အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ICC/ICJ ထောက်ခံကြောင်း လှုပ်ရှားသူနှစ်ဦး ၅၀၅ (က) ဖြင့် ဖမ်းဆီးအရေးယူခံရ 

တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံတကာကတရားစွဲဆိုမှုကို ထောက်ခံကြောင်း လှုပ်ရှားသူနှစ်ဦးကို ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူပြီး ပြည်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ 

ဖမ်းဆီးအရေးယူခံရသူနှစ်ဦးမှာ ပဲခူးတိုင်း ပြည်နှင့် နတ်တလင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူများဖြစ်ကြသည့် ဦးကျော်ဆန်းနှင့် ဦးသန့်စင်ထက်ဖြစ်ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ICJ နှင့် ICC ကဲ့သို့ နိုင်ငံတကာတရားရုံးများ၌ တရားစွဲဆိုခံထားရမှုကို လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ခြင်းကြောင့် တပ်မတော်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသူနှစ်ဦးက အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်မြို့၌ ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ပြီး ၎င်းတို့လုပ်ဆောင်ချက်သည် တပ်မတော်ကို အကြည်ညိုပျက်စေသည်ဆိုကာ ဗိုလ်မှူးဝေဖြိုးအောင်ဆိုသူက တရားလိုပြုလုပ်ကာ ပြည်မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

“အခုက ၂၇ (သတင်းစာရှင်းလင်းပွဲနေ့) နေ့ မကျင်းပရသေးဘူး။ ကျင်းပမယ်ဆိုတဲ့ စကားလေးနဲ့ ဖမ်းတယ်ဆိုတာ တရားမျှတမှု လုံးဝမရှိဘူး။ ခုချိန်ထိ ဒီမိုကရေစီအစစ်မရသေးဘူး အတုကြီး” ဟု ဦးကျော်ဆန်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

တရားရုံးက ဝရမ်းထုတ်ပေးသဖြင့် ဦးကျော်ဆန်းနှင့် ဦးသန့်စင်ထက်ကို ဖမ်းဆီးကာ ပြည်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက Myanmar Now ကို ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဦးကျော်ဆန်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ဦးသန့်စင်ထက်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲတွင် ၎င်းတို့နှစ်ဦးစလုံး ရှုံးနိမ်ခဲ့သည်။  

တိုင်းဒေသကြီးအသီးသီး၌ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၃၀ ဦးကို ဦးကျော်ဆန်းနှင့် ဦးသန့်စင်ထက်တို့က ဦးဆောင်စုစည်းကာ ICJ အမှုကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားသည့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကိုလည်း ဒီဇင်ဘာ ၂၂ တွင် ထပ်မံထုတ်ပြန်ခဲ့သည်။ 

နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းနေသော်လည်း တပ်မတော်၏ လုပ်ရပ်မှန်ကန်သည်ဟု လူအများထင်မြင်မည်စိုးသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဆန်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

အသက် ၅၅ နှစ်အရွယ် ဦးကျော်ဆန်းသည် ၁၉၉၉ တွင် ဒီမိုကရေစီလွှတ်တော်ခေါ်ယူပေးရန် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူ နောက်တစ်ဦးဖြစ်သည့် ဦးသန့်စင်ထက်မှာ နတ်တလင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ပြည်အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ဒီဇင်ဘာ ၃၀ တွင် ပြည်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။ 

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသည်။ ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့မှုတွင် ပါဝင်သည်ဆိုသော တပ်မတော်သား ၂ ဦးမှာလည်း နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) တွင် စစ်ဆေးခံနေရသည်။ 

တပ်ခေါင်းဆောင်များကို ICC သို့ ပို့ဆောင်ပေးရန် စာသားများဖြင့် ၂၀၁၉ သင်္ကြန်သံချပ်ထိုးခဲ့သည့် ‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့ဝင်များသည်လည်း တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ တရားရုံး ၆ ရုံးတွင် အသီးသီးစွဲဆိုခံခဲ့ရကာ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ 

“ဉာဏ်ပညာ အသိပညာ မရှိ၊ နာခံမှုနှင့် အမိန့်သာရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကို တန်းပို့ တန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကို ရှောင်၊ အိုင်စီစီကို ကြောက်တဲ့ဘဝ နေပြည်တော်က အဘ” ဟု သံချပ်ထိုးခဲ့ကြသဖြင့် တရားစွဲရခြင်းဖြစ်ကြောင်း တရားလို တပ်အရာရှိများက တရားရုံးအသီးသီးတွင် လျှောက်ထားခဲ့ကြသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button