
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင် သေနတ်သမားကြည်လင်းနှင့် တရားခံများကို ဝန်းရံခဲ့သော အမျိုးသားရေးလှုပ်ရှားသူ သုံးဦးကို အင်းစိန်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်စီ အမိန့်ချမှတ်လိုက်သည်။
ဦးကိုနီအသတ်ခံရမှုမှ တရားခံဖြစ်သူများကို ထောက်ခံအားပေးခဲ့သော ထိုအမျိုးသားရေးသုံးဦးသည် ၃ နှစ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရာ ယခုလဆန်းပိုင်းတွင် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် အထက်ပါအတိုင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံး၌ ဦးကိုနီအမှု စစ်ဆေးသည့် ၄၂ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ၂၀၁၈ ဖေဖော်ဝါရီ ၂ တွင် အမျိုးသားရေးလှုပ်ရှားသူများဖြစ်သည့် ဟိဏ်းဝေယံ၊ မြတ်ဘုန်းမို၊ အောင်လင်း၊ တင်ဌေးအောင် (ခေါ်) အကြီးကောင်တို့က “မင်းတို့ ထမင်းဝအောင်စားထား” စာတန်းပါ တီရှပ်ဝတ်ဆင်ခဲ့ကာ ဝန်းရံခဲ့ကြသည်။
အဆိုပါအမှုတွင် လူသတ်တရားခံအဖြစ် အမှုရင်ဆိုင်နေရသူများကို ချစ်ခင်လေးစားသဖြင့် လာရောက်ဝန်းရံသည်ဆိုကာ “မင်းတို့ ထမင်းဝအောင်စားထား” စာတန်းပါ အင်္ကျီများ ဝေပေးခဲ့သဖြင့် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးက အဆိုပါအမျိုးသားရေးသမားလေးဦးကို အမှုဖွင့်ခဲ့သည်။
ထို့သို့အမှုဖွင့်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသားရေးသမားလေးဦးနက် တင်ဌေးအောင် (ခေါ်) အကြီးကောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အင်းစိန်မြို့နယ်တရားရုံးက ဩဂုတ် ၁၀ တွင် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခဲ့သည်။
ကျန်သုံးဦးမှာ သုံးနှစ်ပါးအထိ ထွက်ပြေးတိမ်းရှောင်နေရာမှ ယခုလဆန်းပိုင်းမှသာ ၎င်းတို့သဘောဆန္ဒအလျောက် သက်ဆိုင်ရာရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။
သာကေတမြို့နယ်တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတုဒိသာအလှူတစ်ခု၌ ဦးကိုနီ၏ နားထင်ကို ကြည်လင်းက သေနတ်ထောက်ထားပုံ သရုပ်ဖော်တင်ဆက်ခဲ့မှုဖြင့် ထိုစတုဒိသာအလှူရှင် တင်လင်းထိုက်ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။
သုံးနှစ်နီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ ယခုလအတွင်း ရဲစခန်း၌ လာရောက်အဖမ်းခံခဲ့သော ထို တင်လင်းထိုက်ဆိုသူကို ဒီဇင်ဘာ ၂၄ တွင် သာကေတမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။
ပုဒ်မ ၅၀၅ (ခ)မှာ နိုင်ငံတော်အစိုးရနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုကို ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံ သို့မဟုတ် ဖြစ်စေတန်ရာသည့် အကြောင်းရှိပါက အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အမျိုးသားရေးဦးဆောင် ဦးဝီရသူသည်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်ခံရပြီးနောက် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရာမှ ရွေးကောက်ပွဲကျင်းပရန် ၆ ရက်အလို နိုဝင်ဘာ ၃ တွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်။