ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့စျေးကို ယနေ့ (မေ ၈ ) နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ကျောက်ဖြူမြို့အရှေ့တောင်ဘက် မိုင် ၃၀ ကျော်အကွာရှိ ထိုမြို့ကို ဒရုန်းနှစ်စီးဖြင့် ဗုံး ၆ လုံး ကြဲချခဲ့သည်၊ အသက် ၃၀ အရွယ် ထိုအမျိုးသမီး ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရာ လမ်းတွင် သေဆုံးသွားသည်ဟု မျက်မြင်သက်သေ စနဲဒေသခံတစ်ဦးက ပြောသည်။
ထိုအမျိုးသမီးမှာ စနဲမြို့စျေးတွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားခြင်းဖြစ်ပြီး ၎င်းမှာ အသက် ၃ နှစ်အရွယ် သမီးငယ်တစ်ဦးကျန်ရှိလိုက်ပြီး လင်ယောကျ်ားဖြစ်သူလည်း ဗုံးစထိမှန်ကာ ဒဏ်ရာရသွားသည်ဟု ဆိုသည်။
“ပထမတစ်လုံးချတဲ့အခါ စာတိုက်ကို ကျတယ်။ ဆိုတော့ သေသွားတဲ့အမျိုးသမီးက ‘ဖေဖေ ကလေးကို ယူပြီး ပြေးတော့’ လို့ ပြောတော့ မြေးအဘိုးနှစ်ယောက် ပြေးသွားတယ်။ သူတို့လင်မယားနှစ်ယောက်ကတော့ ဆိုင်ခန်းကို သိမ်းနေတာမှာ သူ့ကို ကျတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။
ဒဏ်ရာရရှိသူ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးတို့၏ အမည်၊ အသက် အသေးစိတ်ကို မသိရှိရသေးပေ။
နံနက်ပိုင်းဗုံးကြဲမှုကြောင့် ဆိုင်ခန်း ၄ ခန်း ပျက်စီးသွားသည်၊ မွန်းလွဲ ၁ နာရီကျော်ကလည်း ယင်းနေရာကို ဒရုန်းဖြင့် ဗုံးထပ်မံလာကြဲသဖြင့် ဆိုင်ခန်းတစ်ခန်းပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒရုန်းတစ်စီးမှာ ဗုံးတစ်လုံးစီးပါတာ မြင်တယ်။ အားလုံးမြင်ရတယ်။ ချတာကိုလည်း မြင်ရတယ်။ ဒရုန်းနှစ်စီး။ တစ်စီးက ချပြီးပြန်သွားတယ်။ နောက်တစ်စီးက ငါးမိနစ်လောက်ဆို ပြန်လာပြီး ချတယ်။ ကင်းထောက်တစ်စီး ပါတယ်။ အဲဒါကတော့ မပစ်ဘူး။ ကျန်နှစ်စီးကပဲ ပစ်တာ” ဟု သူက ဆိုသည်။
ဗုံးကြဲပြီးနောက် ထိုဒရုန်းများသည် စနဲမြို့နှင့် ၇ မိုင်ခန့်အကွာ မဒေးကျွန်းအနီးရှိ မြစ်ထဲတွင် ရပ်နားထားသည့် စစ်ရေယာဉ်များထံသို့ ပျံသန်းသွားသည်ဟု ဆိုသည်။ လက်ရှိတွင် စနဲဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြပြီဟု သိရသည်။
“သူတို့ (စစ်ကောင်စီ) ကို ပြောလို့ ဘယ်တော့ပြောပြီးမလဲ။ သူတို့ အရင်သေရင် အရင်အေးချမ်းမှာပဲ။ သူတို့မှာလည်း စွန့်လို့လုပ်နေတာ။ မထူးဇာတ်ခင်းနေတာ” ဟု သူက ဆိုသည်။
အရပ်သားများရှိသည့် ဆိုင်ခန်းများ ပစ်မှတ်ထား တိုက်ခိုက်ရသည့်အကြောင်းရင်းကို မသိရသေးပေ။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။ အရပ်သားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်တပ်က ၎င်းတို့၏လက်ချက် မဟုတ်ကြောင်း ရံဖန်ရံခါ သတင်းထုတ်ပြန်လေ့ရှိသည်။
ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကိုလည်း မေ ၆ ရက် နံနက်တွင် လေတပ်က ဗုံးကြဲသဖြင့် ရဟန်းတစ်ပါး အပါအဝင် ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်။
စစ်တွေ၊ ကျောက်ဖြူရှိ ဒေသခံများ လွတ်မြောက်နယ်မြေများသို့ ထွက်ခွာရန် အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၁ တွင် တိုက်တွန်းလိုက်ပြီးနောက် စစ်ကောင်စီက သွားလာခွင့် ပိုမိုတင်းကျပ်ထားသည်။
ထိုသို့ ပိတ်ဆို့နေသည့်ကြားမှာ ဒေသခံများသည် နည်းလမ်းအဖုံဖုံဖြင့် စစ်ဘေးရှောင်နေကြသဖြင့် မြို့တွင် လူအနည်းစုသာ ကျန်ရှိတော့သည်ဟု သိရသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ဆက်လက်တိုက်နေသည်။
ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ ရှိနေသော ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီလဆန်းမှ စတင်၍ တိုက်ပွဲ ရံဖန်ရံခါ ဖြစ်ပွားလာသည်။
ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်အကြား တည်ရှိသော စနဲမြို့သည် ၂၀၁၈ ခုနှစ် အစိုးရစာရင်းများအရ အိမ်ခြေ ၁၀၀၀ ကျော် ရှိကာ လူဦးရေ ၄၅၀၀ ကျော် နေထိုင်သည်။