အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေး

ယွမ်စျေး ကျပ် ၆၀၀ ကျော်လာ၊ မူဆယ်တွင် ငွေအရောင်းအဝယ်ရပ်နေ

မြန်မာငွေ တန်ဖိုးကျလာခြင်းကို မြန်မာ- တရုတ်နယ်စပ်တွင်လည်း သိသိသာသာ တွေ့လာရသည်၊ လုပ်ငန်းတချို့က တရုတ်ယွမ်ငွေကိုသာ လက်ခံသည်အထိ ကျပ်ငွေက အခြေအနေ ဆိုးလာသည်။

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ် ယွမ် ၁၀၀ လျှင် မြန်မာငွေကျပ် ၆၀,၀၀၀ ကျော်အထိ စံချိန်တင် ဈေးတက်နေ၍ ယနေ့ (မေ ၃၀) တွင် ငွေအရောင်းဈေးကွက် ရပ်တန့်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယခင်က တရုတ်ယွမ်ငွေ ၁၀၀ လျှင် ၂၀,၀၀၀ ကျော်သာ ရှိရာမှ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆက်တိုက် ပြောင်းလဲလာရာ ယခု မေလကုန်ပိုင်းတွင်  မူဆယ်မြို့အတွင်း တရုတ်ယွမ် တစ်ရာလျှင်  ကျပ် ၅၅,၀၀၀  မှ ၆၀,၀၀၀ ကျော်အထိ  တက်လာသည်ဟု မူဆယ်ဒေသခံ တစ်ဦးက Myanmar Now ကို ပြောသည်။

“မူဆယ်မှာ အရောင်းတွေပိတ်ကြပြီ။ တရုတ်ငွေစျေး အရမ်းတက်နေတော့ အများစုက ယွမ်ကို မရောင်းတော့ဘူး။ တစ်ခါမှ ၆၀,၀၀၀  ကျော်တဲ့အထိ မဖြစ်ဖူးဘူး။ ငွေကြေးဖောင်းပွတာပေါ့” ဟု သူက ဆိုသည်။ 

မူဆယ်မြို့တွင် တရုတ်ယွမ်နှင့် မြန်မာကျပ်ငွေ အလှဲအလှယ်ပြုလုပ်သည့် ဆိုင်အကြီးအသေးပေါင်း ၃၀ ကျော် ရှိပြီး ဆိုင်တချို့ကသာ ကျပ်ငွေ ၆၆,၀၀၀ အထိ ပေးမှသာ ယွမ် ၁၀၀ ကို ရောင်းပေးနေကြောင်း သူက ဆိုသည်။

လတ်တလောတွင်  နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအခက်အခဲများကြောင့် မြန်မာ ထုတ်ကုန်များ ပြည်ပ တင်ပို့မှု ကျဆင်းနေသောကြောင့် ရွှေစျေး၊ ဒေါ်လာစျေးများ ပြောင်းလဲသကဲ့သို့  ယွမ်စျေးလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။ 

ကျပ်ငွေ တန်ဖိုးကျလာခြင်းကြောင့် ကန့်သတ်မှုတချို့လည်း ပေါ်ပေါက်လာသည်။

 ယခုနှစ်အတွင်း ပုဂ္ဂလိကပိုင်စာသင်ကျောင်းတချို့က ကျောင်းစရိတ်အတွက် ငွေသွင်းရာတွင်  တရုတ်ယွမ်ငွေကိုသာ လက်ခံကြောင်း သိရသည်။

တရုတ်နှင့် ကုန်သွယ်မှု အများဆုံးရှိသည့် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းယူနိုင်ခဲ့သော်လည်း ကုန်သွယ်မှု ကျဆင်းနေဆဲ ဖြစ်သည်။ 

စစ်ဆင်ရေးမစမီ  နယ်စပ်တစ်လျှောက်မြို့များတွင် တရုတ်ယွမ်ငွေ ၁၀၀ လျှင် မြန်မာကျပ်ငွေ ၄၅၀၀၀ သာ ရှိခဲ့သည်။

စစ်တပ် အာဏာမသိမ်းမီ အရပ်သား NLD အစိုးရလက်ထက် မူဆယ်မြို့တွင် တရုတ်ယွမ်စျေး အဆမတန်မြင့်တက်လာပါက ငွေစျေးတည်ငြိမ်ရေးအတွက်ဟု ဆိုကာ ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှု ရှိခဲ့ပြီး လတ်တလော စစ်ကောင်စီတပ် ထိန်းချုပ်ထားချိန်တွင်မူ ဖမ်းဆီးမှုများ မရှိသေးပေ။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button