သတင်း

ကန်ပက်လက်မြို့နယ် စာသင်ကျောင်းကို လေတပ်တိုက်ခိုက်၊ ၁ ဦး သေပြီး ၃ ဦးဒဏ်ရာရ

ချင်းပြည်နယ်တွင် စစ်ရှောင်များ ခိုလှုံနေသည့်နေရာကို စစ်ရဟတ်ယာဉ် ပစ်ခတ်တိုက်ခိုက်ရာ ၇၆ နှစ်အရွယ် အမျိုးသမီး သေဆုံး၊ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၂၄ လုံးခန့် ပျက်စီးသွားသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော စာသင်ကျောင်းတစ်ကျောင်း ယမန်နေ့ (ဇွန် ၁၁) တွင် လေကြောင်းတိုက်ခိုက်မှုခံရပြီး ၁ ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၀ နာရီ ဝန်းကျင်တွင် မြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းလက်မွန်ကျေးရွာရှိ စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်က သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စာသင်ကျောင်းက ဘာမှရစရာမရှိဘူး။ လုံးဝ ပျက်စီးသွားတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံ အမျိုးသားတစ်ဦးက ထိခိုက်ပျက်စီးမှုအခြေအနေကို ပြောသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူမှာ ကျင်ဒွေးမြို့မှ အသက် ၇၆ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးဖြစ်သည်၊ ဒဏ်ရာရသွားသူတို့မှာ စစ်ဘေးရှောင် ၂ ဦးနှင့် ရွာခံ အမျိုးသား ၁ ဦးတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတို့ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ချင်းတော်လှန်ရေးပူးပေါင်းတပ်များ၏ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ကာလကတည်းက ဒေသခံ ၃၀ ခန့် ချင်းလက်မွန်ရွာတွင် ခိုလှုံနေကြခြင်းဖြစ်ရာ လေးလနီးပါး ကြာမြင့်နေပြီဖြစ်ပြီကြောင်း သိရသည်။

စာသင်ကျောင်း ဦးတည်တိုက်ခိုက်ခံခဲ့ရသည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF (ကန်ပက်လက်) မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

“စစ်ရှောင်တွေက စာသင်ကျောင်းဆောင်မှာ ယာယီထားထားတာ။ မရွှေ့ပြောင်းခင်လေးမှာ ဖြစ်သွားတာပေါ့။ နေအိမ်တချို့ပျက်စီးတာတွေရှိတယ်။ ကျောင်းဆောင်ကို ဦးတည်တယ်ဆိုတော့ ကျောင်းဆောင်ကို ငြားတာတွေ (ကျည်ကျတာတွေ) လည်း ရှိတယ်။ ရွာထဲမှာ ငြားတာတွေလည်း ရှိတယ်” ဟု သူက ပြောသည်။

ဇွန် ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့ရသည်။ (ဓာတ်ပုံ – Vakok Battalion fb page)

ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း ဆောမြို့နယ်ကြားရှိ ချင်းလက်မွန်ရွာနှင့် အနီးဝန်းကျင်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း CDF ကန်ပက်လက်ထံမှ သိရသည်။

“မြေပြင်မှာ တိုက်ပွဲတွေမရှိဘူး။ ဘာသတင်းရလို့ ပစ်ခတ်မှုတွေလုပ်လဲ မသိရဘူး။ ဘာကြောင့် ပစ်သွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရဘူး” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၂၄ လုံးခန့် ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း CDF ကန်ပက်လက် ၏ တပ်ရင်းတစ်ခုဖြစ်သည့် Vakok Battalion က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

ချင်း-မကွေးတိုင်းနယ်စပ် ဆောမြို့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ပါ နယ်နိမိတ်ထိစပ်နေပြီး စစ်ရေးအရ အချက်အချာကျသည့် ကျင်ဒွေးမြို့ကို ချင်းတော်လှန်ရေးအင်အားစုက ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ လေးလနီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ကျင်ဒွေးမြို့သည် မကွေးတိုင်းရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတချို့နှင့်လည်း နီးကပ်နေသည်။

မြို့ကို လက်မလွှတ်ရရေး စစ်တပ်က လနှင့်ချီ လေကြောင်းအားပြုပြီး အပြင်းအထန်ခုခံသော်လည်း ဧပြီလကုန်ပိုင်းတွင် မြို့ကို လက်လွှတ်ခဲ့ရသည်။

ဇွန် ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့ရသည်။ (ဓာတ်ပုံ – Vakok Battalion fb page)

ကျင်ဒွေးမြို့မှ ဒေသခံအများစုမှာ အနီးဝန်းကျင်ကျေးရွာများနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယခုအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။

“(ကျင်ဒွေးမြို့) က ပျက်စီးသွားတယ်ဆိုတော့ ပြန်ပြီး တည်ဆောက်ရေးတော့ မလုပ်နိုင်သေးဘူး။ လွတ်လွတ်လပ်လပ်တော့ သွားလာနိုင်တာပေါ့ အဲ့ဒီ လမ်းကြောင်းပေါ်မှာတော့” ဟု CDF ကန်ပက်လက် တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်နှင့် ချင်းလူမျိုးများနေထိုင်သည့် ဒေသများတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၈၄ ဦးသေဆုံးခဲ့ကြောင်း Institute of Chin Affairs (ချင်းရေးရာအဖွဲ့) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေရာ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများလည်း ပစ်မှတ်ထားခံနေရသည်။

ပြီးခဲ့သည့်လတွင် မကွေးတိုင်း၊ ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သလို ရက်ပိုင်းအတွင်းမှာပင် အနီးရှိ ကျေးရွာတစ်ရွာတွင် စားနပ်ရိက္ခာဝေနေစဉ် လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ရာ ၇ ဦးသေဆုံးခဲ့သည်။

ယခုဇွန်လဆန်းကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာတွင် မင်္ဂလာဆောင်ကို လေတပ် ဗုံးကြဲမှုကြောင့် နို့စို့အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၂၈ ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button