မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်းမှ ရဲစခန်းနှင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့စခန်းမှူး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
မန္တလေး-မြစ်ကြီးနား ကားလမ်းဘေးတွင်ရှိသည့် ကြာညှပ်ကျေးရွာရှိ ရဲစခန်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် အုပ်ချုပ်ရေးမှူးနေအိမ်တို့ကို ဧပြီ ၆ ရက်နေ့မှ ၈ အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေသအခြေစိုက် တော်လှန်ရေးတပ်ရင်းများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ကြာညှပ်ကျေးရွာအတွင်းရှိ ရဲစခန်းကို စတင်ဝင်ရောက်တိုက်ခိုက်သည်၊ ယင်းနောက် အုပ်ချုပ်ရေးမှူးနေအိမ်၊ ကျေးရွာထိပ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တို့ကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၆ ရက်နေ့တိုက်ပွဲမှာတော့ ကြာညှပ်ရဲစခန်းရဲ့ စခန်းမှူးသေဆုံးသွားတယ်။ အုပ်ချုပ်ရေးမှူးလည်း ပထမတော့ သေသွားတယ်လို့ကြားပေမဲ့ မနေ့ (ဧပြီ ၈) က စစ်ဆေးရေးဂိတ်မှာ စစ်သားတွေနဲ့အတူ ပြန်တွေ့ခဲ့ရတယ်။ တိုက်ပွဲက မနေ့ကအထိဖြစ်တယ်။ စစ်တပ်ကလည်း စစ်ဆေးရေးဂိတ်မှာ အင်အားပြန်ဖြန့်ထားတယ်” ဟု ကြာညှပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် စခန်းမှူး၏အမည်နှင့် အသေးစိတ်အခြေအနေများကို မသိရသေးပါ။
စခန်းမှူးအပြင် ရဲနှင့် စစ်သားများ အထိအခိုက်များရှိခဲ့သော်လည်း အရေအတွက်ကို မသိရ၊ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း တစ်ဦးသေဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အထက်ပါ ဒေသခံက ပြောသည်။
ယနေ့ (မေ ၉ ရက်) တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်က အနီးအနားစခန်းများမှ အင်အား ၁၀၀ ကျော်ခန့် စစ်ဆေးရေးဂိတ်သို့ လာရောက်ဖြည့်တင်းထားသည်ကို တွေ့ရကြောင်း သပိတ်ကျင်းမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
တိုက်ပွဲကြောင့် ကြာညှပ်ကျေးရွာနှင့် အနီးဝန်းကျင်မှ ကျေးရွာဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ထိုသို့ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များပုန်းခိုနေရာသို့ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကြာညှပ်ရွာမှ အမျိုးသားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာသည် မန္တလေး-ကြားညှပ်ကားလမ်းဘေး၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် တိုက်နယ်ကျေးရွာတစ်ရွာဖြစ်သည်။
မန္တလေးမြို့၏ မြောက်ဘက်၊ ပြင်ဦးလွင်ခရိုင်အတွင်းတွင်ရှိသည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ စစ်စခန်းများကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပိုမိုများပြားလာနေပြီး၊ စစ်ကောင်စီကလည်း အင်အားအများအပြားဖြင့် ပြန်လည်ခုခံနေသည်။
ထို့ပြင် ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာစစ်စခန်းကိုလည်း ပြန်လည်ရရှိရေး စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်းများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
ပြင်ဦးလွင်-မိုးကုတ် ကားလမ်းအနီးရှိ သရက်ကုန်းကျေးရွာစစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြီးခဲ့သည့် ဧပြီ ၁၅ တွင် ထိုးစစ်ဆင် သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။
သိမ်းပိုက်ခံရစဉ်ကတည်းက စစ်ကောင်စီက ပြန်လည်ရရန် ကြိုးပမ်းနေရာ တိုက်ပွဲများဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း စစ်တပ်က လုပ်ဆောင်နေသည်။
သရက်ကုန်းကျေးရွာ စစ်စခန်းသိမ်းဆည်းခံရပြီးချိန်မှစ၍ ယမန်နေ့ (မေ ၈) နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၄၆ ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီလေတပ်က ဓာတုဗုံးများ လေကြောင်းမှ ကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် MDY-PDF၏ တပ်ဖွဲ့ဝင်များ မူးမော်ခြင်း၊ အော့အန်ခြင်းများဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။