အတွေးအမြင်

သမိုင်းကိုရေးတဲ့သူ

လောကတွင် ဖတ်ရခက်သည့် အရာသုံးခုမှာ အီဂျစ်ကျောက်စာ၊ လေဆင်နှာမောင်းနှင့် နိုင်ငံရေးသမားဖြစ်သည်။ ဘယ်ရှေးဟောင်းသုတေသနပညာရှင်မှ အီဂျစ်ကျောက်စာကို အဓိပ္ပာယ်အပြည့်အဝပေါ်လွင်အောင် မဖတ်နိုင်။ တိုက်ခတ်နေသော လေဆင်နှာမောင်း၏ ရွေ့လျားဦးတည်ရာကို အရှေ့အနောက်တောင်မြောက် ဝဲယာ ခွဲခြားပြောဆိုရန် ခက်ခဲလှသည်။ နိုင်ငံရေးသမားတစ်ယောက်၏ မဟာဗျူဟာ နည်းဗျူဟာ အခင်းအကျင်းကိုလည်း သိနိုင်ခဲလှသည်။ (ဒါကြောင့် တချို့က မေမေ့အကွက်တွေ သိပ်လှတာပဲ ပြောကြပုံရ၏။)

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်ရေးကျယ်ဟုဆိုသမို့လား။ နိုင်ငံရေးအကွက်မပြောနှင့် ဘယ်ပွဲကို ဘယ်ဖက်ရှင်နဲ့ တက်မယ်ဆိုတာတောင် ခန့်မှန်းရမလွယ်။ သို့သော် သူက ဒီမိုကရေစီအိုင်ကွန်ပါကွယ်။ ၂၀၂၀ အထိ သူ့ဒေါက်ဖိနပ်သံ ဘယ်လောက်ကျယ်လောင်တယ်ဆိုတာ အားလုံးအသိပဲ။ ဖွတ်မရ ဓားမဆုံးတဲ့။ သတိလည်း ထားကြဦးမှပေါ့။ တစ်ကမ္ဘာလုံးက နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေက ဘာမှမပြောဘဲ သူတို့ကပဲ ဆန့်ကျင်တဲ့ကြေညာချက်ထုတ်လိုက်၊ တောင်းပန်တဲ့ ကြေညာချက်ထုတ်လိုက်နဲ့ နောက်ဆုံးတော့ “ကျွန်တော်တို့မှာ ဘယ်သူ့ အားကိုးရမှန်းမသိတော့ပါဘူး” ငိုချင်းချရတဲ့အဖြစ်ဟာ ကြည့်လို့ မတင့်တယ်ပါဘူးဗျာ။ ပါတီတွေမှန်သမျှ အားကိုးစရာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ မဲဆန္ဒရှင်(ပြည်သူ)တွေပါပဲ။ ပေးသမျှယူ ကျွေးသမျှစားတာတွေ ကြည့်ပြီး ဒါ တို့လူတွေပဲလို့ ယုံနေကြရင်တော့ နိုင်ငံရေးသင်ခန်းစာ မယူတတ်ရာကျပါတယ်။

ကျွန်တော်တို့ လူပျိုပေါက်ဘဝ ဖဆပလအကွဲအပြဲတုန်းကလည်း ဒီလိုပဲ အသဲကြားက မဲတစ်ပြားဆိုတာ အဲဒီတုန်းက ကြွေးကြော်သံပေါ့။ မဲတစ်ပြားကိုလည်း စားလို့ရမှန်း သိကြတယ်။ မဲထည့်မယ်ဆို ငွေ ၂ ကျပ်ပေးတယ်။ တည်မြဲက ထဘီအနီတစ်ထည်နဲ့ ခေါက်ဆွဲကျော် တစ်ထုပ်ပေးတယ်။ မဲရုံကို ဒေါ့ဂျစ်ကားနဲ့ အကြိုအပို့လုပ်တယ်။ မဲရေတွက်တော့ ဦးကျော်ငြိမ်းတို့ ဦးဗဆွေတို့ ပန်လန်လက် (ပက်လက်လန်ကုန်ကြရော၊ လူတည်မြဲ၊ မဲသန့်ရှင်းဆိုတဲ့ စကားပေါ်လာတာ အဲဒါကြောင့်။)

အခုလည်း တွက်ရေးနဲ့ စက်သူဌေးလုပ်နေတဲ့ ပါတီဟာ နှမ်းထွက်နဲ့ မှန်းချက်မကိုက်တော့ ဗမာပြည်က မန်ယူပရိသတ်အပေါက်ချိုး ချိုးတော့တာပဲ။ ဗမာပြည်က မန်ယူပရိသတ်ကလည်း မန်ယူအသင်းဟာ ဘယ်အသင်းနဲ့ကန်ကန် နိုင်မယ်ထင်နေတာ။ မန်ယူအသင်းရှုံးရင် ဒိုင်ညစ်လို့ တစ်ဖက်အသင်းက တရားမျှတမှုမရှိဘဲ လူချကစားလို့၊ ရာသီဥတုမကောင်းလို့၊ ကွင်းမကောင်းလို့ အကြောင်းအမျိုးမျိုးပြပြီး အသုံးမကျတာကို အဖတ်ဆယ်ဖို့ ကြိုးစားတော့တာပါပဲ။ မိုးတစ်လုံး၊ လေတစ်လုံးပြောပြီး ဘဲဥမကွဲတဲ့ ပါတီတွေက သူတို့နောက်လိုက်ကြတယ်။ တပ်မတော် ကယ်ပါလို့ အော်ကြသေးတယ်။ ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ၁၉၆၂ က ကယ်လိုက်တာ ဘယ်အခြေဆိုက်သွားသလဲမှ မသုံးသပ်နိုင်ရင် တကယ်နဖူးတွေ့ဒူးတွေ့ ခံစားခဲ့ကြရတဲ့ ပြည်သူတွေဆီက ဒူးထောက်သင်ယူကြပါဦး။

အဲဒီတုန်းကတော့ ထိပ်သီးနိုင်ငံရေးသမားတွေလည်း ရေလိုက်လွဲခဲ့ကြတာပါပဲ။ ဗိုလ်နေဝင်းပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ထူထောင်မည်ဆိုတော့ ဖဆပလရဲ့ အတိုက်အခံ ပမညတခေါင်းဆောင် နာမည်ကြီး ဝိဒူရသခင်ချစ်မောင်ကတောင် ခွေးကတက်ကပဲ နေရနေရ အလုပ်အကျွေးပြုပါရစေ ပြောခဲ့သေးတာပဲ။

ဗိုလ်နေဝင်းနဲ့ တစ်ဂိုဏ်းတည်းသားတွေဖြစ်တဲ့ (ဆွေ/ငြိမ်း)ကလည်း သူတို့ကိုတော့ ဗိုလ်နေဝင်း ပက်ပက်စက်စက်မကြံရာဘူး ထင်ကြမှာပေါ့။ အချုပ်ခံထားရတဲ့ သမ္မတကြီး မန်းဝင်းမောင်ကတောင် သူနဲ့အတူ ရှိနေတဲ့ ဦးနုကို မပူနဲ့ ဗိုလ်နေဝင်းသိရင် လာကယ်လိမ့်မယ်လို့ ပြောသေးသတဲ့။ ကျွန်ယုံတော့ စုံလန်းကန်းခဲ့တာဆိုတာ အသိပါပဲနော်။ ဒါက လက်ထက်တော်ကြီး၊ နဝတနဲ့ နအဖ ခေတ်ကတော့ လက်ထက်တော်လေးပေါ့။ စစ်နဲ့ စစ်အနွယ်တော်တွေရဲ့ လက်အောက်မှာ ကျွန်တော်တို့လည်း ရာစုနှစ်ဝက်ကျော်ကျော်နေလာခဲ့ရတော့ . . .

ပြည်သူတွေလည်း ကျောမချခင်က ဓားပြမှန်းသိပါပြီ။ ဒါက သူတို့နိုင်ငံရေးရေချိန်ပဲ။ လစ်ဘရယ်သဘောတရားတွေ၊ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီစံနှုန်းတွေ တန်ဖိုးတွေ လာမမေးနဲ့ နိုး မသိဘူးပဲ။ ဒါပေမဲ့ နှစ်ခါသေဖူးတော့ ပျဉ်ဖိုးတော့နားလည်ပါပြီ။ ဒါကြောင့် ၂၀၂၀ မှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြန်တာပဲ။ အဲဒါကိုတော့ စေ့စေ့တွေးကြဗျာ။ ရေးရေးမှ မပေါ်ဘူးဆိုရင် ခင်ဗျားတို့ ညံ့တာ။ အခုထိ မြင်ရတာကတော့ အမြီးတွဲချည်ထားတဲ့ ကျားနဲ့ မျောက်လိုပဲ။

ဘာပဲပြောပြော ၂၀၂၁ ဖေဖော်ဝါရီ လွှတ်တော်သက်တမ်းကုန်ရင် လွှတ်တော်အသစ်ခေါ်ပြီး အစိုးရအဖွဲ့သစ်ပေါ်တော့မယ်။ ဒီပုတ်ထဲကတော့ ဒီပဲပဲ ထွက်မှာပေါ့ဗျာ။ သို့သော် ပြီးခဲ့တဲ့ သက်တမ်း (၅) နှစ်ကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ ပိုမိုသစ်လွင်တဲ့ ပိုမိုအလုပ်လုပ်မယ့် အစိုးရအဖွဲ့ ပေါ်ထွန်းလာပါလိမ့်မယ်လို့တော့ ပွဲမစမီ ဘင်သံပြနေတာပါပဲ။ (ပွဲကျမှ ခွေးရိုးကို ဆင်မာန်စွယ်ဆို လိမ်ရောင်းတဲ့ မျက်လှည့်ဆရာတွေလိုတော့ မလုပ်နဲ့ပေါ့။) ပြောရေးဆိုရေးရှိသူ ဇော်ဌေးက နေရှင်နယ် ယူနတီ ဂါးဗါးမန့်ဖြစ်မယ်ဆိုတော့ တချို့က ညွန့်ပေါင်းပုံစံလား မျှော်ကြတယ်။ ဘယ်လိုနည်းနဲ့မှ ညွန့်ပေါင်းပုံစံမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီတွေဆီပို့တဲ့ ဒီချုပ်စာရဲ့ အသွားအလာအရ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို ရည်မှန်းချက်ထားပြီး တိုင်းရင်းသားအရေး ဦးစားပေးတဲ့ ပေါ်လစီချမှတ်မယ် ထင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာကတော့ မင်ဒဲလား အာဏာရစက တောင်အာဖရိကမှာ ထူထောင်တဲ့ ပုံစံဖြစ်ဖို့များပါတယ်။ ဒီမတိုင်မီကတည်းက ဒေါ်စုက အမျိုးသားညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေးကို အလေးထားလုပ်ဆောင်နေတယ်လို့ အဆက်မပြတ်ကြွေးကြော်တာပါပဲ။ ဒါဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအမီ ပြောင်းလဲခဲ့တဲ့ ဒီချုပ်ပါတီရဲ့ ‘အပျော့လမ်းစဉ်’ ဗျူဟာပါပဲ။ အဲဒီမတိုင်မီကတော့ ဒီချုပ်ဟာ ဦးဝင်းတင်ဦးဆောင်ချမှတ်တဲ့ ထိပ်တိုက်ရင်ဆိုင်ရေး (အမာလမ်းစဉ်)ကိုပဲ ကျင့်သုံးခဲ့တယ်။ အနှစ် ၂၀ကျော်လုံး ကျင့်သုံးခဲ့တဲ့ ဒီလမ်းစဉ်ကို စွန့်ပြီး ပူးသတ်ရေးလမ်းစဉ်နဲ့ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တာပါပဲ။ ဒီချုပ်ထဲမှာ ဦးဝင်းတင်မကွယ်လွန်မီမှာပဲ သူ့လမ်းစဉ်ကျဆုံးခဲ့တာ အားလုံးအသိပဲ။

၂၀၁၅ မှာ ဒီချုပ်အစိုးရဖွဲ့နိုင်တာကြောင့် ၂၀၁၂ လမ်းစဉ်ဟာ အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။ ထင်သာထင် မဝင်ဘူးကျောင်းအမဆိုသလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံချုပ်ကိုင်မှုကြောင့် သွားသလောက် အရာမရောက်ခဲ့တာ အထင်အရှားပါပဲ။ တချို့နေရာတွေမှာ ထိပ်သီးနိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင်က သူတို့အစိုးရဟာ အပြည့်အဝအာဏာမရှိကြောင်း နိုင်ငံတကာအလယ်မှာ ဝန်ခံသံတွေတောင် ကြားရပါတယ်။ သို့သော်လည်း အာဏာဆက်လက်တည်မြဲရေးအတွက်ကတော့ ဆုပ် လည်းစူး၊ စားလည်းရူး ဒီအမျိုးသားရင်ကြားစေ့ရေး သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို လက်မလွှတ်ရဲပြန်ဘူး။ ဒီနေရာမှာ လူပြောများတာကတော့ ဒီချုပ်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဒီချုပ်နဲ့ တပ်မတော် ပြေလည်ရေး အကြောင်းအပေါင်းသင့်ရေးသာဖြစ်တယ်လို့ နိုင်ငံရေးပတ်ဝန်းကျင်က သုံးသပ်ချက်တွေဖြစ်ပါတယ်။

ဒီချုပ်ဟာ တပ်မတော်နဲ့ ပတ်သက်လာလျှင် လိုက်လျောညှိနှိုင်းဖို့ အသင့်ဖြစ်သလောက် ကျန်တဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ကျန်တဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမားတွေနဲ့တော့ အစေးမကပ်တဲ့အဖြစ်ပဲ ဖြစ်ပါတယ်။ ကိုယ့်အမြင်ပြောရရင် အင်အားကြီးမားတဲ့ အင်စတီကျုတစ်ခုဖြစ်တဲ့ တပ်မတော်ကို အန်တုဖို့ဆိုရင် ဒီမိုကရေစီပန်းတိုင်ချင်းတူတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအားလုံး ကျောချင်းကပ်စည်းရုံးဖို့ အဓိကလိုအပ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်းပါတယ်။ ဒီချုပ်ပါတီဟာ အဓိကလုပ်ရမယ့် ဒီစည်းရုံးရေးလုပ်ငန်းကို တ‌လျှောက်လုံး အလေးမထားခဲ့တာ တွေ့ရပါတယ်။ ခရီးရှည်ချီတက်ပွဲမှာ လမ်းတူသူချင်း ရန်ဘက်တွေသာ တိုးပွားလာခဲ့ပါတယ်။

အခု ၂၀၂၀ အလွန် ရွေးကောက်ပွဲအပြီးမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဆိုတဲ့ လေသံတွေပစ်လာတဲ့အတွက် မူဝါဒတချို့ အပြောင်းအလဲရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

ယခုကနေ အစိုးရသစ်ပေါ်ထွန်းမလာမီအထိ ကြားကာလဟာ အင်မတန်အထိအခိုက်မခံတဲ့ ကိုင်တွယ်ရခက်မဲ့ကာလဆိုတာ သတိထားကြရပါမယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ဟာ မတိုင်မီက လေသံတစ်မျိုး ပြီးတော့ လေသံတစ်မျိုးပြောလာပါတယ်။ အခုကျတော့လည်း ရွေးကော်ဆီက သူတို့လိုအပ်တဲ့ မှတ်တမ်းမှတ်ရာတွေကို ကူးယူခွင့်ပြုဖို့ မေတ္တာရပ်ခံချက်ထွက်လာပြန်တယ်။ ဒါကြောင့် ကြက်ဥအရောင်တိမ်တောင်သဖွယ်လို့ ပြောကြတာပေါ့။ အကဲဆတ်တဲ့ ကာလမို့ ဒီချုပ်ခေါင်းဆောင်တွေဟာ ပြဿနာအရပ်ရပ်ကို လိမ်လိမ်မာမာကိုင်တွယ်နိုင်မှ အသွင်ကူးပြောင်းရေးဟာ ညင်သာပါလိမ့်မယ်။ အေးလေ ဘယ်သူတွေပဲဖြစ်ဖြစ် အဓိကကတော့ ပြည်သူတွေရဲ့ အင်အားကို လျှော့မတွက်ကြဖို့ သတိပေးချင်ပါတယ်။ တကယ်တမ်း သမိုင်းကို ရေးခဲ့တာက ပြည်သူတွေပါပဲ။

***

သစ္စာနီ

Show More

Related Articles

Back to top button