ရခိုင်ပြည်နယ် သုံးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၁၃ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရကြကြောင်း ဒေသခံများထံမှ သိရသည်။
မေ ၁၅ ရက်နေ့ နံနက် ၁ နာရီ မထိုးမီ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲခံရစဉ် လူနာများ၊ ဆေးရုံဝန်ထမ်းများ စုစုပေါင်း ၁၂ ဦးခန့် ဒဏ်ရာရသွားကြောင်း ကနဦးသိရသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော် (AA) ကလည်း ထိုတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့ကြောင်း၊ လူ ၂၀ ထက်မနည်း ဒဏ်ရာရသွားပြီး ထိုအထဲမှ ၅ ဦး ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်သည်။
တိုက်ပွဲနှင့်မသက်ဆိုင်သော ဆေးရုံ၊ ဈေး စသည့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည်ဟု AA က ဖော်ပြထားသည်။
သေဆုံး၊ ဒဏ်ရာရသူများအခြေအနေနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် အသေးစိတ် မသိရသေးပေ။
AA ထိန်းချုပ်နယ်မြေတွင် ပြည်သူများ လွတ်လွတ်လပ်လပ်နေထိုင်ခြင်း မပြုနိုင်စေရန် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်၊ လေကြောင်းမှ ဗုံးကြဲနေခြင်း ဖြစ်ကြောင်း ကျောက်တော်မြို့မှ အထက်ပါ ဒေသခံက မှတ်ချက်ပြုသည်။
“အာရက္ခပြည်သူ့အစိုးရ ထိန်းသိမ်းထားတဲ့ဧရိယာမှာ လွတ်လွတ်လပ်လပ်နေလို့မရအောင် အမြဲတမ်း သူတို့ကို စိုးရိမ်စိတ်တွေရှိနေအောင်၊ အမြဲတမ်းစိုးရိမ်သောကနဲ့ရှိနေအောင် အဲလိုလာလုပ်နေတာလို့ ကောက်ချဆွဲလို့ ရပါတယ်” ဟု ၎င်းက ပြောသည်။
မေ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ် ကင်းချောင်းရွာ လေကြောင်းမှ ဗုံးကြဲခံရသည်၊ သံတွဲမြို့နယ်တွင်လည်း ရေတပ်နှင့် အခြေစိုက်တပ်တို့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁ ဦးထက်မနည်း ရှိခဲ့သည်။
စစ်ကောင်စီက ဗုံးကြဲမှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိပေ၊ ယခင်ထုတ်ပြန်ချက်များတွင်မူ ၎င်းတို့က ပြည်သူများကို အကာအကွယ်ပေးနေကြောင်း ဖော်ပြတတ်သည်။
သံတွဲ၊ လင်းသီကျေးရွာ လက်နက်ကြီး ပစ်ခတ်ခံရ
ယမန်နေ့ (မေ ၁၄) ည ၈ နာရီခန့်က သံတွဲမြို့နယ်၊ လင်းသီကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲရာ အရပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး ၃ ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်၊ နောက်ပိုင်းတွင် သေဆုံးသူအရေအတွက် ပိုများလာသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးကျည်ကျပြီးတော့ ပွဲချင်းပြီး ၇ ယောက်သေတယ်။ ဒဏ်ရာရသူ ၃ ယောက်ကို ဆေးရုံကို ပို့လိုက်တယ်။ လူမှုကူညီရေးအဖွဲ့တွေ လာကတည်းက နှစ်ယောက်က ဆုံးနေပြီ။ နောက်တစ်ယောက်ကျတော့ လက်တစ်ဖက်ပြတ်တယ်။ ခြေထောက်တွေမှာ ဒဏ်ရာရထားတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်မျိုးနွယ်စုဝင် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသည့် ကမန်တိုင်းရင်းသားအများစုနေထိုင်သည့် ထိုရွာတွင် သေဆုံးသူများမှာ ဦးညီလေး (၄၇ နှစ်)၊ မငယ်လေး (၂၅ နှစ်)၊ အပုလေး (၂၁ နှစ်)၊ မလေး (၂၆ နှစ်)၊ မမေပု (၂၇ နှစ်)၊ ဦးမောင်တင်ညွန့် (၄၅ နှစ်) နှင့် ဒေါ် မမေလီရန် (၇၅ နှစ်)၊ ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၆၀ အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ လက်ပြတ်သွားပြီး ကုသမှုခံယူနေရသည့် အမျိုးသမီးမှာ အသက် ၅၀ အရွယ်ဖြစ်ကြောင်း သိရသည်။
“လက်နက်ကြီးက အိမ်တည့်တည့်ကို ကျတာ။ အိမ်တစ်အိမ်က မိသားစုငါးယောက်သေတယ်။ နောက်တစ်အိမ်က နှစ်ယောက် သေတယ်။ ဒဏ်ရာရသွားတဲ့သူတွေကို ဆေးရုံကို ခေါ်လာတယ်။ အဲဒီမှာ ထပ်သေတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
သံတွဲဒေသခံသုံးဦး၏ အဆိုအရ ထိုပစ်ခတ်မှုမှာ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်သည်ဟု သိရသည်။
သံတွဲမြို့နှင့် မိုင် ၂၀ ကျော်ခန့်ဝေးသည့် မောင်ရွှေလေးရွာအနီးရှိ ရေတပ်စခန်းက လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ကာ မြို့ပြင်ရှိ ဘားတန်းတောင်ဟုခေါ်သည့် စစ်ကောင်စီတပ်စခန်းက လက်နက်ကြီး တစ်ပြိုင်နက်တည်း ပစ်ခဲ့သည်ဟု ဆိုသည်။
“မီးလုံးလေးတွေလို မြင်ရတယ်။ ကျွန်မတို့ ထွက်ကြည့်နေသေးတယ်။ မောင်ရွှေလေး (ရွာ) နဲ့ လင်းသီနဲ့ ဆိုရင် မိုင် ၄၀ လောက် ဝေးတယ်။ အတွဲလိုက်ဒုံးတွေနဲ့ပစ်တာ” ဟု အနီးအနားရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
သံတွဲမြို့မြောက်ဘက် ၁၈ မိုင်အကွာ လင်းသီရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရာနှင့်ချီ ရှိနေသည်၊ အာရက္ခတပ်တော် (AA) ၏ ဝိုင်းရံပိတ်ဆို့မှုခံနေရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ကလည်း AA တပ်ဖွဲ့ဝင်များ ရှိနေသည်ဟု ယူဆသည့်နေရာများကို လက်နက်ကြီးဖြင့် လှမ်းပစ်နေသည်။
ကျည်ဆန်များက အရပ်ဘက်ပစ်မှတ်ကိုသာ ထိခိုက်သည်ဟု အခြားသံတွဲဒေသခံတစ်ဦးက ပြောသည်။
“(စစ်ကောင်စီတပ်သားတွေ) လင်းသီရွာထဲမှာ မူးရူးချက်ပြုတ်စားသောက်တာပေါ့။ ရွာသားတွေက စစ်ဖြစ်နေလို့ ပြောင်းရွှေ့ဖို့လည်းမရဘူး။ ပြောင်းရွှေ့ရင် အိမ်မီးရှို့မယ်လို့ ပြောတယ်တဲ့။ တကယ်က မနေ့က လင်းသီကို ပစ်တာ မဟုတ်ဘူး။ (AA ရှိတဲ့) ဟိုဘက်ကို ပစ်တာ။ အဲဒီကို မရောက်တာပေါ့။ ဒါတွေက ကွက်တိပစ်လို့မှ မရတာကြီးကို” ဟု ၎င်းက ဆိုသည်။
ယနေ့ (မေ ၁၅)၊ နံနက် ၅ နာရီခန့်မှစ၍ လင်းသီရွာအနီးတွင်သာမက သံတွဲနှင့် ၈ မိုင်ခန့်အကွာ ရေစင်ရွာအနီးတို့တွင်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
မောင်တော လေကြောင်းတိုက်ခိုက်မှု
ယမန်နေ့ တစ်ရက်တည်းမှာပင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်၊ ကင်းချောင်းရွာကို လေတပ်က တိုက်ခိုက်ရာ ၄ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့သည်ဟု သိရသည်။
မွန်းတည့်ချိန်ခန့်တွင် စစ်ကောင်စီလေယာဉ်တစ်စီးက ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကင်းချောင်းရွာနေ ကိုဘိုကျော် (၃၄ နှစ်)၊ မနွယ်နွယ် (၂၁ နှစ်)၊ စစ်ရှောင်ရောက်နေသော ဒေါ်စိန်နု (၇၅ နှစ်)၊ ဒေါ်သိန်းညွန့် (၃၃ နှစ်) တို့ သေဆုံးခဲ့သည်။
ဒေါ်အေးနုမြိုင် (အသက် ၅၀)၊ သမီးဖြစ်သူ မချိုချိုဝင်း (၂၈ နှစ်)၊ တခြားရွာမှ အမျိုးသား၂ ဦးတို့ ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းသတင်းများ တင်ဆက်နေသော အာရက္ခမင်းသမီးမီဒီယာတွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြထားသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
မောင်တောနှင့် ဘူးသီးတောင်ရှိ စစ်တပ်စခန်းများကို AA က ဆက်လက် တိုက်ခိုက်နေပြီး ထို ၂ နေရာ ရပါက ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကို AA က ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
မြို့တော် စစ်တွေကို သိမ်းနိုင်လျှင်လည်း ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး AA လက်အောက် ကျရောက်သွားမည်ဖြစ်သည်။
စစ်ကောင်စီသည် AA ထိန်းချုပ်ထားသော ဒေသများရှိ ဆေးရုံ၊ ကျောင်း၊ ဈေးများနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာတွင်လည်း အရပ်သားပစ်မှတ်များကိုပါ လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်တပ်များဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်။
မေ ၈ နံနက်ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့စျေးကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိသွားသည်။
ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက်နေသောလုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ် ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်သည်ဟု AA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနေဖြင့်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်သည်ဟု ပါရှိသည်။
ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။