
ချင်းပြည်နယ်မြောက်ပိုင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မြို့ငယ်တစ်မြို့ဖြစ်သည့် ကျီခါးမြို့ကို ချင်းတော်လှန်ရေးအင်အားစုက သိမ်းပိုက်လိုက်ပြီးနောက် အနီးရှိ တွန်းဇံမြို့ကို သိမ်းယူနိုင်ရေး ဆက်လက် ကြိုးပမ်းနေကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။
ချင်းပြည်နယ်မြောက်ဘက်အစွန်ဆုံးရှိ တွန်းဇံမြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို မေလဒုတိယပတ်မှ စတင်တိုက်ခိုက်ပြီးနောက် ကျီခါးမြို့ကို ယမန်နေ့ (မေ ၁၉ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ကျီခါးတပ်စခန်းကတော့ အပြီးသိမ်းပြီးပြီ။ ကျီခါးမြို့ထဲမှာလည်း တပ်ဖွဲ့ဝင်တွေ တစ်ယောက်မှ မရှိတော့ဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ကျီခါးမြို့တောင်ဘက် မိုင် ၅၀ ကျော်အကွာရှိ တွန်းဇံမြို့တွင် စစ်တပ် တပ်စွဲထားသည့် မြို့နယ်ရဲစခန်းနှင့် စစ်စခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ မြို့ထဲတွင် ကျန်နေသေးသည့်အတွက် ယနေ့ မွန်းလွဲအထိ တိုက်ပွဲများဆက်ဖြစ်နေသေးကြောင်း သိရသည်။
“မြို့ပေါ် ရဲစခန်းကိုတော့ သိမ်းလိုက်တယ်။ ဒါပေမဲ့ မြို့ထဲနေရာတချို့တွေမှာ သူတို့ နေရာဝင်ယူထားတယ်။ မြို့ ထဲမှာတော့ စစ်ကောင်စီကင်းစင်ရေးအတွက် ဆက်ပြီးတော့ လုပ်နေတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
ကျီခါးကို လက်လွှတ်လိုက်ရသော စစ်ကောင်စီက တွန်းဇံမြို့ကိုပါ လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများ လုပ်နေရာ ယမန်နေ့ တစ်ရက်တည်းမှာပင် လေကြောင်းမှ ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယနေ့ နံနက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ရှိနေကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ပြောသည်။
အိန္ဒိယနိုင်ငံသို့ ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင်ရှိပြီး တောင်တန်းထူထပ်ရာဒေသဖြစ်သည့် တွန်းဇံမြို့သည် အိမ်ခြေ ၈၀၀ နီးပါးခန့်ရှိပြီး ကျီခါးမြို့သည့် အိမ်ခြေ ၂၀၀ ကျော်ရှိသည်။
ချင်းပြည်နယ်မြောက်ပိုင်းဖြစ်သည့် တွန်းဇံမြို့တွင် စစ်ကောင်စီတပ်နှင့်အတူ ဇိုမီးတော်လှန်ရေးအဖွဲ့ (ZRA) ပါ စစ်ရေးလှုပ်ရှားနေသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ပြင်းထန်နေသော တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိထားကြောင်း၊ ရဲ ၂ ဦး ဖမ်းဆီးရမိကြောင်း ဆလိုင်းထက်နီက ဆိုသည်။
တွန်းဇံမြို့နယ်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် တွန်းဇံ၊ ကျီခါးနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ၈၀၀၀ ကျော်မှ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကျီခါးမြို့မှ ဒေသခံများမှာ နယ်နိမိတ်ချင်းနီးစပ်ရာ အိန္ဒိယနယ်စပ်ဘက်သို့ ရှောင်ကြပြီး တွန်းဇံမြို့ပေါ် ရပ်ကွက်များနှင့် ဖိုင်တို၊ လုံတပ်၊ နမ့်ဇန် စသည့် ကျေးရွာများမှ ဒေသခံများမှာ အနီးအနားကျေးရွာများနှင့် ကလေးမြို့ဘက်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြို့နယ်ပအဖထံမှ သိရသည်။
“အမိုးအကာ၊ ဆေးဝါး၊ စားဝတ်နေရေး အဲ့ဒီ ၃ ခုက တော်တော်လေး လိုအပ်နေတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒေသခံများမှာ ကြိုတင်တိမ်းရှောင်နေသည့်အတွက် မြို့သိမ်းတိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း အိုးအိမ်ပျက်စီးမှုများရှိကြောင်း ဆိုသည်။
“အရပ်သားထိခိုက်တာတော့မရှိဘူး။ ပြည်သူ့အိုးအိမ်နေအိမ်တွေတော့ တော်တော်လေးကို ထိတာ။ တွန်းဇံမှာဆိုရင် စခန်းနဲ့နီးတဲ့ အိမ်တွေဆိုရင် တော်တော်လေးကို ထိတယ်။ ပြာကျကုန်တာလည်းရှိတယ်။ ဥပမာ ရဲစခန်းအနီးက အိမ်တွေဆိုရင် ပြာကျကုန်တာ”

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် ရိခေါ်ဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားသည့် မကွီအိမ်နူးမြို့၊ နှာရိန်မြို့၊ ဝေဘူလမြို့နှင့် ဆူခွာရ်မြို့တို့ကိုလည်း တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ထို့ပြင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ အခိုင်အမာအခြေချထားသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးပွင့်ဆိုင် ဆုံရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်ဟု အမည်ပြောင်းထားသည့် AA က ယခုနှစ်ဆန်းတွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် တရုတ်-မြန်မာနယ်စပ် အချက်အချာကျသည့် ကုန်သွယ်ရေးလမ်းကြောင်းနှင့် မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းနှင့် ချင်းပြည်နယ်တွင်လည်း တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာသည်။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝမြို့၊ စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့တို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးစတင်ပြီး သုံးနှစ်ကျော်ကြာမြင့်လာချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးမှုပိုမိုအားကောင်းလာသည့်တိုင် အိန္ဒိယနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိနေသည်။
ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုပေးသည့် ဆက်ဆံမှုများ ဆက်တိုက်ဆောင်ရွက်နေပြီး ဆက်ဆံရေးတိုးမြှင့်လျက်ရှိကြောင်း India for Myanmar နှင့် BACS အဖွဲ့တို့က ပြီးခဲ့သည့်နှစ် စက်တင်ဘာက ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံအနေနှင့် အာဏာသိမ်းစစ်တပ်ထံ စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာ၊ စစ်သင်တန်းပေးခြင်းနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုများကို ရပ်တန့်ရန် Justice For Myanmar အဖွဲ့က တောင်းဆိုထားသည်။
