သတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ထပ်ချ၊ ထောင်ဒဏ် ၇၄ နှစ် ရှိလာ

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် လူသိများသူတစ်ဦးဖြစ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၁၀ ရက်နေ့တွင် မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ရာ စုစုပေါင်းကျခံရမည့် ထောင်ဒဏ် ၇၄ နှစ်ဖြစ်လာသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် လူသိများသူတစ်ဦးဖြစ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၁၀ ရက်နေ့တွင် မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ရာ စုစုပေါင်းကျခံရမည့် ထောင်ဒဏ် ၇၄ နှစ်ဖြစ်လာသည်။

၂၀၂၁ မတ်လအတွင်း မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်တွင် ရဲနှစ်ဦး သတ်ခံရသည့် အမှုနှင့်ပတ်သက်၍ ကိုဝေမိုးနိုင်ကို ထောင်ဒဏ်ထပ်မံချမှတ်လိုက်ခြင်းဖြစ်သည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က Myanmar Now ကို ပြောသည်။

အသက် ၂၈ နှစ်အရွယ် ကိုဝေမိုးနိုင်သည် လတ်တလောတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှု ၆ မှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ – ၁၂၂ ဖြင့် တရားစွဲဆိုထားသော အမှုအပါအဝင် တခြားအမှုတချို့အတွက် ထောင် ၅၄ နှစ် ချမှတ်ခံထားရသည်။

ထပ်မံချမှတ်ခံရသည့် ထောင်ဒဏ်နှစ် ၂၀ သည် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြစ်သည့် လူသတ်မှု- ပုဒ်မ ၃၀၂၊ လူသတ်ရန် ရည်ရွယ်ကာ သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄၊ စစ်တပ် ကြည်း၊ ရေ၊ လေ အရာရှိတစ်ဦးဦးကို ပုန်ကန်မှု ပုဒ်မ ၅၀၅(က) စွဲချက်အတွက် ဖြစ်သည်ဟု ကိုရှင်းသန့်က ပြောသည်။

“ဒီအမှုမှာ ပုဒ်မ ၃ ခုနဲ့ အားလုံးပေါင်း ၄၂ နှစ်ကိုမှ တရားသူကြီးက တစ်ပေါင်းတည်း ကျခံစေရန်လို့ အမိန့်ချလိုက်လို့ နှစ် ၂၀ ပဲ ဖြစ်သွားတာ” ဟု ဆိုသည်။

လတ်တလောတွင် ကိုဝေမိုးနိုင် ကျန်းမာရေးကောင်းမွန်ကြောင်း၊ စစ်ကောင်စီက တရားစွဲဆိုထားသော အမှုအားလုံးကို အမိန့်ချ၊ ပြီးပြတ်သွားပြီဖြစ်၍ အခြားအကျဉ်းထောင်တစ်ခုခုသို့ ပြောင်းရွှေ့ရနိုင်ခြေရှိကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

မုံရွာမြို့၌ ရဲနှစ်ဦးသတ်ခံရမှုနှင့် ပတ်သက်ပြီး ကိုကျော်စွာဝင်း ခေါ် ကိုတရုတ်ကြီး၊ ကိုသန်းနိုင်မင်း၊ ကိုကျော်ဆွေဝင်း၊ ကိုရဲမင်းသူ၊ ကိုကျော်နိုင်ထွန်းတို့ကိုလည်း ထောင်အနှစ် ၂၀ စီ ထိုနေ့တွင်ပင် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့ပြင် ကိုဝေမိုးနိုင်တို့နှင့်အတူ ပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသူ နောက်ထပ် လူ ၃၀ ကိုမူ ထောင် ၂ နှစ်စီ ချမှတ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြစ်သည့် လူတစ်ယောက်ကို မတရားချုပ်နှောင်မှု ပုဒ်မ -၃၄၂၊ ဥပဒေနှင့်မညီဘဲ လူစုလူဝေးပြုလုပ်မှု ပုဒ်မ – ၁၄၉ စွဲချက်ဖြင့် ဖြစ်သည်ဟု ဆိုသည်။

ထောင်ချရာတွင် ပါဝင်သည့် တရားသူကြီးနှင့် တရားရေးဌာနဝန်ထမ်း၏ အမည်ကို မသိရသေးပေ။

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် ၂၀၂၁၊ ဧပြီလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ဦးဆောင်၍ ဆိုင်ကယ်ဖြင့် လှည့်လည်နေစဉ် စစ်ကောင်စီက အိမ်သုံးကားဖြင့် တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သည့် အရပ်သားပြည်သူများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် အငြိုးတကြီးဖြင့် တရားလက်လွတ်ပြုမူနေကျ နည်းလမ်းအတိုင်း သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၎င်းနှင့် မသက်ဆိုင်သည့် လူသတ်မှုဖြစ်စဉ်အတွက် မတရားအမှုဆင်ကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ဆက်စပ်၍ ၂၀၄၃၄ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈၉၈၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ ၂၀၂၄၊ မေလ ၁၀ ရက်နေ့အထိ စစ်ကောင်စီ၏ လက်ချက်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၀၀၀ သေဆုံးခဲ့ရပြီး AAPP အနေဖြင့် အတည်ပြုရန် လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၁၇၅၀ ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထားကြောင်း သိရသည်။

မဲစာရင်းအကြောင်းပြ အာဏာသိမ်းထားသည့် စစ်ကောင်စီကမူ ထိုအသင်းက ထုတ်ပြန်သည့် အကျဉ်းသားစာရင်း မှားယွင်းနေသည်ဟု တုံ့ပြန်ဖူးသည်။

Show More

Related Articles

Back to top button