သတင်း

မြန်မာနိုင်ငံတွင် နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆောက်ရန် ရုရှားအတည်ပြု

စစ်ကောင်စီတောင်းဆိုထားသည့် နျူစွမ်းအင်သုံး အသေးစားဓာတ်အားပေးစက်ရုံကို ဆောက်ပေးရန် ရုရှားက အတည်ပြုလိုက်ပြီဟု ဆိုသည်။

စစ်ကောင်စီက တောင်းဆိုထားသည့် နျူကလီးယားစွမ်းအင်သုံး အသေးစားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး သဘောတူညီချက်မူကြမ်းကို ရုရှားအစိုးရက အတည်ပြုလိုက်ကြောင်း ဗြိတိန်အခြေစိုက် Nuclear Engineering International မဂ္ဂဇင်းက ယခုလ (ဇွန် ၃) တွင် ဖော်ပြသည်။

နှစ်ဖက်သဘောတူညီချက်ကို မကြာမီလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နျူစွမ်းအင်နည်းပညာကို အထူးပြုဖော်ပြသည့် ဗြိတိန်အခြေစိုက် အဆိုပါမဂ္ဂဇင်း၏ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

အသေးစားဓာတ်ပေါင်းဖိုနည်းပညာကို အခြေခံကာ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ၂၀၂၂ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် ရုရှားအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းတို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ယခုအခါ ရုရှားဘက်က တည်ဆောက်ရေးမူကြမ်းကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

တည်ဆောက်မည့်နေရာအသေးစိတ် ဖော်ပြမထားသော်လည်း ဓာတ်အား ၁၁၀ မဂ္ဂဝပ်ထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရုရှားက ပံ့ပိုးမည်ဟု ထိုသတင်းတွင် တွေ့ရသည်။

အင်ဂျင်နီယာဆိုင်ရာသုတေသန၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအကဲဖြတ်ချက်၊ ASMM နျူနည်းပညာသုံး တည်ဆောက်ရေးနှင့် ဒီဇိုင်းပုံစံ၊ စက်ပစ္စည်းကိရိယာများထောက်ပံ့ပေးမှုနှင့် တပ်ဆင်အသုံးပြု၊ အသုံးပြုပြီးလောင်စာများကိုင်တွယ်မှု၊ ဝန်ဆောင်မှုဆိုင်ရာအာမခံချက်ပေးမှုနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ကြရန် မူကြမ်းအပိုဒ် ၂ တွင် ဖော်ပြထားသည်ဟု ဆိုသည်။

ရုရှားနိုင်ငံအတွင်း လည်ပတ်နေသည့် စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း ကျင့်သုံးသွားမည်ဟုလည်း ဆိုသည်။

လျှပ်စစ်ဓာတ်အား လုံလောက်စွာ မထုတ်လုပ်နိုင်သည့် စစ်ကောင်စီက ရုရှားအကူညီဖြင့် ထိုစွမ်းအင်စီမံကိန်းကို ကျိန်းသေအကောင်အထည်ဖော်မည်ဟု လျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် အစိုးရအရာရှိဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

ရုရှားက ရင်းနှီးမြှုပ်နှံမည်ဖြစ်သဖြင့် စစ်ကောင်စီအတွက် ကုန်ကျစရိတ်မရှိသော်လည်း ထွက်လာသည့် လျှပ်စစ်ကို အခြားလျှပ်စစ်စီမံကိန်းများကဲ့သို့ ပြန်လည်ဝယ်ယူအသုံးပြုရမည့်ပုံသဏ္ဌာန်ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“လျှပ်စစ်ဓာတ်အားဝယ်ယူရမယ့်သဘောရှိတာပေါ့နော်။ အဲ့ဒီဝယ်ယူတဲ့အခါမှာ ပြန်ပေးဖို့ အရင်တုန်းကဆိုရင်တော့ FE (နိုင်ငံခြားငွေ) ပြန်ပေးရတာပေါ့ဗျာ။ FE ပြန်ပေးဖို့နေရာမှာတော့ ရုရှားနဲ့ သူတို့ကြားမှာ ဘယ်နည်းလမ်းကို သုံးမလဲဆိုတာက အဖြေပဲလို့ ပြောရမှာပေါ့” ဟု သူက ပြောသည်။

“သူတို့ Barter System လို ရုရှားလိုချင်တဲ့ တခြားကုန်ပစ္စည်းပေးမလားတော့ မပြောတတ်ဘူး။ ဥပမာ ကြေးနီတို့ ဒီမှာထွက်နေတယ်၊ သူ့ကို ဘာပေးနိုင်မလဲဆိုတာမျိုးတွေပေါ့။ နောက်တစ်ခါ ကပစကထွက်တဲ့ ဗုံးတွေ၊ လက်နက်တွေ ပြန်ပေးမလား။ သို့သော် ဒါက ငွေကြေးအားဖြင့် အမြောက်အမြားပြန်ပေးရမယ့် သဘောရှိပါတယ်”

သို့သော် ယခုနျူကလီးယားစီမံကိန်းသည် လွန်ခဲ့သည့် ၆ နှစ်ကျော်က အသုံးတွင်ကျယ်လာသည့် Small modular reactors (SMRs) ဟုခေါ်သည့် နည်းပညာဖြစ်ပြီး တည်ဆောက်ချိန်မြန်ဆန်ခြင်း၊ မတော်တဆဖြစ်ပွားမှုနည်းခြင်း စသည့် အားသာချက်များရှိသဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်နေသည့် မြန်မာအတွက် ထွက်ပေါက်ရနိုင်သည်ဟု သူကဆိုသည်။

လျှပ်စစ်ဓာတ်အားတစ်ယူနစ်လျှင် သုည ဒသမ ၈ ဒေါ်လာမှ သုည ဒသမ ၁၀ ဒေါ်လာအထိ ကျသင့်နိုင်ပြီး သဘာဝဓာတ်ငွေ့ရည် (LNG) အသုံးပြုထုတ်သည့် လျှပ်စစ်ဓာတ်အားခထက် ဈေးနည်းနိုင်သည်၊ ကျောက်မီးသွေးမှ ထုတ်သည့် လျှပ်စစ်ဓာတ်အားခနှင့် ဈေးနှုန်းတူတူဖြစ်နိုင်သည်ဟု သိရသည်။

စစ်ကောင်စီ၏ ထိုစီမံကိန်းအောင်မြင်ရေးနှင့် တိုးချဲ့ရေးမှာ ဓာတ်အားခအတွက် နိုင်ငံခြားငွေပေးချေနိုင်မှု၊ ရုရှားလိုအပ်သည့် ကုန်ပစ္စည်းများဖလှယ်နိုင်မှု၊ နိုင်ငံရေးအရအပေးအယူများပြုလုပ်နိုင်မှုတို့အပေါ် မူတည်နိုင်ကြောင်း သူက ဆိုသည်။

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖယ်ကြဉ်မှုကို ခံထားရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည့်နည်းတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ကြိုးပမ်းလျက်ရှိရာ ရုရှားအကူအညီဖြင့် နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေးလည်း ပါဝင်သည်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားသို့ သုံးကြိမ်သွားရောက်ခဲ့သည့်နည်းတူ နျူကလီးယားနည်းပညာနှင့် ပတ်သက်၍ ၎င်း၏ဝန်ကြီးများကို နှစ်ကြိမ်ထက်မနည်း စေလွှတ်ခဲ့သည်။

နျူစွမ်းအင်စီမံကိန်းနှင့်ပတ်သက်၍ ပဏာမနားလည်မှုစာချွန်လွှာလက်မှတ်ထိုးပြီးနောက် ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်းမှ ပုဂ္ဂိုလ်များ နေပြည်တော်သို့ အကြိမ်ကြိမ်လာရောက်ခဲ့ကာ စစ်ကောင်စီတာဝန်ရှိသူများအပြင် ဝန်ကြီးဌာနဆိုင်ရာများနှင့် သီးသန့်ဆွေးနွေးပွဲများစွာ ပြုလုပ်ခဲ့သည်။

ရုရှားနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကနဦးလုပ်ငန်းစဉ်အဖြစ် ရန်ကုန်၊ လှိုင်မြို့နယ်အတွင်း နျူကလီးယားအသိပညာပေးစင်တာကို ၂၀၂၃ ဖေဖော်ဝါရီ ၆ တွင် ဖွင့်လှစ်ခဲ့သည်။

နျူသတင်းအချက်အလက်စင်တာသည် နျူကလီးယားဓာတ်ပေါင်းဖိုများ၊ နျူနည်းပညာအသုံးပြု အခြားအသုံးချနယ်ပယ်များနှင့် ပတ်သက်၍ အသိပညာဖြန့်ဝေခြင်းအပြင် လေ့ကျင့်သင်ကြားပေးခြင်းပါ ဆောင်ရွက်မည်ဖြစ်ကြောင်း Rosatom ကော်ပိုရေးရှင်း၏ ထိုစဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရုရှားသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို အကာအကွယ်ပေးနေသည့်နိုင်ငံဖြစ်သည်။ မိတ်ဆွေနည်းပါးသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု သတ်မှတ်ထားသည်။

Show More

Related Articles

Back to top button