သတင်း

နမ့်ခမ်းမြို့ နယ်စပ်ဂိတ်အနီး SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLA ဖယ်ရှား

TNLA က ၎င်းတို့ ထိန်းချုပ်ထားသော နမ့်ခမ်းမြို့တွင် စခန်းချထားသော SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော် ကားပေါ် တင်ကာ မူဆယ်မြို့ဘက်သို့ ပို့ဆောင်လိုက်သည်။

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ နယ်စပ်ဂိတ်တစ်ခုအနီး နေရာယူထားသော  ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ယမန်နေ့ (မေ ၂၇) တွင် ဖယ်ရှား လိုက်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။ 

ဖယ်ရှားခံရသူများမှာ မြို့တောင်ဘက် ၂ မိုင်အကွာ ရွှေလီမြစ်အနောက်ဘက်ကမ်း နောင်တောင်းနယ်စပ်ဂိတ်အနီး ဝန်းကျင်၌ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်များ  ဖြစ်သည်။ 

TNLA က မြို့ကို သိမ်းပိုက်ပြီး  ၅ လ အကြာ ဧပြီ နောက်ဆုံးပတ်တွင် ထိုနယ်စပ်ဂိတ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ဖယ်ရှားစဉ်  ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ကုန်သည် အမျိုးသားတစ်ဦးက ဆိုသည်။  

“ဂိတ်မှာ အခွန်ကောက်နေတဲ့ SSPP တပ်ဖွဲ့တွေကို အကုန်လုံး ကားပေါ်တက်ခိုင်းပြီးတော့ ဖယ်ရှားလိုက်တာ။ အချင်းချင်းညှိနှိုင်းပြီး ဖြေရှင်းလိုက်တာ ကောင်းပါတယ်။ မဟုတ်ရင် ပြည်သူတွေပဲ ခံရမှာ” ဟု သူက ပြောသည်။ 

ဂိတ်အနီးရှိ နောင်မလုံ၊ နောင်ခမ်း၊ ကွန်ဟိုင်း၊ နောင်တင်း၊ ဟောင့်လုံ ကျေးရွာများတွင် SSPP တပ်ဖွဲ့ဝင်များက ဧပြီလဆန်းကတည်းက ရောက်ရှိလာခြင်း ဖြစ်သည် ဟု သိရသည်။  

ထို့နောက် ဧပြီလကုန်တွင် နောင်တောင်းနယ်စပ်ဂိတ်မှ ထွက်ခွာပေးရန် TNLA က SSPP ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သို့သော်လည်း SSPP ဘက်က ထွက်ခွာပေးခြင်းမရှိဘဲ ဆက်ကြေးကောက်ခြင်း ခေါ် အခွန်ကောက်ခံမှု ဆက်လက်ပြုလုပ်ခဲ့ကြောင်း ကုန်သည်များက ဆိုသည်။ SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကားကြီး၊ ကားငယ် ၁၀ စီးကျော်ဖြင့်  တင်ဆောင်ကာ မူဆယ်မြို့ဘက်သို့  ပို့ဆောင်လိုက်ကြောင်း ကုန်သည်များနှင့် ဒေသခံများအဆို အရ သိရသည်။

ထိုအခြေအနေအား ရှမ်းပြည်နယ်သတင်းများကို တင်ဆက်နေသည့် Shan News Burmese စာမျက်နှာတွင်လည်း ရုပ်သံဖိုင်နှင့်တကွ ဖော်ပြထားသည်။ 

ယခုနှစ် ဧပြီ ၂၄ က SSPP/SSA ဌာနချုပ်၌ ပြုလုပ်သော SSA တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနား တွင် တွေ့ရသော တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-SSPP Info)

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး  ပြောဆိုရန်မရှိသေးကြောင်း TNLA ဘက်က ဆိုသည်။  

SSPP ဘက်ကိုမူ  ဖုန်းဆက်သွယ်မရသေးပေ။

လက်ရှိတွင် နောင်တောင်းနယ်စပ်ဂိတ် ပုံမှန်လည်ပတ်နေပြီး TNLA တပ်ဖွဲ့တစ်ခုသာ နေရာယူထားသည်။

တပ်ဖွဲ့တစ်ခုကိုသာ အခွန်ဆောင်ရသောကြောင့် အခွန်အခ ပိုသက်သာလာကြောင်း ကုန်သည် နောက်တစ်ဦးက ပြောသည်။

SSPP သည် ယခင်က ရွှေလီမြစ်အနီး စစ်ရေးလှုပ်ရှားခဲ့သော်လည်း တပ်ရင်းတပ်ဖွဲ့များ အခြေချထားရှိခြင်း မရှိဘဲ ယခုလအနည်းငယ်အတွင်း ရွှေလီမြစ်တစ်လျှောက်က စက်လှေဆိပ်များအနီး အင်အားဖြည့်တင်းနေကြောင်း သိရသည်။ 

နောင်တောင်းနယ်စပ်ဂိတ်သို့ သွားရာလမ်းကြောင်းဖြစ်သည့် နမ့်ဆန်-နမ္မတူ- မန်တုံ-နမ့်ခမ်းမြို့အကြား TNLA တစ်ဖွဲ့ ကသာ ထိန်းချုပ်ထားပြီး တရုတ်နယ်စပ်ဂိတ်ရောက်မှသာ TNLA အကောက်ခွန်ဌာနက အခွန်ကောက်ခံနေသည်။  

ကမ္ဘာကျော် နမ္မတူဘော်တွင်းသတ္တုတွင်းမှ သတ္တုရိုင်း၊ သတ္တုအချောထည်၊ နမ့်ခမ်းမြို့နယ်မှ တန်ဖိုး ကြီး ဆီလီကွန်ကျောက်၊ ပြောင်းဖူး၊ ကျွန်းသစ်၊ ဒေသတွင်းထုတ်လုပ်သည့် မီးသွေး စသည်တို့ကို တရုတ်နိုင်ငံဘက်သို့ တင်ပို့ရာတွင် ထိုဂိတ်ကို အသုံးပြုနေသည်။

မြန်မာဘက်သို့ ဝင်လာသည့် ကုန်များမှာ ဘိလပ်မြေ၊ မြေအုတ်စသည့် အိမ်ဆောက်ပစ္စည်းများ    ဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်သော “၁၀၂၇” စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA က မြို့ ၇ မြို့၊ ကိုးကန့်တပ် (MNDAA) က ၇ မြို့ သိမ်းပိုက်ရရှိထားသည်။

 ရှမ်းမြောက်ဒေသတွင်း လှုပ်ရှားပြီး စစ်ရေးနိုင်ငံရေးအရ မဟာမိတ်များဖြစ်ကြသော ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင် SSPP, ကချင်လွပ်လပ်ရေးတပ်မတော် (KIA) တို့နှင့် ဆက်ဆံရေး တင်းမာနေကြသည်။  

ထိုအဖွဲ့များ အားလုံးသည် စစ်ရေးမဟာမိတ်များဖြစ်ကြသလို လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) တွင် အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။ 

FPNCC တပ်ပေါင်းစုတွင် ထိုအဖွဲ့များအပြင် ‘ဝ’ တပ် UWSA,  ရခိုင်တပ် AA,   မိုင်းလား အခြေ စိုက်တပ် NDAA တို့လည်း ပါဝင်သည်။

Show More

Related Articles

Back to top button