ဆောင်းပါးရုပ်ပုံလွှာ

ပြိုင်ဘက်ပါတီကပင် ‘စံပြ’ ဟုဆိုရသူ အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌ 

ဒေါ်တင်အိသည် တစ်ဦးတည်းသော အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာခဲ့သော မွန်ပြည်နယ်လွှတ်တော်ကို ပဲ့ကိုင်ထိန်းကျောင်းခဲ့သူဖြစ်သည်။ ဒေါ်တင်အိဦးဆောင်သည့် မွန်ပြည်နယ်လွှတ်တော်သည် ပြည်နယ်အစိုးရကို ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းနိုင်သည်ဟုလည်း ပြောစမှတ်ပြုကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လေးလေးနက်နက်ဖြေကြားရန် ဒေါ်တင်အိက လွှတ်တော်အစည်းအဝေးများအတွင်း မကြာခဏသတိပေးလေ့ရှိသည်။ လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ဝင်များကို သတိပေးသည့်ဖြစ်ရပ်မျိုးကို ပြည်ထောင်စုအဆင့်လွှတ်တော်များတွင်သာ တွေ့ရလေ့ရှိပြီး ပြည်နယ်နှင့် တိုင်းအဆင့်လွှတ်တော်များတွင် တွေ့ရခဲသည်။ 

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှဖြစ်သော်လည်း ပါတီစွဲမရှိ၊ ဥပဒေမျက်နှာတစ်ခုတည်းသာ ကြည့်၍ အစိုးရကို ထိန်းကျောင်းသူဟု နောက်ခံပါတီ မတူသော လွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုကြသည်။ 

အသက် ၇၅ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေဟောင်း ဒေါ်တင်အိသည် လက်ရှိလွှတ်တော်သက်တမ်းကုန်ချိန်အထိ တာဝန်ထမ်းဆောင်ပြီးပါက အနားယူတော့မည်ဖြစ်သည်။ 

အခွင့်အလမ်းသာသော်လည်း လူငယ်များကို နေရာပေးလိုသည့်အတွက်၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဒေါ်တင်အိက ဆုံးဖြတ်ခဲ့သည်။ ပါတီတာဝန်များကိုမူ နောက်တစ်ကြိမ် ပြည်နယ်နှင့်တိုင်းအဆင့် ပါတီတာဝန်များ ပြန်လည်ရွေးချယ်နေရာချထားချိန်အထိ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ 

ပါတီစွဲမရှိ ဥပဒေမျက်နှာကိုသာ ကြည့်သော လွှတ်တော်ဥက္ကဋ္ဌ

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိသည် တရားလွှတ်တော်ရှေ့နေအဖြစ် နှစ်ပေါင်း ၃၀ ကျော် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး မုဒုံမြို့နယ် ကလော့သော့ကျေးရွာဇာတိဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံအပြီးတွင် NLD ပါတီ ဝင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

ခင်ပွန်းဖြစ်သူ၏ တိုက်တွန်းအားပေးမှုများကြောင့် နိုင်ငံရေးကို အချိန်ပေးလုပ်ဆောင်နိုင်ခဲ့သည်ဟု သားသမီး ၆ ဦး၏ မိခင်ဖြစ်သူ ဒေါ်တင်အိက ဆိုသည်။ ဒေါ်တင်အိသည် သံဖြူဇရပ်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ကော်မတီဝင်နှင့် အမျိုးသမီးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ သံဖြူဇရပ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည်။ 

၂၅ နှစ်ကြာပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ ဒေါ်တင်အိသည် သံဖြူဇရပ်မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ပြိုင်ခဲ့ရာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းကို မဲသုံးဆနီးပါးအသာဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက်၂၀၁၆ ဖေဖော်ဝါရီတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ 

လက်ရှိ မွန်ပြည်နယ်လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီကိုယ်စားလှယ်၂ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားလှယ် ၁ ဦးစီနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးပါဝင်သည်။

ဒေါ်တင်အိသည် လွှတ်တော်ကို ကိုင်တွယ်ထိန်းကျောင်းရာတွင်  ‘တရားမျှတမှုရှိတဲ့ ကစားပွဲပုံစံမျိုး အမြဲထိန်းကျောင်းပေးသူ’ အဖြစ် ဥပဒေရှုထောင့်၊ တရားမျှတမှုရှုထောင့်နှင့် လူထုအရေးရှုထောင့်တို့မှ ကြီးကြပ်လေ့ရှိသည်ဟု ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မှတ်ချက်ပြုသည်။ 

“ဒါ (အဆို) တင်လိုက်လို့ အစိုးရအဖွဲ့က ငြိုငြင်သွားမလား၊ စိတ်ခုသွားမလား။ ကိုယ့်ပါတီက ကိုယ့်အစိုးရကို အကျပ်အတည်းဖြစ်စေသလား ဆိုတာတွေထက် ပိုပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာ ပြည်သူလူထုအရေး၊ ပြည်နယ်အရေး၊ ပိုပြီးတော့ ကောင်းမွန်တဲ့လမ်းကြောင်းအတွက်ကို အလေးထားပြီးတော့ ခွင့်ပြုပေးတာပေါ့” ဟု ၎င်းက ပြောသည်။ 

ဒေါ်တင်အိသည် ဥပဒေရှုထောင့်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းရှိမရှိအပြင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမဟုတ်ဘဲ ပြည်သူ့အကျိုးအတွက် မေးမြန်းခြင်းဟုတ်မဟုတ် စိစစ်ကာ ကြီးကြပ်ထိန်းကျောင်းလေ့ရှိသူဖြစ်သည်ဟုလည်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

၂၀၁၉ မေလအတွင်း ဒေါက်တာအောင်နိုင်ဦးက အစိုးရအဖွဲ့ထံ မေးခွန်းမေးမြန်းရာတွင် လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူက မေးခွန်းမေးမြန်းခြင်း၊ ပါဝင်ဆွေးနွေးခွင့်ပြုခြင်းမှာ မဖြစ်သင့်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်ဥက္ကဋ္ဌထံ စာပို့ကန့်ကွက်ခဲ့ဖူးသည်။ 

လွှတ်တော်ဒုဥက္ကဋ္ဌသည်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အတွက် ဥပဒေပြုခြင်း၊ စောင့်ကြည့်ထိန်းကျောင်းခြင်းတို့ ဆောင်ရွက်သည့်အပေါ် တားဆီးပိတ်ပင်၍ မရကြောင်း ဒေါ်တင်အိက ဝန်ကြီးချုပ်၏ ကန့်ကွက်စာအပေါ် တုံ့ပြန်ခဲ့သည်။ 

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုတုံ့ပြန်မှုကြောင့် နောက်တစ်နေ့တွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ၎င်း၏ ကန့်ကွက်စာကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။  

ဒေါက်တာအောင်နိုင်ဦးသည် ထိုအချိန်က မွန်ညီညွတ်ရေးပါတီအဖြစ် ပေါင်းစည်းသွားမည့် မွန်ပါတီတစ်ခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဒေါက်တာအေးဇံမှာ NLD ပါတီမှ ဖြစ်သည်။​

“ကျွန်တော်နဲ့ဝန်ကြီးချုပ်က ပါတီချင်းမတူဘူး။ အတိုက်အခံနဲ့ အစိုးရသဖွယ် ဖြစ်နေပေမယ့်လည်း (ဒေါ်တင်အိ) က တရားမျှတမှုရှုထောင့်နဲ့ ဥပဒေကြောင်းအရနဲ့ သူက ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား ချက်ချင်းတုံ့ပြန်နိုင်စွမ်းတွေ ရှိခဲ့တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် တိုင်းနှင့်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများထက် ပါတီတွင်းရာထူး ပိုမြင့်မားလေ့ရှိသဖြင့် လွှတ်တော်က ဒေသအစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်စွမ်း အားနည်းလေ့ရှိသည်။ မွန်ပြည်နယ်တွင်မူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှာ ထိုကဲ့သို့သော ပါတီတွင်း ရာထူးအနိမ့်အမြင့်ကွာခြားမှု မရှိပေ။ 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာရ NLD ပါတီတွင် ကျိုက်ထိုမြို့နယ်ဥက္ကဋ္ဌဖြစ်ပြီး ဒေါ်တင်အိသည် မွန်ပြည်နယ် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးသက်တမ်းအရလည်း ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ဖြစ်သည်။​

“ပုဂ္ဂိုလ်ရေး ဘာမှမရှိဘူး။ ခင်မင်တယ်။ လေးစားတယ်။ ဒါပေမဲ့ ဥပဒေဘောင်ကို ကျော်လွန်ပြီး အန်တီကို လွှမ်းမိုးရင် အန်တီက လက်မခံဘူး။ တုံ့ပြန်တယ်။ အန်တီကို ညှိနှိုင်းတဲ့အခါကျရင် ဥပဒေဘောင်အတွင်းကနေ ညှိနှိုင်းရင် လိုက်နာတယ်။ ဥပဒေဘောင်အတွင်းက မဟုတ်ဘဲ အန်တီကို လွှမ်းမိုးဖို့လုပ်ရင် အမြဲတမ်းငြင်းဆန်တယ်” ဟု လွှတ်တော်တွင်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဒေါ်တင်အိက မှတ်ချက်ပြုသည်။

အစိုးရအဖွဲ့နှင့် လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ပါက တစ်ဖက်နှင့်တစ်ဖက် လွှမ်းမိုး စွက်ဖက်စရာ အကြောင်းမရှိဟုလည်း ဒေါ်တင်အိက ဆိုသည်။ 

သို့သော် အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်လာရောက်ဖြေဆိုရန် လိုအပ်သည့် ‘ကြယ်ပွင့်ပြ’ မေးခွန်းများကို စာဖြင့်သာ အကြောင်းပြန်ရန် ‘ကြယ်ပွင့်မပြ’ မေးခွန်းးများအဖြစ် ပြောင်းလဲပေးရန်၊ အချို့မေးခွန်းများကို မေးမြန်းခြင်းမပြုရန် အစိုးရဘက်က စာပို့ အကြောင်းကြားလာခြင်းမျိုးသည် လွှတ်တော်လုပ်ငန်းစဉ်များအပေါ် အစိုးရက လွှမ်းမိုးရန် ကြိုးစားအားထုတ်မှုဖြစ်သည်ဟု ဒေါ်တင်အိက ဆိုသည်။ 

၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်တင်အိသည် NLD ပါတီကိုယ်စားပြုကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ (ဓာတ်ပုံ – ဒေါ်တင်အိ Facebook) 

ပြိုင်ဘက်ပါတီကိုယ်စားလှယ်က ‘စံပြ’ ဟု ညွှန်းဆိုခံရသူ 

၂၀၁၉ အောက်တိုဘာအတွင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတစ်ခု၌ လူဝင်မှုကြီးကြပ်ရေး ပြည်နယ်ဝန်ကြီးက ကိုယ်စားလှယ်တစ်ဦး၏မေးခွန်းကို ဖြေကြားရာတွင် ၎င်း၏ဌာနက မှားခြင်းဟုတ်မဟုတ် သေချာသိလိုပါက ကိုယ်စားလှယ်ကိုယ်တိုင် လူဝင်မှုကြီးကြပ်ရေးရုံး၌ သွားရောက်စစ်ဆေးသင့်ကြောင်း ပြောဆိုခဲ့သည်။  

ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၏ ထိုပြောဆိုချက်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို အစိုးရအဖွဲ့ထံ သုံးပတ်နီးပါးကြာ ကြိုတင်ပေးပို့ထားပြီး ဖြစ်သည့်အတွက် လူထုကိုယ်စားပြုသည့် လွှတ်တော်တွင် အစိုးရအဖွဲ့ဝင်များက လေးလေးနက်နက်ဖြေကြားပေးရန် ဒေါ်တင်အိက သတိပေးခဲ့သည်။​

မော်လမြိုင်ဘိလပ်မြေစက်ရုံက ဒေသဖွံ့ဖြိုးရေးအတွက် စာချုပ်ပါအချက်အလက်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ၂၀၁၇ ဇွန်လအတွင်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးမင်းအောင်မွန်က ပြည်နယ်အစိုးရအပေါ် မေးခွန်းထုတ်ခဲ့သည်။ 

ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်၏မေးခွန်းကို အစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ လာရောက်ဖြေကြားရာတွင် မပြည့်စုံသည့်အတွက်  လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ဆက်စပ်မေးခွန်း ထပ်မံမေးမြန်းခဲ့သည်။ 

လွှတ်တော်၏ မေးခွန်းများကို အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားရာတွင် မြေပြင်အချက်အလက်၊ ပကတိအခြေအနေနှင့် ကွာခြားနေသည့် ဆက်စပ်မေးခွန်းများ ပေါ်လာခြင်းဖြစ်ပြီး ဆက်စပ်မေးခွန်း မေးစရာမလိုအောင် ဖြေကြားရန် ဒေါ်တင်အိက အမြဲသတိပေးလေ့ရှိသည်။  

“မေးခွန်းတစ်ခုရဲ့ ရည်မှန်းချက်၊ ဘယ်သွားချင်တာလဲ ဆိုတာကို လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကြိုသိထားတဲ့ စွမ်းရည်ရှိတယ်။ အဲ့ဒီတော့ မေးခွန်းထဲမှာ ဘာကို မေးလဲဆိုလဲဆိုရင် ထပ်ဆင့်မေးခွန်း မေးသွားတယ်။ အဲ့ဒီတော့ မေးခွန်းမေးရတဲ့ကိုယ်စားလှယ်အနေနဲ့လည်း အားရကျေနပ်မှုရှိတယ်” ဟု ဦးမင်းအောင်မွန်က ပြောသည်။ 

“ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိကတော့ စံပြပဲ” ဟုလည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးမင်းအောင်မွန်က မှတ်ချက်ပြုသည်။

လိုအပ်သည့်အဖြေမရပါက ဆက်စပ်မေးခွန်းမေးခြင်းသည် လွှတ်တော်နှင့်အစိုးရကြား ပွတ်တိုက်မှုမဟုတ်ဘဲ ‘လုပ်ရိုးလုပ်စဉ်’ သာဖြစ်သည်ဟု ဒေါ်တင်အိက ခံယူသည်။ 

ကျိုက်မရောမြို့နယ် ရော်ဘာနီကုန်းကျေးရွာတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ကျွဲကောစိုက်ပျိုးရေးအတွက် တင်ပြထားသည့် ဧကပမာဏထက် ပိုမိုတူးဖော်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ထားသည့် အခြေအနေကို ကျိုက်မရောမြို့နယ် အမှတ် (၁) ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က မေ ၂၉ လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ 

အဆိုပါ မေးခွန်းအပေါ် ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၏ ဖြေကြားမှုမှာ ပြည့်စုံမှုမရှိသည့်အတွက် မေးခွန်းရှင် ဒေါ်ခင်မျိုးမြင့်နှင့် လွှတ်တော်အတွင်း အချေအတင်ဖြစ်ခဲ့သည်။ 

ကိုယ်စားလှယ်အနေဖြင့် ဆက်စပ်မေးခွန်းကို လိုရင်းရောက်အောင် ထိထိရောက်ရောက် မေးရန်နှင့် ဝန်ကြီးအနေဖြင့်လည်း တိတိကျကျ ဖြေကြားပေးရန် ဒေါ်တင်အိက ဝင်ရောက်ထိန်းညှိပေးခဲ့ရသည်။

“သူကတော့ ဥပဒေနဲ့ပဲ သွားတယ်။ ကျွန်တော်တို့ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ဥပဒေဘောင်မလွတ်အောင် ထိန်းသိမ်းပေးတယ်။ ကြီးကြပ်ပေးတယ်။ ဒါက အင်မတန် အားသာချက်တစ်ခုပါ” ဟု လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့်ပတ်သက်၍ ဝန်ကြီးဦးထွန်းဌေးက ဆိုသည်။ 

သမာသမတ်ကျကျ ရပ်တည်သည့် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိကို အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသာမက တပ်မတော်သားကိုယ်စားလှယ်များကပါ ရိုသေလေးစားမှု ရှိကြသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အပါအဝင် တပ်မတော်သားကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိကို အိမ်တိုင်ရာရောက် လာရောက်ဂါရဝပြုသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အမျိုးသမီးများကို အားမငယ်စေချင်သူ 

နူးညံ့သိမ်မွေ့သည့် သွင်ပြင်ရှိသော်လည်း ဥပဒေသမား ဒေါ်တင်အိသည် ရပ်တည်ချက်၊ ယုံကြည်ချက်ခိုင်မာသူ ဖြစ်သည်ဟု သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မှတ်ချက်ပြုသည်။ 

အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်သည့်အတွက် အမျိုးသမီးအရေးကိစ္စများကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ရုံသာမက ပြည်နယ်အတွင်း မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းစဉ်များတွင် ၎င်းကိုယ်တိုင် လိုက်ပါဆောင်ရွက်တတ်သည်ဟုလည်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။ 

“မွန်ပြည်နယ်မှာ (မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာပေး) ဆိုရင် သေသေချာချာ (စာသင်) ကျောင်းတွေမှာ ဆင်းပြီးတော့ကို လုပ်တာ။ အဲ့ဒါကလည်း အမျိုးသမီးဥက္ကဋ္ဌ ဖြစ်တဲ့အတွက်ကြောင့် သူကိုယ်တိုင် လိုက်ပါပြီးတော့ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လိုက်ပါဆောင်ရွက်ခဲ့တာမျိုးပေါ့” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။ 

တိုင်းနှင့်ပြည်နယ်လွှတ်တော် ၁၄ ခုအနက် မွန်ပြည်နယ်လွှတ်တော်တွင်သာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ သီးသန့်ထားရှိသည်ကို တွေ့ရသည်။ 

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သော အမျိုးသမီးများအနေဖြင့် နိုင်ငံရေးတွင်ပါဝင်ပြီး ကြီးမားသည့်တာဝန်များကို လုပ်ဆောင်နိုင်ရန် ဒေါ်တင်အိက မျှော်လင့်သည်။ 

“အမျိုးသမီးတွေက နေရာအတွက် ဝင်မလာပါနဲ့။ အလုပ်လုပ်ဖို့ ဝင်လာပါ။ အလုပ်လုပ်ရင်းနဲ့ ကြိုးစားပါ။ ကျွန်မက အမျိုးသမီးတွေကို ကြိုဆိုတယ်။ အမျိုးသမီးဆိုပြီး အားမငယ်စေချင်ဘူး” ဟု ဒေါ်တင်အိက ဆိုသည်။ 

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တာဝန်များ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် လွန်ခဲ့သည့် လေးလကတည်းက စတင်ပြင်ဆင်နေသည်ဟုလည်း ဒေါ်တင်အိက ဆိုသည်။ 

လာမည့် တတိယအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း ဒေါ်တင်အိကဲ့သို့ပင် ပါတီစွဲကင်းကင်းဖြင့် ပြည်သူကို ကိုယ်စားပြုသော လွှတ်တော်ဥက္ကဋ္ဌမျိုး မြင်တွေ့ရန် မျှော်လင့်လျက်ရှိကြသည်။  

“ပီလီနဲ့ ထပ်တူကျတဲ့သူတစ်ယောက် ထွက်မလာနိုင်ပေမယ့် မာရာဒိုနာတစ်ယောက်တော့ ထွက်လာနိုင်ဦးမယ် မျှော်လင့်ပါတယ်” ဟု ကမ္ဘာကျော်ဘောလုံးအကျော်အမော်နှစ်ဦးနှင့် နှိုင်းယှဉ်ကာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။  

Show More

Related Articles

Back to top button