နာမည်ကျော် ငပလီကမ်းခြေရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် အာရက္ခတပ်တော် (AA) ကို ရင်ဆိုင် တိုက်ခိုက်စဉ် လေတပ်နှင့် ရေတပ်က ပစ်သည့် လက်နက်ကြီးကျည်များ တိုက်ပွဲအနီးရှိ လူနေကျေးရွာများကို ထိမှန်ရာ ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေ ၁၈ ရက်နေ့တွင် မြို့မြောက်ဘက် ၉ မိုင်ခန့်အကွာ နတ်တောင်မော်ကျေးရွာကို လေတပ်က ဗုံးကြဲရာ အရပ်သား ၉ ဦး သေဆုံးခဲ့သလို ယနေ့ (မေ ၂၀) နံနက်တွင်လည်း သဗြုချိုင်၊ ကွင်းဝိုင်းရေတပ်စခန်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ခမောင်းတုန်းရွာ အနောက်ဘက် စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲကာ ၈ နှစ်အရွယ် မောင်ဘိုအောင်တင် ပွဲချင်းပြီးသေဆုံးသည်၊ ၆ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရသွားကြောင်း ထိုဒေသအကြောင်း အထူးပြုတင်ဆက်သော သတင်းဌာနများတွင် ဖော်ပြထားကြသည်။
ရပ်ရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အသေးစိတ်မသိရသေးသလို စစ်တပ်ကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
သံတွဲ-တောင်ကုတ်လမ်းမပေါ်ရှိ နတ်တောင်မော်ကျေးရွာပေါ် မေလ ၁၈ ရက် နံနက်တွင် ဖြတ်သန်းသွားသည့် စစ်လေယာဉ်တစ်စီးက ထိုရွာရှိ လူအုပ်ကို တိုက်ခိုက်သဖြင့် သေဆုံးသူ များရခြင်းဖြစ်သည်ဟု သိရကြောင်း သံတွဲမြို့ခံများက ပြောကြသည်။
“လေယာဉ်က ရွာကို ကျော်သွားပြီးတော့မှ ပြန်လှည့်လာပြီးတော့ လူအုပ်ကို ပစ်တာ၊ ရွာထဲမှာ သေတဲ့လူလည်း ရှိတယ်။ ဆေးရုံပို့ဖို့ ခေါ်သွားချိန် သေတဲ့လူလည်းရှိတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုအတွင်း ပွဲချင်းပြီး သေသူ ၆ ဦး၊ သံတွဲဆေးရုံသို့ ပို့ဆောင်သည့်လမ်းတွင် သေဆုံး သူ ၃ ဦး ရှိခဲ့သည်။
“အကုန်လုံးတော့ အမျိုးသားတွေပဲ။ အသက်အရွယ်တော့ မသိဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဆုံးသွားတာ” ဟု သံတွဲဒေသခံ နောက်တစ်ဦးက ဆိုသည်။
“ခြေတွေ၊ လက်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာ။ ဒဏ်ရာရသူတွေကို ဆေးခန်းပို့ဖို့က အတော်ခက်ခဲခဲ့ပြီးတော့ ဒဏ်ရာတွေက သွေးလွန်ပြီးသေဆုံးတဲ့အထိ ဖြစ်ကုန်ကြတယ်။ မြို့ပေါ်ကနေ (လူမှုကူညီရေး) အသင်းကားတွေ သွားမယ်ဆိုတော့လည်း (စကစ) စစ်ဆေးရေးဂိတ်တွေက ရစ်နေကြတော့ အမြန်မသွားနိုင်ခဲ့ကြဘူး”
လေတပ်၊ ရေတပ်တို့က တိုက်ခိုက်ခဲ့သည့် ထိုကျေးရွာတို့သည် ရွှေလှေတိုက်နယ်အတွင်း တည်ရှိသည်၊ မေ ၉ ရက်နေ့ကတည်းက ထိုနေရာများအနီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
AA ၏ ထိုးစစ်သည် ပြည်နယ်တောင်ပိုင်းသို့ ရွေ့လျားလာရာ သံတွဲ-တောင်ကုတ် ကားလမ်းပေါ်ရှိ ရွှေလှေတိုက်နယ်ကျေးရွာများအနီး ဧပြီလ ဒုတိယပတ်ကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး သံတွဲမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ သူဌေးချောင်းပေါ်တွင် ရှိသော သူဌေးရေအားလျှပ်စစ်စီမံကိန်းပါ ရပ်ဆိုင်းနေသည်။
မေ ၁၈ ရက်တွင် နံနက် ၅ နာရီခွဲကတည်းက သံတွဲမြို့နယ် ရွှေလှေကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားနေရာ ထိုနေ့တစ်နေ့လုံး သံတွဲမြို့နှင့် မိုင် ၂၀ ကျော်ခန့်ဝေးသည့် မောင်ရွှေလေးရွာအနီးရှိ ရေတပ်စခန်းနှင့် မြို့ပြင်ရှိ ဘားတန်းတောင်ဟု ခေါ်သည့် စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီး ပစ်ကူခဲ့သည်။
ထိုတိုက်ပွဲများဖြစ်ရာနေရာအနီး နတ်တောင်မော်ရွာကိုပါ လေယာဉ်က ဗုံးကြဲသွားခြင်း ဖြစ်သည်။
AA ထိုးစစ် ရွေ့လျားလာသော သံတွဲမြို့နယ်
မေ ၁၈ ရက်နေ့ကတည်းက ထိုရွာများနှင့် မနီးမဝေးတွင် တည်ရှိသော လင်းသီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံနေရသဖြင့် ဒေသတွင်း စစ်ရေးပြင်းထန်နေသည်။ သံတွဲမြို့မြောက်ဘက် ၁၀ မိုင်ကျော် ကွာဝေးသော အဆိုပါ လင်းသီကျေးရွာတွင် မေ ၁၄ ရက် ညက လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး အရပ်သား ၉ ဦး သေဆုံးခဲ့သည်။
အရပ်သားများကို ပစ်ခတ်မှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း စစ်တပ်၏ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။
ရွှေလှေကျေးရွာ တိုက်ပွဲအပြီးတွင် AA က ရည်ရွယ်ချက်ရှိရှိ အရပ်သားများကို ပစ်ခတ်ခြင်း ဖြစ်သည်ဟု မေ ၁၅ ရက်စွဲတပ် ထုတ်ပြန်ချက်တွင် စစ်တပ်က ရေးထားသည်။
သံတွဲဒေသခံ ၃ ဦးကမူ ထိုပစ်ခတ်မှုမှာ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်သည်ဟု ထိုစဉ်က ပြောထားကြသည်။ ထိုရက်များအတွင်း သံတွဲအပါအဝင် ကျောက်တော်၊ မောင်တောတို့တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦး ရှိခဲ့သည်။
လင်းသီရွာအနီးရှိ စစ်တပ်စခန်းများကို AA က ရရှိထားပြီးဖြစ်ကြောင်း သံတွဲဒေသခံတို့က ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော လင်းသီရွာခံ ၃၀ ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကူညီပေးခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးလာကြတာပါ။ တိုက်ပွဲအခြေအနေကိုတော့ ကျွန်တော်တို့မသိပါ။ ရွာသူရွာသားတွေ ထွက်ပြေးလာနေတာက ၅ ရက် ၆ ရက်လောက် ရှိပြီ။ သူတို့ဆွေမျိုးတွေရှိတဲ့ ရွာတွေကို လိုက်ပို့ရတာပါ” ဟု သူက ဆိုသည်။
တောင်ကုတ်နှင့် ထိစပ်နေသော သံတွဲမြို့နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့ခံအများစုက တိမ်းရှောင်ရန် ပြင်ဆင်နေကြသော်လည်း နေရပ်စွန့်ခွာနိုင်ခြင်း မရှိဟု ဆိုကြသည်။
“လေကြောင်းလိုင်းတွေကလည်း လာမဲ့ ၁ ရက်နေ့အထိ ခရီးသည်ပြည့်နေတယ်တဲ့။ ကုန်းလမ်းက သွားမယ်ဆိုတော့လည်း တပ်ဂိတ်တွေက အရမ်းရစ်လို့ ထွက်ဖို့မလွယ်ဘူး။ လဝကက ရစ်တယ်။ စစ်သားတွေက လူငယ်တွေဆို ခေါင်းပေါ် လက်တင်ထားတို့ဆိုတာမျိုး လုပ်တယ်” ဟု မြို့ခံအမျိုးသား နောက်တစ်ဦးက ပြောသည်။
လေယာဉ်လက်မှတ် ပေါက်ဈေး ကျပ် ၁၆၀၀၀၀ ကျော် ဖြစ်သော်လည်း ကျပ် ၂၁၀,၀၀၀ အထိ ပေးနေရပြီး၊ ကျန်းမာရေးကိစ္စတစ်ခုတည်းအတွက်သာ ထွက်ခွာခွင့်ပြုသည်ဟု သိရသည်။
စစ်ကောင်စီသည် AA ထိန်းချုပ်ထားသော ဒေသများရှိ ဆေးရုံ၊ ကျောင်း၊ ဈေးများနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာတွင်လည်း အရပ်သားပစ်မှတ်များကိုပါ လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်တပ်များဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်။
ယမန်နေ့ နံနက် ၁၀ နာရီခွဲကလည်း မောင်တောမြို့နယ်၊ သရေကုန်းဘောင်ရွာကို လေယာဉ်တစ်စီးက နှစ်ကြိမ် ဗုံးကြဲခဲ့၍ စစ်ရှောင်ရောက်နေသော မောရဝတီရွာမှ ဦးစိန်လှဖြူ (၆၄ နှစ်) သစ်တောရွာမှ ဦးမောင်ဆိုး (၄၄ နှစ်) တို့ ထိခိုက်ဒဏ်ရာရခဲ့သည်။ ကျေးရွာဆေးခန်းနှင့် လူနေအိမ် ၄ လုံး ပျက်စီးခဲ့သည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် AA က ၉ မြို့နယ်ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။