီး တပ်မတော်ကလည်း AA ၏ သဘောထားကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ထောင်နှင့်ချီသော စစ်ရှောင်များ နေရပ်ပြန်ခဲ့ကြသည်။
သို့သော်လည်း ရွေးကောက်ပွဲကျင်းပပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသောကြောင့် ဒီဇင်ဘာ ၃၁ နောက်ပိုင်း တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ကျွန်မတို့ကတော့ တိုက်ပွဲပြန်ဖြစ်လာမှာကို အမြဲတမ်း စိုးရိမ်နေပါတယ်။ မနက်ဖြန်ဆိုရင် (ဒီဇင်ဘာ) ၃၁ ရက်ဖြစ်ပြီ။ မနက်ဖြန် ကယ်ဆယ်ရေးစခန်း ပြန်သွားမယ်။ တိုက်ပွဲပြန်ဖြစ်လာကို စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြနေတယ်။ ရွာမှာနေရင်လည်း တိုက်ပွဲက ဖြစ်လာမှာလား၊ မဖြစ်ဘူးလားလို့လည်းမသိဘူး” ဟု မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဒေါ်သိန်းဝင်းယဉ်က Myanmar Now ကို ပြောသည်။
ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ ဒေါ်ခင်သန်းဝင်းက ကျေးရွာအနီးရှိ တောင်တန်းများတွင် တပ်မတော်စခန်းများရှိသောကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ၎င်း ယခင်က ခိုလှုံခဲ့သည့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းသို့ ယမန်နေ့ (ဒီဇင်ဘာ ၂၉) တွင် ပြန်လည်လာရောက်နေထိုင်နေသည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာမှ ဒေသခံ ၅၀ ဦးခန့်သည် ရေပိုက်ဆုံကျေးရွာရှိ စစ်ရှောင်စခန်းသို့ ပြန်လည်ရောက်ရှိလာကြကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုအောင်နိုင်က ဆိုသည်။
စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ရန် ခိုလှုံခဲ့သည့် ဒေါ်မဆန်းရီသည် လက်ရှိတွင် ၎င်း၏နေရပ်ဖြစ်သည့် ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာသို့ ပြန်ကာ ဟင်းရွက်သီးနှံများစိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာ ၃၁ နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု ရှိမရှိ စောင့်ကြည့်၍ စစ်ရှောင်စခန်းသို့ ပြန်မပြန် ဆုံးဖြတ်မည်ဟု ဆိုသည်။
“တိုက်ပွဲဖြစ်ရင်တော့ ပြန်သွားမယ်။ တိုက်ပွဲမဖြစ်ရင်တော့ မသွားတော့ဘူး။ အခြေအနေကို စောင့်ကြည့်နေတယ်။ အခြေအနေမကောင်းဘူးဆိုရင် ပြန်လာမယ်။ အခု ရွာမှာ ဟင်းခင်းတစ်ခု လုပ်ထားတယ်။ တခြားအလုပ်တော့ မရှိဘူး” ဟု ဒေါ်မဆန်းရီက ပြောသည်။
တပ်မတော်သည် ရခိုင်ပြည်နယ်တွင် စစ်အင်အား ဖြည့်တင်းမှုမရှိဘဲ တိုက်ပွဲများမဖြစ်ပွားရန် ဆောင်ရွက်နေသော်လည်း ပစ်ခတ်မှုများ ရှိနိုင် မရှိနိုင်မှာမူ နှစ်ဖက်အဖွဲ့အစည်းများပေါ်တွင် မူတည်ကြောင်း ယနေ့ (ဒီဇင်ဘာ ၃၀) တွင် နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနိုင်၊ မဖြစ်ပွားနိုင်ကတော့ နှစ်ဖက်လုံးအပေါ်မှာ မူတည်လိမ့်မယ်။ နှစ်ဖက်လုံးရဲ့ စောင့်ထိန်း၊ စောင့်စည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် AA ကြား တွေ့ဆုံဆွေးနွေးမှုများ ရှိနေပြီး နှစ်ဖက်ခေါင်းဆောင်များသည် အင်တာနက်မှတစ်ဆင့် နိုဝင်ဘာ ၂၅ တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၃ တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် တစ်နာရီခန့် တွေ့ဆုံ၍ တစ်ကြိမ် ဆွေးနွေးခဲ့ကြသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အချက်အလက်များအရ ဒီဇင်ဘာလအထိ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် ရှိသည်။
ရခိုင်စစ်ဘေးရှောင်အများစုသည် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ အမ်း၊ ရမ်းဗြဲနှင့် စစ်တွေမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။ ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားပြီး စစ်ရှောင်လူဦးရေ အများဆုံးဖြစ်သည်။