သတင်း

တပ်မတော်က တရားစွဲထားသည့် ICC/ICJ ထောက်ခံကြောင်းလှုပ်ရှားသူနှစ်ဦး အာမခံရ 

တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် ICC/ ICJ ထောက်ခံကြောင်း လှုပ်ရှားသူနှစ်ဦးကို အာမခံဖြင့် အချုပ်လွတ်ထုချေရန် ယနေ့ (ဒီဇင်ဘာ ၃၀) တွင် ပြည်မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

ပဲခူးတိုင်း၊ ပြည်နှင့် နတ်တလင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူများဖြစ်ကြသည့် ဦးကျော်ဆန်းနှင့် ဦးသန့်စင်ထက်က လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ICJ နှင့် ICC ကဲ့သို့ နိုင်ငံတကာတရားရုံးများ၌ တရားစွဲဆိုခံထားရမှုအပေါ် လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့သဖြင့် ဒီဇင်ဘာ ၂၄ တွင် ဖမ်းဆီးခံခဲ့ရသည်။ 

၎င်းတို့နှစ်ဦး၏ လုပ်ရပ်သည် တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟုဆိုကာ ဗိုလ်မှူးဝေဖြိုးအောင်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် ဒီဇင်ဘာ ၂၄ တွင် တရားစွဲသဖြင့် ယင်းနေ့၌ပင် တရားရုံးမှတစ်ဆင့် ပြည်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ 

“ဒီပုဒ်မက ဒီတိုင်းပေးလို့ မရဘူး။ သူ့ (တရားသူကြီး) အနေနဲ့လည်း ပေးခွင့်မရှိဘူးတဲ့။ ဦးကျော်ဆန်းက လူကြီးလူကောင်းတစ်ယောက်ဖြစ်တယ်။ ပြည်မြို့မှာ နေထိုင်တယ်။ ထွက်ပြေးမယ့်လူ မဟုတ်ဘူးလို့ ရုံးတော်က ယုံကြည်တယ်။ အဲဒါကြောင့် ကျင့်ထုံးဘယ်လောက်ဘယ်လောက်အရဆိုပြီး ပေးလိုက်တာ” ဟု တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသူ ဦးကျော်ဆန်းက ပြောသည်။ 

သတင်းစာရှင်းလင်းပွဲလုပ်ရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ တိုင်းပြည်မှာ အရပ်ရှစ်မျက်နှာမှာ စစ်တိုက်တဲ့သူက လုပ်ချင်တိုင်းလုပ်တာကို နောင်တစ်ချိန် မလုပ်နိုင်အောင် ဟန့်တားခြင်းသဘောပဲ” ဟု စွပ်စွဲခံရသူ ပြည်မြို့ဇာတိ ဦးကျော်ဆန်းက ဆိုသည်။ 

၎င်းအနေဖြင့် လာမည့်ရုံးချိန်းများတွင် ရှေ့နေမငှားဘဲ အဆိုပါအမှုကို ရင်ဆိုင်မည်ဟု ဆက်လက်ပြောသည်။

နိုင်ငံရေးလှုပ်ရှားမှုဖြင့် မကြာခဏ တရားစွဲထောင်ချခံရသူများဖြစ်ပြီး ထွက်ပြေးမည့် ပုဂ္ဂိုလ်များမဟုတ်သောကြောင့် အာမခံလျှောက်ထားခြင်းကို တရားသူကြီးက လက်ခံခဲ့ခြင်းဖြစ်သည်ဟုလည်း အချုပ်မှ လွတ်မြောက်လာသူ နောက်တစ်ဦးဖြစ်သည့် ဦးသန့်စင်ထက်က ပြောသည်။

“သတင်းစာရှင်းလင်းပွဲ ဖြစ်မှာစိုးလို့ တပ်ကနေ ဖိအားပေးပြီး တပ်ကနေ ထိန်းသိမ်းခိုင်းတဲ့သဘောမျိုး သက်ရောက်စေတာကိုး။ ဒီအတွက် တရားစီရင်ရေးအပေါ်မှာ တပ်မတော်ရဲ့ ဩဇာလွှမ်းမိုးမှု ရှိနေသေးတယ်လို့ပဲ မြင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ဦးကျော်ဆန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ဦးသန့်စင်ထက်က နတ်တလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲတွင် ၎င်းတို့နှစ်ဦးစလုံး ရှုံးနိမ်ခဲ့သည်။  

တိုင်းဒေသကြီးအသီးသီး၌ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၃၀ ဦးကို ဦးကျော်ဆန်းနှင့် ဦးသန့်စင်ထက်တို့က ဦးဆောင်စုစည်းကာ ICJ အမှုကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားသည့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကိုလည်း ဒီဇင်ဘာ ၂၂ တွင် ထပ်မံထုတ်ပြန်ခဲ့သည်။ 

အသက် ၅၅ နှစ်အရွယ် ဦးကျော်ဆန်းက ၎င်းသည် ၁၉၉၉ တွင် ဒီမိုကရေစီလွှတ်တော်ခေါ်ယူပေးရန် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ကြောင်း ပြောသည်။

အသက် ၃၀ အရွယ် ကိုသန့်စင်ထက်မှာ ၂၀၀၈တွင် NLD လူငယ်အဖွဲ့တွင် ပါဝင်စဉ်က အပြင် ၂၀၁၂၊ ၂၀၁၅ တို့တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် တရားရင်ဆိုင်ရပြီး အမှုမှ စွဲချက်မတင်မီ လွတ်မြောက်ခဲ့သည့် မှတ်တမ်းများ ရှိကြောင်း ယခု စွပ်စွဲခံရသည့် ပုဒ်မ ၅၀၅ (က) အမှုမှာ လေးမှုမြောက် တရားရင်ဆိုင်ရခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းတို့နှစ်ဦးကို တပ်မတော်က စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ စစ်ဆေးမည့်ကာလ သတ်မှတ်ရန်နှင့် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ရန် လာမည့် ဇန်နဝါရီ ၁၂ ရက်သို့ ရုံးချိန်း ချိန်းဆိုလိုက်ကြောင်း သိရသည်။

Show More

Related Articles

Back to top button