လေလံဆွဲသူမရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမွေဆိုင်အိမ် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ရောင်းချရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက မေ ၁၆ ရက်တွင် ကြမ်းခင်းဈေးသစ် ထပ်မံတင်ပြမည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
ထိုအိမ်ခြံကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်က ကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀) ခန့်ဖြင့် ပထမအကြိမ် လေလံတင်ရောင်းချရာ ဝယ်ယူသူမရှိခဲ့ပေ။
ထိုကြောင့် ကြမ်းခင်းဈေး လျှော့ချကာ ထပ်မံလေလံတင်ရန် ဦးအောင်ဆန်းဦးက ကြိုးပမ်းခြင်းဖြစ်သည်။ သို့သော် ဦးအောင်ဆန်းဦး တင်ပြမည့် ကြမ်းခင်းဈေးသစ်ကို မသိရသေးပေ။
“ကြမ်းခင်းဈေးသစ်ကို ထပ်ပြီးတင်မှာပေါ့၊ ပထမကြမ်းခင်းဈေးက အလုပ်မဖြစ်တော့ အသစ်ထပ်တင်ပြီး တရားခံကလည်းတင်၊ တရားလိုကလည်း တင်ပေါ့၊ နှစ်ဖက်စလုံးတင်ပေါ့၊ အဲတော့မှ တရားရုံးက သင့်တော်တဲ့အမိန့်ချပြီး လေလံပြန်ဆွဲမှာပေါ့၊ လေလံကြေညာမောင်းထုမှာပေါ့” ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချရန် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ မတ်လ ၂၀ နံနက်ပိုင်းတွင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိခဲ့ပေ။
ထိုပွဲသို့ ရှေ့နေတချို့၊ တရားရုံးဝန်ထမ်းတချို့၊ စစ်ကောင်စီတပ်သားများနှင့် သတင်းထောက်တချို့သာ သွားရောက်ခဲ့သည်ကို တွေ့ရသည်။
မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်သည့် ထိုနေအိမ်နှင့် ခြံကို အမွေခွဲလိုကြောင်း ၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦးက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးထံ တင်ပြခဲ့သည်။
ထို့နောက် ခြံဝင်းထဲရှိ နှစ်ထပ်တိုက်ပါဝင်သည့် အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်ရယူရန်၊ တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို ဦးအောင်ဆန်းဦး ယူရန် ၂၀၁၆ ခုနှစ်တွင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို မကျေနပ်သည့် ဦးအောင်ဆန်းဦးက ခြံဝင်းတစ်ခုလုံး လေလံတင်ရောင်းချပြီး ရရှိတန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံဆက်တက်ခဲ့သည်။
တရားရုံး ဆုံးဖြတ်ချက်ချပြီးဖြစ်သော်လည်း အယူခံအဆင့်ဆင့်တောင်းဆိုမှုကြောင့် နှစ်ပေါင်းရှည်ကြာ မပြီးမပြတ်ဖြစ်ခဲ့သည်။
ထို့နောက် အာဏာသိမ်း စစ်ကောင်စီလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားချိန် ကမာရွတ်ခရိုင်တရားရုံးက ဦးအောင်ဆန်းဦး၏ အထူးအယူခံကို လက်ခံကာ လေလံတင်ရောင်းချရန် ဆုံးဖြတ်ပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ အသက် ၈၀ အရွယ် ဦးအောင်ဆန်းဦးသည် မြန်မာနိုင်ငံသို့ ရံဖန်ရံခါ ပြန်လာလေ့ရှိသည်၊ အထူးသဖြင့် ရန်ကုန်မြို့တွင် ကျင်းပသော အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်တတ်သည်။
သမိုင်းအစဉ်လာကြီးမားသည့် နေရာတစ်ခုဖြစ်ပြီး ၁.၉၂၃ ဧက အကျယ်အဝန်းသည့် ထိုခြံဝင်းနှင့် နေအိမ်သည် ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာချိန် အမေရိကန်သမ္မတအိုးဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် အိမ်လည်း ဖြစ်သည်။
ထိုနေအိမ်နှင့် ခြံအမှတ် ၅၄ ရှိ အဆောက်အအုံများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။ မည်သူမျှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်စီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုရန် တားမြစ်ကြောင်း ကြေညာထားသည်။
အမွေခွဲလေလံတင်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မသိရသေးပေ။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းလိုက်သည့် စစ်ဗိုလ်ချုပ်များက ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားပြီး နေပြည်တော်အကျဉ်းထောင်မှ နေရာပြောင်းရွှေ့ချုပ်နှောင်ထားသည်ဟု စစ်ကောင်စီက ဆိုသော်လည်း မည်သည့်နေရာတွင် ထားရှိထားသည်ကို မသိရှိရပေ။