သတင်း

အကြိမ် ၂၀၀ နီးပါးအထိ ခွင့်ယူအများဆုံးစာရင်းဝင် အမတ် ၈ ဦး ပြန်လည်ရွေးကောက်ခံရ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်း အစည်းအဝေးကျင်းပသည့်ရက်ပေါင်း ၃၈၅ ရက်ရှိသည့်အနက် အကြိမ်ပေါင်း ၁၂၀ မှ ၁၉၅ ကြိမ်အထိ ခွင့်ယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးရှိပြီး ၎င်းတို့အနက် ၈ ဦးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မူလမဲဆန္ဒနယ်များ၌ပင် ပြန်လည်ရွေးကောက်ခံထားရသည်။ 

ပြည်သူ့လွှတ်တော်အစည်းအဝေး မှတ်တမ်းများအရ ခွင့်အများဆုံးယူသူ ထိပ်တန်းစာရင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၇ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၄ ဦး၊ ရခိုင်အမျိုးသားပါတီဝင် ၂ ဦးတို့ ပါဝင်လျက်ရှိသည်။ 

ခွင့်ယူအများဆုံးလွှတ်တော်ကိုယ်စားလှယ်များအနက် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံထားရသူတစ်ဦးမှာ သမ္မတဟောင်းဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်ဖြစ်သည်။ ဦးထင်ကျော် သမ္မတဖြစ်စဉ် ၂ နှစ်တာအတွင်း နေ့စဉ်နီးပါးခွင့်ယူလေ့ရှိသည့် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် စုစုပေါင်း လွှတ်တော်ခွင့်ပျက်ရက် ၁၉၅ ကြိမ်ဖြင့် အမြင့်ဆုံးဖြစ်သည်။ 

ထို့အတူ မူလမဲဆန္ဒနယ် ကွမ်းခြံကုန်းမြို့နယ်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးကောက်ခံထားရသည့် NLD ကိုယ်စားလှယ် ဦးစိုးသူရထွန်းသည်လည်း ခွင့်ပျက်အများဆုံးစာရင်း၌ ပါဝင်ပြီး စုစုပေါင်း ၁၂၈ ကြိမ် ခွင့်တိုင်ခဲ့သည်။ 

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌတာဝန်များထမ်းဆောင်ချိန်တွင် ခွင့်ယူရသဖြင့် ထိုသို့ခွင့်ပျက်ကွက်များခြင်းဖြစ်ကြောင်း ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။ 

“ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ NLD အနေနဲ့ (အခြေခံဥပဒေပြင်ဆင်ရေးကဲ့သို့) အရေးကြုံလို့ခေါ်ပြီဆိုရင်တော့ ဘယ်သူမှ မပျက်ပါဘူး။ နိုင်ငံခြားခရီးစဉ်ကနေ ပြန်လာသူတောင်မှ လေဆိပ်ကနေ လွှတ်တော်ကို တန်းလာတယ်” ဟု ဦးစိုးသူရထွန်းက ဆိုသည်။ 

လွှတ်တော်၌ အရေးကြီးကိစ္စ မဲခွဲရန်ရှိသည့်အခါ မပျက်မကွက်တက်ရောက်ရန် NLD ပါတီ ကိုယ်စားလှယ်များကို ညွှန်ကြားလေ့ရှိသော်လည်း ကျန်သည့်အချိန်များတွင်မူ ကန့်သတ်ချက်တစ်စုံတစ်ရာ မရှိဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။  

ပြည်သူ့လွှတ်တော်၏ ခွင့်ပျက်အများဆုံးစာရင်းဝင်ပြီး မူလမဲဆန္ဒနယ်၌ပင် ထပ်မံရွေးကောက်ခံရသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များမှာ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်မှူးကြီး(ငြိမ်း) ဦးလင်းဇော်ထွန်း (မိုင်းဖြတ်)၊ ဦးဌေးလွင်(ခ) ဦးဒီလုံး (နမ့်စန်)၊ ဦးစိုင်းခတ္တိယ(မိုင်းဆတ်)တို့ဖြစ်သည်။

“ကျွန်တော်က နှလုံးသွေးကြောကျဉ်းနေလို့ ခွဲထားရတယ်။ ကျန်းမာရေးကိစ္စလည်းရှိတယ်။ ကော်မတီ (စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ) ကိစ္စလည်းရှိတယ်။ အခုတော့ ပုံမှန်မဖြစ်သေးဘူး။ ကောင်းတော့ကောင်းလာတယ်” ဟု ဦးစိုင်းခတ္တိယက ပြောသည်။

ခွင့်ယူအများဆုံးစာရင်းတွင်ပါဝင်ပြီး မူလမဲဆန္ဒနယ်၌ပင် ပြန်လည်ရွေးကောက်ခံရသူများစာရင်းတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းသီဟကျော်(မိုင်းရယ်)၊ ဒေါ်နန်းခမ်းအေး(နမ္မတူ)တို့လည်း ပါဝင်သည်။

ခွင့်ပျက်ရခြင်းနှင့် ပတ်သက်၍ ဦးစိုင်းသီဟကျော်က “ကျန်းမာရေးကိစ္စကလွဲလို့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်ယူရတာ မရှိသလောက်ပါပဲ။ ကျွန်တော်ယူတဲ့ခွင့်က ပါတီတာဝန်ရှိမယ်၊ ပါတီလုပ်ငန်းတွေရှိလို့ ခရီးသွားရမှာရှိရင် ယူရတာမျိုးပဲရှိပါတယ်” ဟု ပြောသည်။

ခွင့်ယူမှုအများဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် ၁၈၉ ကြိမ်ဖြင့် ဒုတိယလိုက်သူမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်ကိုယ်စားလှယ် ဒေါ်နန်းခင်စော ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ပင် ထပ်မံရွေးကောက်ခံထားရသည်။

၎င်း၏ နောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်ကိုယ်စားလှယ်၊ ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးသက်ဆွေက ၁၈၈ ကြိမ်ဖြင့် တတိယခွင့်ပျက်အများဆုံးဖြစ်သည်။ သူရဦးသက်ဆွေသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခြင်းမရှိပေ။

ခွင့်ပျက်အများဆုံး ၁၅ ဦးစာရင်းတွင် ၇ ဦးဖြင့် အရေအတွက်အများဆုံးမှာ ပြည်ခိုင်ဖြိုးပါတီမှဖြစ်သည်။ ပြည်သူ့လွှတ်တော်၌ ပြည်ခိုင်ဖြိုးကိုယ်စားပြုဦးရေ ၃၀ သာရှိသဖြင့် စုစုပေါင်း၏ လေးပုံတစ်ပုံကျော် ခွင့်ပျက်အများဆုံး စာရင်းဝင်နေခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုး ခွင့်ပျက်များသူစာရင်းတွင် ဒုတိယသမ္မတဟောင်း ဦးစိုင်းမောက်ခမ်း၊ တပ်မတော် ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းတို့ကဲ့သို့သော လူသိများ၊ ထင်ရှားသူများ ပါဝင်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကာယကံရှင်များနှင့် ပြည်ခိုင်ဖြိုးပြောခွင့်ရပုဂ္ဂိုလ်များထံမှ မှတ်ချက်တစ်စုံတစ်ရာ ရယူနိုင်ခဲ့ခြင်းမရှိပေ။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်များသည် ခွင့်တိုင်ကြား၍ အစည်းအဝေးကို ပျက်ကွက်နိုင်သည်။ လွှတ်တော်အစည်းအဝေးများသို့ ခွင့်မဲ့ ၁၅ ရက် တစ်ဆက်တည်းပျက်ကွက်မှသာလျှင် အဆိုပါကိုယ်စားလှယ်၏နေရာကို လစ်လပ်အဖြစ် လွှတ်တော်အဆုံးအဖြတ်ယူကာ ဥက္ကဋ္ဌက ကြေညာရမည်ဖြစ်သည်။

အမှားပြင်ဆင်ချက်- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်ကိုယ်စားလှယ် ဒေါ်နန်းခင်စောကို ရွေးကောက်ပွဲပြန်လည်မယှဉ်ပြိုင်ဟု မူလသတင်းတွင်မှားယွင်းဖော်ပြခဲ့ပါသဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်။

Show More

Related Articles

Back to top button