သတင်း

စစ်ကောင်စီနှင့် နျူသဘောတူညီချက်တွင် လေ့ကျင့်သင်ကြားရေး ပါဝင်သည်ဟုဆို

ရုရှားနိုင်ငံသို့ အာဏာသိမ်းခေါင်းဆောင် ရောက်ရှိနေစဉ် ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း ROSATOM နှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ် ရေးထိုးလိုက်သည်။

သဘောတူညီချက်နှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် နျူကလီးယားစွမ်းအင်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေးအစီအစဉ် ပါဝင်ကြောင်း ROSATOM ဘက်က အကြောင်းပြန်သည်။

“နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းက လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေအတွက် ခိုင်မာတဲ့အုတ်မြစ်ဖြစ်ပါတယ်” ဟု ROSATOM က အီးမေးလ်မှတစ်ဆင့် တုံ့ပြန်သည်။​

အာဏာသိမ်းခေါင်းဆောင်သည် ဇူလိုင် ၁၀ ကတည်းက ရုရှားနိုင်ငံ ရောက်ရှိနေခြင်းဖြစ်ကာ နျူကလီးယားစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ROSATOM ညွှန်ကြားရေးမှူးချုပ်နှင့် စစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်တို့ ဇူလိုင် ၁၁ ရက်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း စစ်ကောင်စီဝန်ကြီးအချို့ ရုရှားကို ရောက်ရှိခဲ့စဉ်ကလည်း နျူကလီးယားနည်းပညာအသုံးပြုရေး ROSATOM တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။​

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်မြောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ နေပြည်တော်မှ ထွက်ခွာပြီး နှစ်ရက်အကြာမှသာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံတွင် တည်ဆောက်ထားသည့် ရွှေစည်းခုံပုံတူစေတီတွင် ယမန်နေ့က စိန်ဖူးတော်တင်ရာ နိုင်ငံအနှံ့ သတ်ဖြတ်မီးရှို့မှုများအတွက် အဓိကတာဝန်ရှိသည့် စစ်ခေါင်းဆောင်နှင့်အတူ စစ်ကိုင်းဒေသမှ သီတဂူဆရာတော် ဦးဉာဏိဿရ၊ ရှင်ဆေကိန္ဒိ စသည့် နာမည်ကြီးဆရာတော်များလည်း တွေ့ရသည်။​

အာဏာသိမ်းခေါင်းဆောင်၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း စစ်ရေးအရ ပို၍နက်နက်ရှိုင်းရှိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများကို ကိုးကား၍ ရုရှားသတင်းဌာနများက ရေးသားသည်။  

လက်ရှိခရီးစဉ်အတွင်း ရုရှားဘက်မှ ဒုကာကွယ်ရေး ဒုဝန်ကြီးသာ လက်ခံတွေ့ဆုံသည်ကို တွေ့ရသည်၊ ရုရှားသမ္မတ ပူတင်က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန် မရှိကြောင်းလည်း ရုရှားသတင်းများက ဆိုသည်။

မော်စကိုမြို့တွင် စစ်ခေါင်းဆောင်နှင့်အဖွဲ့ကို ရုရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းရောင်းချရေးကုမ္ပဏီ Rosoboronexport မှ တာဝန်ရှိသူများက လက်ခံတွေ့ဆုံကြောင်း၊ တာတာစတန်ပြည်နယ်သို့ ဆက်လက် သွားရောက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီမှာ တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ တင့်ကားများ အပါအဝင် အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများကို နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ တင်ပို့ရောင်းချနေပြီး မြန်မာနိုင်ငံတွင်လည်း ရုံးခွဲဖွင့်လှစ်ထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း တာတာစတန်ပြည်အနယ်အကြီးအကဲ နေပြည်တော်သို့ လာရောက်လည်ပတ်ရာတွင် မင်းအောင်လှိုင်က နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ဧည့်ခံခဲ့သည်။ 

မြန်မာ့အရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပဖိအားပေးမှုများ ပေါ်ထွက်လာချိန်တွင် အာဏာသိမ်းခေါင်းဆောင်၏ တိတ်တဆိတ် ရုရှားခရီးစဉ် ပေါ်ထွက်ခဲ့သည်။

မကြာမီရက်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆန့်ကျင်ဘက်အုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိအားပေးခဲ့သည့်နည်းတူ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေသတွင်းနိုင်ငံများအနေဖြင့် မြန်မာ့အရေး ဆက်လက်ဖိအားပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်က ခရီးစဉ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ရုရှားကို ကျေးဇူးတင်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button