သတင်း

တနင်္သာရီတိုက်ပွဲကြောင့် ဘုတ်ပြင်းနှင့် မြိတ်ကြား ကားလမ်း ပြန်မဖွင့်နိုင်သေး

မြန်မာပြည်တောင်ပိုင်း တနင်္သာရီမြို့နယ်အတွင်း တပ်ပေါင်းစုက စစ်ကောင်စီကို ထိုးစစ်ဆင်ကာ ဘုတ်ပြင်း - မြိတ် ကားလမ်းကို ရက်အတန်ကြာ ပိတ်ထားသည်ဟု သိရသည်။

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းရှိ တနင်္သာရီမြို့နယ်ထဲတွင် တိုက်ပွဲဆက်ဖြစ်နေသဖြင့် ဘုတ်ပြင်းမြို့နှင့် မြိတ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းသည် မေလ ၆ ရက်အထိ ပြန်မဖွင့်နိုင်သေးကြောင်း ဒေသခံတချို့က ဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်က တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြား ၁၀၂၀ တောင်ရှိ စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ရာမှ အနီးဝန်းကျင်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု ဘုတ်ပြင်းဒေသခံတချို့က Myanmar Now ကို ပြောသည်။

လေတပ်ကလည်း တိုက်ပွဲဖြစ်သည့် နေရာဝန်းကျင်ကို လာရောက်ဗုံးကြဲနေသည်ဟု ဘုတ်ပြင်းဒေသခံတစ်ဦးက ဆိုသည်။

မေလ ၂ ရက်နေ့က စစ်လေယာဉ်တစ်စီး ၁၀၂၀ တောင်ဝန်းကျင်သို့ ဗုံး အလုံး ၂၀ ခန့် လာကြဲသွားသေးကြောင်း The Tanintharyi Times သတင်းဌာနက မြေပြင်တော်လှန်ရေးရဲဘော်များ၏ ပြောဆိုချက်ကို ကိုးကား၍ ရေးသားထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်က လမ်းကို ယာယီပိတ်ထားသည်ဟု သိရကြောင်း ဘုတ်ပြင်းဒေသခံ အမျိုးသားက ပြောသည်။

“စခန်းတော့ မရသေးပေမဲ့ လက်နက်တချို့သိမ်းယူရထားပြီလို့ သိရတယ်။ အခုလက်ရှိ ကားလမ်းပိတ်ထားလို့ ခရီးသည်တွေ ရာနဲ့ချီပြီး ချောင်းလမုရွာလမ်းဘေးတစ်လျှောက် ဒုက္ခရောက်နေကြတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မေလ ၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်း ၁၀၂၀ တောင်ဝန်းကျင်တွင် ဧပြီလ ၂၉ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

၁၀၂၀ တောင်ရှိ စစ်ကောင်စီစခန်းသည် တော်လှန်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကို ယခင်ကလည်း ရင်ဆိုင်ခဲ့ရသည်။

တိုက်ပွဲကြောင့် ရန်ကုန်- မြိတ်- ကော့သောင်းပြည်ထောင်စုလမ်းမ ပိတ်ဆို့မှုဖြစ်နေပြီး ကုန်တင်ယာဉ်နှင့် ခရီးသယ်တင်ယာဉ်များသည် တနင်္သာရီမြို့နယ်ရှိ ရွာများထဲတွင် စောင့်ဆိုင်းနေရကြောင်း မြန်မာ့အလင်းသတင်းစာက ရေးသားသည်။

မြိတ်မြို့တွင် နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ဘုတ်ပြင်းနှင့် မြိတ်ကို ဆက်သွယ်ထားသည့် ကားလမ်းတွင် တိုက်ပွဲများဖြစ်နေသဖြင့် ဘုတ်ပြင်းမှ မြိတ်သို့ သွားလိုသူများသည် ရေကြောင်းလမ်းကို အသုံးပြုကာ ခရီးသွားနေရကြောင်း ပြောသည်။

“ဘုတ်ပြင်းကနေ မြိတ်ကိုကျတော့ ၁၀၂၀ တောင်မှာ တိုက်ပွဲဖြစ်နေတော့ လှေလေးတွေနဲ့ မြိတ်ကို သွားလို့ရတယ်။ လှေခက ၃ သောင်းယူတယ်။ မနေ့ကတော့ ကျနော့်ညီမတစ်ယောက်လာတာ ကော့သောင်းနဲ့ ဘုတ်ပြင်းကို ကားစီးလာတာ ကားခက ၁ သောင်းခွဲပေးရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲမည်သည့်ရက်၌ ပြီးမည်ဆိုသည်မှာ မသေချာသေးသဖြင့် ကားလမ်းပြန်ဖွင့်မည့် ရက်မှာလည်း မရေရာသေးသည့် အခြေအနေရှိသည်။

မြိတ်နှင့် ထားဝယ်ကြားတွင်လည်း တိုက်ပွဲဖြစ်နေသည်။

မြိတ်-ထားဝယ်ကားလမ်းပေါ်က ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှင့် ကျောက်ဆည်ရွာ ပျူစောထီးစခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေကြောင်း The Tanintharyi Times သတင်းဌာနက ရေးသားသည်။

တနင်္သာရီတိုင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ ဒေသ ဖြစ်သည်။ ဧပြီလ ၁၅ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ ထီးခီးအနီးမှ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းစခန်းကို KNU တပ်မဟာ ၄ လက်အောက်ခံတပ်ဖွဲ့ဝင်များက ဝိုင်းပတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချခဲ့သည်။

ထို့ပြင် ဧပြီလ ၂၆ ရက်ကလည်း ထားဝယ်ခရိုင်ရှိ စစ်ကောင်စီ၏ မောထတပ်စခန်းကို KNUနှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တိုက်ပွဲပြီးသည့်နောက် ရိုင်ဖယ် ၂၈ လက်၊ စိန်ပြောင်း ၂ လက်နှင့် ခဲယမ်းများသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိရသည်။

Show More

Related Articles

Back to top button