အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

နေပြည်တော်၌ ရွေးကောက်ပွဲစရိတ် အသုံးအများဆုံးစာရင်းတွင် ပြည်ခိုင်ဖြိုးဦးဆောင်

နေပြည်တော်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက် အနိုင်ရလဒ် ၁၀ ရာခိုင်နှုန်းသာရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအသုံးစရိတ် အများဆုံးသုံးသူစာရင်းတွင် ဦးဆောင်လျက်ရှိသည်။ 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦး၏ စုစုပေါင်းရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲအသုံးစရိတ် အများဆုံး ၁၀ စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၆ ဦးအထိ ပါဝင်နေသည်။ 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၈ ခုတွင် ပါတီစုံနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅၅ ဦးဝင်ပြိုင်ခဲ့သည့်အနက် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ နီးပါးသုံးစွဲခဲ့သူ ထိပ်တန်းစာရင်းတွင် ဇေယျာသီရိမြို့နယ်တွင် အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်သည်။ 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်ခုအတွက် ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးက ကျပ်သိန်း ၉၀ ကျော်နှင့် ကျပ်သိန်း ၇၀ ကျော် သုံးစွဲပြီး အသုံးရိတ်အများဆုံးစာရင်းတွင် အမှတ်စဉ် ၁နှင့် ၃၌ ရပ်တည်နေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်ခိုင်ဖြိုး၏ အဓိကပြိုင်ဘက် NLD ကိုယ်စားလှယ်များထဲတွင် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသည့် ဦးကျော်ထွေးက ကျပ် ၇၈ သိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစရိတ် အများဆုံးသုံးသူစာရင်းတွင် နံပါတ် ၁၁ နေရာ၌ရှိသည်။ 

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ခဲ့ကြသည့် အာဏာရပါတီမှ အခြားကိုယ်စားလှယ် ၇ ဦးသည်လည်း အဆင့် ၁၂ မှ ၂၄ အတွင်း ရှိနေပြီး ကျပ်သိန်း ၇၀ မှ ၈၀ နီးပါးအထိ သုံးစွဲထားကြသည်။

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ပြီး ကုန်ကျစရိတ်အများဆုံးသုံးစွဲထားသူမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တပ်ကုန်းမြို့နယ်တွင် ဝင်ပြိုင်သည့် ဦးမြင့်ဦးဖြစ်ပြီး အသုံးစရိတ် ကျပ် သိန်း ၁၀၀ နီးပါးရှိသည်။

ပြည်သူ့ပါတီမှ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ဦးစိန်ဝင်းမှာမူ သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီ အသုံးစရိတ်ရှင်းတမ်းပေးပို့ခြင်းမရှိ၍ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာထားသည်။

ထို့ကြောင့် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ လာမည့်လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပေ။ 

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ကြသူများထဲတွင် တစ်သီးပုဂ္ဂလ ဦးမျိုးမင်းက စရိတ်အနည်းဆုံးဖြစ်ပြီး ကျပ် ငါးသိန်းနီးပါးသာ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်သုံးစွဲထားကြောင်း တွေ့ရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲစရိတ် အများဆုံးသုံးသူစာရင်း၏ အမှတ်စဉ် ၄နှင့် ၅တွင် ကျပ် ၇၂ သိန်းထက်ပိုမသုံးထားသည့် အနိုင်ရ NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက ရပ်တည်နေသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်နေရာတွင် ဝင်ပြိုင်ကြသူများအနက် ကုန်ကျစရိတ်အနည်းဆုံးမှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁၂နေရာတွင် ဝင်ပြိုင်သည့် ဦးကိုကြီးဖြစ်ပြီး ကျပ် ၇ သိန်းကျော်သာ သုံးစွဲထားသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် အသေးစိတ် အသုံးစရိတ်ရှင်းတမ်းများအရ နေပြည်တော်တွင် ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများမှာ ပါတီစိုက်ထုတ်ငွေ၊ ကိုယ်ပိုင်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေကို အဓိကထားသုံးစွဲကြောင်းတွေ့ရသည်။

အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို လေ့လာရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ အသုံးစရိတ်ထဲတွင် ပါတီမှ စိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ထက်ဝက်ခန့်စီ ကျခံသုံးစွဲထားကြောင်းတွေ့ရသည်။

NLD  ကိုယ်စားလှယ်များမှာမူ ပါတီထောက်ပံ့ငွေ၊ ကိုယ်ပိုင်စိုက်ထုတ်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေ ထက်ဝက်ခန့်စီဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကျခံသုံးစွဲခဲ့ကြောင်း စာရင်းရှင်းတမ်းများတွင် တွေ့ရသည်။

နေပြည်တော်၌ ဝင်ပြိုင်သည့် NLD ကိုယ်စားလှယ်လောင်းများကို ပျဉ်းမနားမြို့မျက်နှာဖုံး စိုးလျှပ်စစ်လုပ်ငန်းရှင် ဦးကျော်မင်းထွန်းက ကျပ်သိန်း ၂၀ စီလှူဒါန်းခဲ့ကြောင်း အသုံးစရိတ်ရှင်းတမ်းများတွင် ပါဝင်သည်။

ရွေးကောက်ပွဲအသုံးစရိတ် စိစစ်နိုင်မှု 

ကိုယ်စားလှယ်လောင်းအသီးသီး၏ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် အကြောင်းကြားပြီးဖြစ်သည်ဟု ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်စိုးဝင်းက Myanmar Now ကိုပြောသည်။

“စာရင်းဇယားမှန်၊ မမှန်၊ သတ်မှတ်ပုံစံကျမကျ၊ လိုအပ်တဲ့စာရွက်စာတမ်းပြေစာသွင်း၊ မသွင်း၊ သုံးထားတဲ့စာရင်းနဲ့ ပြေစာတွေကိုက်မကိုက် အဲဒါကို အဓိကစိစစ်ပါတယ်။ မြေပြင်မှာ သုံးသလား၊ မသုံးလားထိတော့ ကျွန်တော်တို့ မစိစစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကမူ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကိုယ်စားလှယ်လောင်းများ၏ အသုံးစရိတ်များကို စိစစ်သည့်လုပ်ငန်းစဉ်အတွင်း ကြပ်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ လုပ်နိုင်စွမ်းများမြှင့်တင်ရန် လိုအပ်နေသေးကြောင်း သုံးသပ်သည်။

“အလှူငွေတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေထဲမှာ သေချာပြောထားတာ မရှိသေးဘူး။ အဲဒါတွေ အသေးစိတ်သိရရင် ပိုပြီးလေ့လာစောင့်ကြည့်နိုင်တာပေါ့။ နောက်တစ်ခုက အခုရွေးကောက်ပွဲမှာ ခေတ်စားလာတာပေါ့၊ ဝန်းရံသူဆိုတဲ့ကိစ္စ၊ အဲဒီအသုံးစရိတ်တွေကို မစိစစ်နိုင်ဘူး။ တင်လာတဲ့ ပြေစာတွေ စာရင်းကိုက်မကိုက်လောက်ပဲ လုပ်နိုင်တာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် ၈၊ အမျိုးသားလွှတ်တော် ၂၊ စုစုပေါင်း ၁၀ နေရာ ယှဉ်ပြိုင်ရွေးချယ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးတစ်ဦးတည်းသာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်များ၌ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသာ အနိုင်ရခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles