အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းမြောက်တွင် RCSS နှင့် TNLA တိုက်ပွဲများကြောင့် ရာနှင့်ချီသည့် ကျောက်မဲဒေသခံများ စစ်ရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လွယ်အံ့ကျေးရွာအုပ်စုတွင် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အကြား ဒီဇင်ဘာ ၂၅ မှစ၍ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားကျေးရွာများမှ ဒေသခံ ၆၀၀ ကျော်သည် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။ 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး သုံးရက်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။

ယနေ့ (ဒီဇင်ဘာ ၂၉) နံနက်အထိ စုစုပေါင်း စစ်ရှောင်ဦးရေ ၆၀၀ ကျော်အထိ ရောက်ရှိနေပြီး ထပ်မံပြီးရောက်ရှိလာသူများလည်း ရှိနေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အိုမ်တမာဝ်လူမှုကူညီရေးအသင်းတာဝန်ရှိသူများထံမှ သိရသည်။

ကောင်းခါးရွာတွင် တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဒီဇင်ဘာ ၂၇ ၊ ည ၇ နာရီခန့်တွင် ရွာမှ တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၀ ကျော် အရွယ်ရှိ မငြိမ်းငြိမ်းခိုင်က ဆိုသည်။ ၎င်းသည် လသားကလေးငယ်တစ်ဦး၏ မိခင်ဖြစ်ပြီး ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်းသို့ ဒီဇင်ဘာ ၂၈ တွင် လာရောက်ခိုလှုံနေခြင်း ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကလေးက တစ်လနဲ့မှ ရက် ၂၀ ပဲရှိသေးတယ်။ တိုက်ပွဲကြောင့် ရွာမှာ မလွတ်လပ်တော့လို့ ထွက်လာကြတာ။ ဖြစ်နေတာ နှစ်ရက်လောက်ရှီပြီ။ ဒီဇင်ဘာ ၂၇ ကတော့ ဗုံးသံ၊ သေနတ်သံတွေ တစ်နေကုန်ပါပဲ။ ဒီနေ့တော့ နည်းနည်းဝေးတယ်။ အဲဒါကြောင့် လမ်းဖွင့်တာနဲ့ သူတို့ဆီ အခွင့်တောင်းပြီး ထွက်လာကြတာ” ဟု မငြိမ်းငြိမ်းခိုင်က ပြောသည်။

တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်၊ လွယ်အံ့ကျေးရွာ အုပ်စုအတွင်းရှိ လွယ်အံ့၊ ပန်မခံ၊ မန်ဆက်၊ ပန်လော့၊ ကောင်းခါးကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာမှ ဒေသခံများ တိမ်းရှောင်လာခြင်းဖြစ်ကြောင်း စစ်ရှောင်များအရေးကူညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီး လွယ်အံ့ရွာနှင့် ကောင်းခါးရွာအနီး လှုပ်ရှားနေသည့် RCSS တပ်ဖွဲ့များကို TNLA က ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ဟု RCSS ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ဆိုသည်။

“တိုက်ပွဲက များတာ၊ မများတာတော့ သိပ်မပြောနိုင်ဘူး။ ဒါပေမဲ့ တိုက်ပွဲထပ်ဖြစ်ဖို့ အလားအလာတော့ ရှိနေတယ်လို့ ပြောနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းအုပ်ခေးက ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့ (ဒီဇင်ဘာ ၂၅) မှစ၍ တိုက်ပွဲဧရိယာအတွင်း RCSS တပ်ဖွဲ့အင်အားများကို ထပ်မံတိုးမြှင့်ထားပြီး TNLA တပ်ဖွဲ့ဝင်များဘက်ကလည်း အင်အားထပ်မံတိုးမြှင့်လာသည်ဟု သတင်းရထားသည့်အတွက် စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

နေထိုင်ရာရွာများအနီး ဒီဇင်ဘာ ၂၇ ရက်က တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု ကြားသိရကြောင်း ‌ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသည့် ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာကြသူများသည် အကူအညီများ လိုအပ်နေသည်ဟု ‌ကျောက်မဲမြို့အခြေစိုက် အိုမ်တမာဝ်လူမှုကူညီရေးအသင်း အဖွဲ့ဝင် ကိုဆမိုင်းက ပြောသည်။ 

“အခု ပြေးလာရတဲ့သူတွေက လမ်းလျှောက်ပြီး‌ပြေးလာရတဲ့အတွက် သူတို့ အိပ်ရာလိပ်တွေ၊ အဓိကလိုအပ်ချက်က စောင်တွေ၊ အနွေးထည်တွေ လိုမယ်။ စားစရိတ်လည်း ဒီထက်ပိုများလာရင်တော့ စားဖို့သောက်ဖို့လိုမယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် လွယ်အံ့ကျေးရွာအုပ်စုမှာ ‌ကျောက်မဲမြို့၏ အနောက်ဘက် မိုင် ၂၀ ခန့်အကွာ၌ တည်ရှိပြီး အနီးအနား ကျေးရွာ ၇ ရွာနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နမ့်ပိုင်ရွာအနီးတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ တွင် TNLA နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် နမ့်ပိုင်ရွာသူရွာသား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နမ့်ပိုင်ရွာသား ၆၀ ဦး အပါအဝင် ဒေသခံ ၃၀၀ ကျော်သည် နမ္မတူမြို့နယ် မန်စံရွာသို့ စစ်ရှောင်ခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button