မော်လမြိုင် – ပြည်သူများ ယုံကြည်အားကိုးကြသည့် လွှတ်တော်တွင် အဂတိလိုက်စားမှု ကင်းစင်ရေးက လွန်စွာ အရေးကြီးကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံရာတွင် အသက် ၃၆ နှစ်အရွယ် ဦးအောင်ကျော်သူက မွန်ပြည်နယ်လွှတ်တော် ရုံးဝန်ထမ်းများကြား စစ်ဆေးခဲ့ရသည့် အဂတိလိုက်စားမှုဆိုင်ရာ တိုင်ကြားချက်တစ်ခုအကြောင်း ပြောပြထားသည်။
မေး။ ။ တိုင်ကြားစာကော်မတီရဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အဆင်ပြေရဲ့လား။
ဖြေ။ ။ ကော်မတီရဲ့ လုပ်ငန်း ဆောင်တာတွေကို လွှတ်တော်ဥပဒေ၊ နည်းဥပဒေအရ လုပ်ဆောင်တဲ့ အခါ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းတဲ့အခါမှာ အရမ်းအားနည်းခဲ့တယ်။ နောက်ပိုင်းမှာ အစည်းအဝေးတွေမှာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ သိလိုတဲ့ အချက်တွေ၊ အထောက်အထားတွေကို သူတို့ကို ဆက်သွယ်ပြီး ရယူနိုင်တယ် ဆိုတဲ့အကြောင်း လွှတ်တော် နည်းဥပဒေ ၆၇ မှာ ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့ အတွက် သူတို့နားရည်ဝအောင် အမြဲတမ်းပြောနေရင်းနဲ့ ခုနောက်ပိုင်း တစ်နှစ်ကျော်တဲ့အခါမှာ ပေါင်းစပ် ညှိနှိုင်းရာမှာလည်း အများကြီး အဆင်ပြေလာတယ်။ ဌာနဆိုင်ရာပိုင်းမှာလည်း အဆင်ပြေလာတာကို တွေ့ရပါတယ်။
မေး။ ။ ငယ်ရွယ်သူတစ်ဦးကို လွှတ်တော်ကော်မတီတစ်ခုရဲ့ ဥက္ကဋ္ဌနေရာ ပေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲပြီးကတည်းကနေ ဒီနေ့အထိကို ကိုယ်ပိုင် နားရက်ဆိုတာ မရှိခဲ့ဘူး။ ကိုယ့်ရဲ့ မဲဆန္ဒနယ်မှာ ပြည်သူတွေဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို ကွင်းဆင်း ဆောင်ရွက် တာတို့၊ နောက်ပြီးတော့ မဲဆန္ဒရှင် ပြည်သူတွေနဲ့ ပေါင်းစပ်ဆောင်ရွက်တဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်။ ဒါတွေကိုကြည့်ပြီး ပေးတာမျိုးလည်း ဖြစ်မှာပေါ့။ တိုင်ကြားစာကော်မတီ ဆိုတော့ ကွင်းဆင်းရမယ်၊ သွားရမယ်၊ လာရမယ်ဆိုတော့ လူငယ်လည်းဖြစ်၊ အမျိုးသားလည်းဖြစ်တယ်ဆိုတော့ ဒီအပေါ်အခြေခံပြီးတော့ ရွေးတာဖြစ်မယ်လို့လည်း ထင်ပါတယ်။
မေး။ ။ ကော်မတီအနေနဲ့ အားရကျေနပ်စရာကောင်းတဲ့ လုပ်ဆောင်ချက် ဘာတွေရှိပါသလဲ။
ဖြေ။ ။ မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အလွဲသုံးစား လုပ်ထားတယ်။ မြေယာအကွက်ရိုက်ပြီး ရောင်းတဲ့ ကိစ္စရပ်မျိုးတွေမှာ ကွင်းဆင်းဆောင်ရွက်စစ်ဆေးပြီးတော့ ပြည်နယ် အဆင့်မှာ ညှိနှိုင်းဆောင်ရွက်လို့ အဆင်မပြေတဲ့ကိစ္စရပ်တွေမှာ ပြည်ထောင်စု အဂတိတိုက်ဖျက်ရေး ကော်မရှင်အထိ တင်ပြပြီးတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အပြစ်ပေး အရေးယူခဲ့တာတွေရှိပါတယ်။ ပြည်သူတွေရဲ့ နစ်နာမှုတွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ တာတွေ ရှိပါတယ်။
တိုင်ကြားစာကော်မတီကို တစ်နှစ်ခွဲကျော်ကာလမှာ လိပ်မူပြီးတိုင်ကြာစာပေါင်း ၈ဝဝ ကျော် ရှိပါပြီ။ လွှတ်တော်ကိုလာတဲ့ တိုင်ကြားစာမိတ္တူ၊ လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့ ပြန်ပြီး လွှဲပြောင်းပေးတဲ့ တိုင်ကြားစာပေါင်းဆို ၁,၂ဝဝ၊ ၁,၃ဝဝ ဝန်းကျင်လောက် ရှိနေပါပြီ။ ကိစ္စတော်တော်များများကိုလည်း ကော်မတီက အကြွေးမထားဘဲ ဖြေရှင်းပေးနေပါတယ်။
မေး။ ။ မွန်ပြည်နယ်လွှတ်တော်မှာ ဝန်ထမ်းအသစ်ခန့်ထားရေးနဲ့ ပတ်သက်ပြီး တိုင်ကြားချက် ရှိတာကြောင့် ကော်မတီက စစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုဖြစ်တာလဲ။
ဖြေ။ ။ အငယ်တန်းစာရေးခန့်မယ်ဆိုပြီးတော့ ဝန်ထမ်းခေါ်တော့ ၁၂ဝ ကျော် လာဖြေကြတယ်။ ရေးဖြေ၊ နှုတ်ဖြေ အဆင့်ဆင့်ဖြေကြရတယ်။ ဖြေပြီးတော့ သူ့ရဲ့ သတ်မှတ်ချက် အရည်အချင်းနဲ့ ကိုက်ညီတဲ့သူတွေထဲက ၉ဦးကိုရွေးချယ်လိုက်တယ်။ အဲဒီအထိက အားလုံး အဆင်ပြေပါတယ်။ အောင်စာရင်းထွက်ပြီးတဲ့ အချိန်မှာ စပြီးတော့ ပြဿနာတက်တယ်။ ပြဿနာ တက်တာက၂လခစာ ၃သိန်းဆိုပြီးတော့ တောင်းခံတယ်ဆိုပြီးတော့ ဇင်မင်းလှိုင်က ဆရာတော် ရှင်စန္ဒာဇောတိဆီက ငွေသွားချေးတယ်။ ဆရာတော်က အလုပ်ရပြီး ဘာကြောင့် ငွေလိုတာလဲလို့ မေးတယ်၊ သူက လူကြီးတွေကို ကန်တော့ရမှာဖြစ်တယ် ဆိုပြီးတော့ ပြောတယ်။ တိုင်ကြားသူ ဇင်မင်းလှိုင်ကနေပြီးတော့ သူ့ဆရာတော်ကို ငွေရေးကြေးရေး အကူအညီ သွားတောင်းတယ်၊ ဆရာတော်ကလည်း ပရဟိတလုပ်နေတဲ့ ဘုန်းကြီး ဖြစ်တာကြောင့် ငွေကြေးကူညီစရာမရှိဘူး ဆိုပြီး သူနဲ့ သိကျွမ်းတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ကို ဖုန်းနဲ့ဆက်ပြီးတော့ ပြောကြားတယ်။ ဝန်ကြီးက စာတင်ပြီးတိုင်ပါလို့ ပြန်ပြောတယ်။ စာတင်ခြင်းအားဖြင့် ဒီကလေးက ၃ရက်မြောက်တဲ့နေ့မှာ အလုပ်ဝင်ရတော့မှာဖြစ်တာကြောင့် အချိန်ကို မစောင့်နိုင်တော့တာကြောင့် ဆိုရှယ်မီဒီယာမှာ တင်လိုက်တာကနေစပြီးတော့ ပြဿနာက စတာပါ။
မေး။ ။ ဝန်ထမ်းစာမေးပွဲ အောင်မြင်သူ ၉ဦးလုံးကို တောင်းခံထားတာလား။
ဖြေ။ ။ သူတို့ရဲ့ ထွက်ဆိုချက်အရတော့ ဒီကိစ္စမှာ ပါဝင်တာက ၅ယောက်ပေါ့နော်။ လူချင်းတွေ့တာလည်း ရှိတယ်၊ တယ်လီဖုန်းနဲ့ သူတို့အချင်းချင်း တိုင်ပင်ကြတာတော့ ဝန်ထမ်းအသစ် ၅ ယောက်ပေါ့၊ ငွေကြေးကတော့ ပေးခဲ့ခြင်း မရှိသေးပါဘူး၊ ပေးဖို့ ငွေစုနေတဲ့အချိန်မှာပဲ ဒီကိစ္စရပ်က ဖြစ်လာတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတဲ့ အချိန်မှာပဲ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့က တိုင်ပင်ပြီး လွှတ်တော်ရဲ့ ပုံရိပ်ကို ထိခိုက်တဲ့အတွက် ဒါကို အမြန်ဆုံးဆောင်ရွက်ပါဆိုတဲ့ အချိန်မှာ လွှတ်တော်ဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရ လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဆရာတော်ဆီသွားပြီးတော့ အကျိုးအကြောင်း မေးမြန်းတာတွေ၊ ဒီဟာကို အမြန်ဆုံး ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကိုပေးခဲ့တယ်။ လွှတ်တော်ဥက္ကဋ္ဌက ၆ရက်နေ့၊ ဇူလိုင်လမှာ တိုင်ကြားစာကော်မတီကို ဒီကိစ္စ စုံစမ်းစစ်ဆေးပေးပါဆိုပြီး တာဝန်ပေးတာပါ။
မေး။ ။ ဒီအရာရှိ ငွေတောင်းတယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး လွှတ်တော်ဝန်ထမ်းအဆင့်ဆင့်မှာ တာဝန်ရှိတယ်လို့ ယူဆပါသလား။
ဖြေ။ ။ ဒီလိုကိစ္စရပ်မျိုးကို သူတစ်ယောက်တည်းအတွက် ကျူးလွန်တယ်လို့ စဉ်းစားခြင်းအားဖြင့် သူသည် ဘယ်သူမှ မသိအောင် တိတ်တဆိတ်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ စစ်ဆေး တွေ့ရှိချက်အရတော့ ဒီဂါရဝပြုဖို့ဆိုတဲ့ လာဘ်ငွေကို ယူခြင်း၊ မယူခြင်းထက် ဒီကိစ္စရပ်ကို ဆွေးနွေးတာက လွှတ်တော်ရုံးမှာပဲ ဆွေးနွေးတယ်၊ ဒီလိုဆွေးနွေး နေချိန်မှာ တချို့သော ဝန်ထမ်းတွေလည်း ရှိနေတယ်၊ ရှိနေတဲ့အတွက်ကြောင့် ဒီလာဘ်ငွေတောင်းခံမှုသည် သူ့တစ်ယောက်တည်းအတွက် တောင်းခံတယ်လို့ ယူဆလို့ မရပါဘူး။
နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလို အဂတိလိုက်စားတဲ့ ကိစ္စရပ်မျိုးကို ငြင်းပယ်ခြင်း၊ တားမြစ်ခြင်းမျိုး လုပ်ကိုလုပ်ရမယ်။ ကိုယ့်ရဲ့ အထက်လူကြီးကို ကန်တော့တာပဲဖြစ်ဖြစ်၊ ကိုယ့်ကို လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ ဒီဟာကို သူကိုယ်တိုင်ကနေပြီးတော့ တားမြစ်တာတွေ၊ ငြင်းပယ်တာတွေလုပ်ရမယ်။ ဒါပေမယ့်ဒါကို မလုပ်ခဲ့ဘူး။ အဲဒါကတော့ ကျွန်တော်တို့ စိစစ်တွေ့ ရှိရတဲ့ အချက်တွေထဲမှာ အခိုင်အမာပြောဆိုလို့ရပါတယ်။
မေး။ ။ ဒီကိစ္စကို စုံစမ်းစစ်ဆေးတဲ့ကော်မတီကို ဘယ်လို ဖွဲ့စည်းထားပါသလဲ။
ဖြေ။ ။ တိုင်ကြားစာကော်မတီက ကော်မတီဝင် ၁၁ ယောက်လုံး ပါဝင်ပါတယ်။ ဒီကိစ္စရပ်က နိုင်ငံ့ ဝန်ထမ်းလည်း ဖြစ်တဲ့ အတွက် အမှားအယွင်း အနည်းဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် လို့ ဥပဒေပြုရေး ကော်မတီက တရားလွှတ်တော်ရှေ့နေဦးစစ်ထွန်းကို ဖိတ်ပြီးတော့ အကူအညီတောင်းခံ ထားပါတယ်။ ပြီးတော့ ဒီကိစ္စရပ်မှာ ဝန်ထမ်းအသစ်တွေရော၊ အဟောင်းတွေရော အပါအဝင်၊ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင်၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားမှူး အပါအဝင် ဝန်ထမ်းပေါင်း ၁၄ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။
မေး။ ။ အလားတူကိစ္စရပ်မျိုး လွှတ်တော်မှာ ဖြစ်ခဲ့ဖူးပါသလား။
ဖြေ။ ။ လက်ရှိကတော့ တိုင်ကြားစာထဲမှာပါတဲ့ အချက်အလက်တွေကို အဓိက စစ်ကြတာပေါ့။ စစ်ဆေးရင်းနဲ့ အမှုနဲ့ပတ်သက်တဲ့ ကွင်းဆက်လို့ ပြောလို့ရတဲ့ အချက်တချို့ကိုပါ တွေ့ရှိခဲ့ရပါတယ်။ ဒါကလည်း ပါးစပ်ပြောလိုသဘောမျိုး ဖြစ်နေတယ်၊ ကာယကံရှင်ကိုယ်တိုင်က တိုင်ကြားလာခဲ့ရင်တော့ စုံစမ်းရမယ့် အနေအထားမှာ ရှိနေပါတယ်။
မေး။ ။ စိစစ်တွေ့ရှိချက်တွေကို ဘယ်တွေကို ပေးပို့သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ စိစစ်တွေ့ရှိချက်တွေကို ကျွန်တော်တို့ကို တာဝန်ပေးထားတဲ့ လွှတ်တော်ဥက္ကဋ္ဌဆီ ပေးပို့သွားရမယ်။ ပေးပို့ပြီးတဲ့ အချိန်က စပြီး ကျွန်တော်တို့ရဲ့ တာဝန်က ပြီးဆုံးသွားပါပြီ။ (စုံစမ်းစစ်ဆေးခံရတဲ့ အရာရှိက) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဖြစ်တဲ့အတွက် မွန်ပြည်နယ်အစိုးရကို သော်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနကိုသော်လည်းကောင်း၊ လွှတ်တော်ရုံးမှာ ဖြစ်သွားတဲ့ ကိစ္စရပ် ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ညွှန်ကြားမှူးချုပ်ထံကို တင်သွင်းသွားဖို့ လွှတ်တော်ဥက္ကဋ္ဌကို အကြံပြုထားပါတယ်။ အဓိက ပြောချင် တာကတော့ ဒီလိုအဂတိဆန်တဲ့ ကိစ္စရပ်မျိုးကို လွှတ်တော် အဆောက်အအုံထဲမှာ ဆွေးနွေးတာဆိုတဲ့ ဟာကတော့ အင်မတန်မှ စိတ်မကောင်းစရာ၊ ရင်လေးစရာ ကိစ္စရပ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လွှတ်တော် ဆိုတဲ့နေရာ၊ အဆောက်အအုံက ပြည်သူကို ကိုယ်စားပြုတဲ့နေရာ ဖြစ်ပါတယ်။ ပြည်သူတွေအားလုံးကလည်း လွှတ်တော်ဆိုတဲ့နေရာကို ကျန်တဲ့ နေရာတွေထက်စာရင် ပိုပြီးတော့ ယုံကြည်မှု ရှိတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ပြည်သူတွေ ယုံကြည်တဲ့ ဒီလွှတ်တော်ကိုမှ ဒီလိုဖြစ်နေတယ်ဆိုတဲ့ ကိစ္စရပ်ကတော့ အင်မတန်ကိုမှ သက်ဆိုင်ရာ ဌာန အသီးသီးကနေပြီးတော့ အထူးအလေးထား ဆောင်ရွက်ရမယ့်ကိစ္စလို့ ပြောချင်ပါတယ်။ ။