ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းလာပြီး ကုန်စျေးနှုန်းအဆမတန်တက်နေချိန်တွင် ဝန်ထမ်းလစာနှင့် အသုံးစရိတ် တိုးမြှင့်ပေးခဲ့သည့် ရန်ကုန်မြို့မှ လုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ယခုသီတင်းပတ်အတွင်း ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။
အဖမ်းခံရသူများထဲတွင် ကော်ဖီဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ စားသောက်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပါဝင်သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလကုန်က အမေရိကန်တစ်ဒေါ်လာ ကျပ် ၄,၆၀၀၊ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၇ သိန်းနှုန်းဖြစ်ခဲ့ပြီး အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာချိန်တွင် ဝန်ထမ်းများအဆင်ပြေစေရန် လုပ်ခလစာ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးကြောင်း ပုဂ္ဂလိကကုမ္ပဏီတချို့က ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်မြို့မှ အဖမ်းဆီးခံရသောလုပ်ငန်းရှင်တစ်ဦး၏ ဝန်ထမ်းတစ်ဦးက ၎င်းတို့ လုပ်ငန်းတွင် စာတိုးပေးသည့်အကြောင်း အွန်လိုင်း လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်ဟု Myanmar Now ကို ပြောသည်။
“ဖြစ်စဉ်ကတော့ လစာတိုးပေးတဲ့ကိစ္စကိုပဲ ရုံးကနေ လာစစ်ဆေးပြီးတော့ သူဌေးကို ခေါ်သွားတာပေါ့။ အဲ့လိုပဲ ကျွန်တော်တို့ သိထားပါတယ်။ လက်ရှိ (အရေးယူ အမှုဖွင့်တဲ့) ရုံးကိစ္စတွေ၊ ဘာတွေတော့မသိဘူး။ ရန်ကုန်မြို့ထဲမှာပဲ အခုကျွန်တော်တို့ အနီးတစ်ဝိုက်မှာပဲ ကုမ္ပဏီ ၁၀ ခုဝန်းကျင်လောက် ရှိပါတယ်” ဟု သူက ပြောသည်။
ရန်ကုန်မြို့မှ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ဝန်ထမ်းက ၎င်းတို့အလုပ်ရှင်လည်း အလားတူ ဖမ်းဆီးခံခဲ့ရသည်ဟု အတည်ပြုသည်။
ကုန်ဈေးနှုန်းတက်လာချိန် လုပ်သက်အလိုက် ဝန်ထမ်းလစာတိုးမြှင့်ပေးမှုကြောင့် လူမှုကွန်ရက်တွင် ချီးမွမ်းခံခဲ့ရသည့် Zaw Zaw Mobile ဖုန်းဆိုင်၊ ဒီဇိုင်းလုပ်ငန်းနှင့် ကော်ဖီဆိုင်တို့ကို ချိပ်ပိတ်ထားပြီး ပိုင်ရှင်များကို ဖမ်းဆီးအမှုဖွင့်ထားပြီဖြစ်ကြောင်း သတင်းဌာနတချို့တွင် ဖော်ပြထားသည်။
Zaw Zaw Mobile ၏ မြန်မာပြည်ဆိုင်ခွဲနှစ်ခုကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း စက်ပိတ်ထားသည်၊ ဘန်ကောက်ဆိုင်ခွဲကို ဆက်သွယ်ရာတွင် လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တုံ့ပြန်သည်။
ထိုဖမ်းဆီးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကို Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိပေ။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ဝိသမစီးပွားရေးသမားများကြောင့် ရွှေနှင့် ငွေကြေး ဈေးတက်သည်ဟုဆိုကာ စစ်ဆေးဆောင်ရွက်ခဲ့ရာ တဖြည်းဖြည်း ဈေးကျလာကြောင်း၊ ပြည်ပတွင် အိမ်ခြံမြေဝယ်ယူနေကြခြင်းကို စိစစ်နေကြောင်း ဇွန် ၇ ရက်နေ့ နေပြည်တော်အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။
ရွှေနှင့် ငွေဈေးဆွဲတင်၍ ငွေတန်ဖိုးကျဆင်းရန်၊ စီပွားရေးကျဆင်းရန် ဆောင်ရွက်နေသည်ဟု သူက စွပ်စွဲပြောဆိုခဲ့သည်။
စီးပွားရေးပညာရှင်များက ငွေကြေးဖောင်းပွမှုနှုန်းမြင့်ကာ ကုန်ဈေးနှုန်းတက်နေခြင်းမှာ ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာမတည်ငြိမ်မှု၊ နိုင်ငံခြားငွေရှားပါးပြတ်လပ်လာမှု၊ ဘတ်ဂျက်လိုငွေအတွက် ငွေစက္ကူအသစ်များရိုက်ထုတ်သုံးမှုနှင့် စီမံခန့်ခွဲမှုအမှားများကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဖမ်ဆီးမှုကြောင့် ဈေးနှုန်းတန့်သွားသော်လည်း အချိန်မကြာခင် အတက်ဘက်ပြန်ဦးတည်မည်သာ ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
ဟွန်ဒီငွေလွှဲလုပ်ကိုင်သူ ၃၉ ဦးကို ဖမ်းဆီးကာ ၎င်းတို့၏ ဘဏ်ငွေစာရင်းများကိုလည်း ယာယီ ပိတ်သိမ်းထားသည်ဟု ဗဟိုဘဏ်က ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။