
ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့နယ် ငှက်ချောင်း (မွတ်စလင်) ဒုက္ခသည်စခန်းတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုတွင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ သုံးဦးကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
ယင်းဒုက္ခသည်စခန်းရှိ အသက် ၄၅ နှစ်အရွယ် မော်လဝီဆရာ၏ နေအိမ်တွင် နိုဝင်ဘာ ၃၀ က အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်လဝီဆရာအပါအဝင် သုံးဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု မိန်းကလေးငယ်၏ ဦးလေးဖြစ်သူ ဦးမောင်နုက ဆိုသည်။
“ကျွန်တော်သွားတော့ သူ့ (မိန်းကလေး)မှာ အောက်ပိုင်းက သွေးယိုတယ်။ နှာခေါင်းက သွေးယိုတယ်။ ပါးစပ်ကလည်း သွေးထွက်တယ်။ လက်မှာ၊ ခြေမှာ ဒဏ်ရာတွေ ရှိတယ်။ ကတ်ကြေးနဲ့ထိုးတဲ့ဒဏ်ရာ၊ စူးနဲ့ထိုးတဲ့ဒဏ်ရာတွေရှိတယ်။ ကျွန်တော်တို့မြင်တော့ လက်တွေကို ကြိုးတွေကို ဖြုတ်ထားပြီ ”ဟု ဦးမောင်နုက ပြောသည်။
မိန်းကလေးငယ်သည် မော်လဝီဆရာနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ နိုဝင်ဘာ ၂၆ တွင် မော်လဝီဆရာ၏နေအိမ်မှ ငွေကျပ် ၁၂ သိန်း ပျောက်ဆုံးမှုတွင် ခိုးယူသည်ဟု စွပ်စွဲခံထားရသည်ဟုလည်း ၎င်းက ပြောသည်။
မိသားစုဝင်များက ထိုသို့ပြောဆိုသော်လည်း မော်လဝီဆရာက အားပေးကူညီခဲ့ခြင်းသာ ဖြစ်ပြီး ၎င်း၏ ဆွေမျိုးနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပေါက်တောမြို့မရဲစခန်းမှူး ဒုရဲမှူး လှဌေးက ပြောသည်။
“မှန်ပါတယ်။ (ကြိုးနဲ့) ချည်တာ မှန်တာပဲ။ တုတ်တွေနဲ့ရိုက်တယ်ဆိုတာ မှန်တာပဲ။ ခြေထောက်တွေနဲ့လည်း ကန်တာဆိုတာလည်း မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘေးပတ်ဝန်းကျင်သက်သေတွေကိုလည်း ကျွန်တော်တို့ စစ်ထားတာပဲ ”ဟု ၎င်းက ဆိုသည်။
မကြာသေးမီရက်ပိုင်းက ယင်းဒုက္ခသည်စခန်းကို ရဲတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ရာ ကျူးလွန်သည်ဟု ယူဆရသူများက ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းတို့ကိုဖမ်းဆီးရမိရေးအတွက် စစ်တွေမြို့ရှိ ရဲစခန်းများ နှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ဒုရဲမှူးလှဌေးက ပြောသည်။
မိန်းကလေးငယ်၏ ဦးလေး ဦးမောင်နုက “အဲဒီသုံးယောက်ကို မဖမ်းမိသေးဘူး။ လွတ်နေတယ်။ ရဲတွေ ရောက်လာတော့ သူတို့တိမ်းရှောင်နေကြတယ်”ဟု ဆိုသည်။
အဓမ္မပြုကျင့်ခံရသည့်မိန်းကလေးငယ်သည် လက်ရှိတွင် ပေါက်တောဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။
ထွက်ပြေးတိမ်းရှောင်နေသူ သုံးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု) ၊ ပုဒ်မ ၁၁၄ (ပူးပေါင်းကြံစည်မှု) ၊ ပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ပုဒ်မ ၃၄၃ (မတရားချုပ်နှောင်ထားမှု)နှင့် ပုဒ်မ ၃၅၄ (ကာယိန္ဒြေပျက်စေမှု)တို့ဖြင့် မိန်းကလေးငယ်၏ မိသားစုက ပေါက်တောမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။
ငှက်ချောင်းဒုက္ခသည်စခန်းသည် ပေါက်တောမြို့နှင့် လေးမိုင်ခန့် ဝေးကွာပြီး အိမ်ထောင်စု ၁,၀၀၀ ကျော် ရှိကာ ၂၀၁၂ ခုနှစ် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကြောင့် အဆိုပါ ဒုက္ခသည်စခန်းတွင် မွတ်စလင်အမြောက်အမြား ခိုလှုံနေကြခြင်းဖြစ်သည်။