သတင်း

ကိုဆွေဝင်း သေနတ်ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Myanmar Now အယ်ဒီတာချုပ်ဖြစ်သူ ကိုဆွေဝင်းသည် ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ရခိုင်ပြည်နယ် ဂွမြို့နယ်သို့ မိသားစုနှင့်အတူ ခရီးသွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရပါသည်။ ထိုသို့ သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် ကိုဆွေဝင်းသည် ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းရင်းအမှန်ကို တိတိကျကျ မသိရှိခဲ့ရခြင်းကြောင့်လည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် အနှောင့်အယှက်မဖြစ်စေရန်လည်းကောင်း၊ မလိုလားအပ်ဘဲ ဟိုးလေးတကျော်ဖြစ်မှုများကို ရှောင်ရှားနိုင်ရန်လည်းကောင်း ကိုဆွေဝင်းအနေဖြင့် ယနေ့အချိန်ထိ ရေငုံနှုတ်ပိတ်နေခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ညွှန်ကြားမှုဖြင့် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စုံစမ်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် အခင်းဖြစ်ပွားရာ ဂွမြို့နယ်ရှိ ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့အပိုင်နယ်မြေတွင် ကိုဆွေဝင်းရောက်ရှိနေသည်ကို ကြိုတင်သိရှိခဲ့ခြင်းမရှိကြောင်း ထွက်ဆိုခဲ့ပါသည်။

သို့ရာတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က အခင်းမဖြစ်ပွားမီ တစ်ရက်တွင် ကိုဆွေဝင်းတည်းခိုခဲ့သည့် တည်းခိုခန်းပိုင်ရှင်ကို ဆက်သွယ်ကာ ကိုဆွေဝင်း မည်သည့်အချိန်ပြန်မည်၊ မည်သည့်ကားဖြင့်ပြန်မည် စသည့်အချက်အလက်များအပြင် တည်းခိုခန်းမှ ကိုဆွေဝင်း ထွက်ခွာသည်နှင့်တစ်ပြိုင်နက် သတင်းပို့ အကြောင်းကြားရန် စေခိုင်းခဲ့ပါသည်။

‌တည်းခိုခန်းပိုင်ရှင်သည်လည်း ကိုဆွေဝင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ပေးအပ်ခဲ့ပြီး ကိုဆွေဝင်း တည်းခိုခန်းမှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် ရဲတပ်ဖွဲ့ကို သတင်းပို့အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။


 ဖြစ်စဉ်အသေးစိတ်

  • ‌‌ကိုဆွေဝင်းနှင့် ၎င်း၏ဇနီး၊ အသက် ၄ နှစ်ရွယ် သမီးဖြစ်သူအပါအဝင် ကိုဆွေဝင်း၏ Myanmar Now လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ ထိုလုပ်ဖော်ကိုင်ဖက်၏ ဇနီးဖြစ်သူနှင့် အသက် ၄ နှစ်ရွယ် သားတစ်ဦး စုစုပေါင်း ၆ ဦးသည် ရခိုင်ပြည်နယ် ဂွမြို့နယ် ဇီးခုံကမ်းခြေရှိ တည်းခိုခန်းတစ်ခုသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်စောစောတွင် သံတွဲမြို့မှတစ်ဆင့် စူပါကာစတန် အငှားကားဖြင့် ထွက်ခွာခဲ့ပါသည်။
  • လမ်းခရီးတစ်ဝက်တွင် တပ်မတော် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတစ်ဦးက ကားဆရာကို ကိုဆွေဝင်း၏ ခရီးစဉ်အခြေအနေနှင့် စပ်လျဉ်း၍ ဖုန်းဆက်မေးမြန်းနေသည်ကို သိရှိခဲ့ရပါသည်။
  • ဂွမြို့နယ် ဇီးခုံကမ်းခြေရှိ ထက်ရှိုင်းတည်းခိုခန်းသို့ နေလယ်ပိုင်း ၁ နာရီခန့်တွင် ရောက်ရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ ညမိုးချုပ်သည့် အချိန်အတောအတွင်း တည်းခိုခန်းပိုင်ရှင်ကို ဂွမြို့နယ် ကမ်းသာယာရဲစခန်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စစ်ဘက်ရေးရာထောက်လှမ်းရေးတစ်ဦးတို့က ကိုဆွေဝင်းလိုက်ပါလာသည့် ကားနံပါတ်၊ ကားဆရာအမည်၊ ကိုဆွေဝင်း တည်းခိုခန်းမှ နောက်တစ်နေ့ သံတွဲပြန်မည့်အချိန်ကို စုံစမ်းမေးမြန်းခဲ့ပါသည်။
  • နောက်တစ်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့နံနက် ကိုဆွေဝင်း တည်းခိုခန်းမှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် တည်းခိုခန်းပိုင်ရှင်က ဂွမြို့နယ် ကမ်းသာယာရဲစခန်းမှူးကို ဖုန်းဆက်အကြောင်းကြားခဲ့ပါသည်။
  • ကိုဆွေဝင်းနှင့် မိသားစုဝင်များ စီးနင်းလိုက်ပါလာသော ကားသည် တည်းခိုခန်းမှ ထွက်ခွာပြီး အချိန်မိနစ် ၄၀ ခန့်အကြာတွင် သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်း ခံခဲ့ရပါသည်။ ဘေးတစ်ဖက်တစ်ချက်တွင် လယ်ကွင်းများရှိနေသည့် လမ်းကြမ်းအတိုင်း ကားကို အရှိန်နှေးနှေးဖြင့် မောင်းလာရင်း လက်ယာဘက်သို့ ကားကွေ့လိုက်ချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
  • ကား၏ နောက်ဘက်တံခါး သော့ပေါက်တည့်တည့်ကို သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ကျည်ဆန်၏ ပြင်းအားကြောင့် ကားတံခါးအတွင်းရှိ စတီးဖြင့်ပြုလုပ်ထားသော သော့အုံ ပြုတ်ထွက်ခဲ့ပါသည်။ တံခါးအောက်ဘက်မှ အတွင်းဖောက်ဝင်လာသည့် ကျည်ဆန်သည် တံခါးဝတွင်ထိုင်နေသော ကိုဆွေဝင်း၏ ခြေထောက်ကို ထိမှန်ခဲ့ပါသည်။ ကျည်ဆန်လာရာဘက်တွင် သုံးပေအမြင့်ခန့်ရှိသော ချုံများနှင့် ပင်လယ်ပြင်သာရှိပါသည်။
  • သေနတ်ဒဏ်ရာကြောင့် ကိုဆွေဝင်းသည် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ရုတ်တရက် ခံစားသိရှိနိုင်ခြင်းမရှိဘဲ ပေါက်ပြဲနေသည့် ပုဆိုးမှတစ်ဆင့် သွေးထွက်လာမှသာ သေနတ်ဒဏ်ရာရရှိထားကြောင်း သိရှိခဲ့ပါသည်။ အဆိုပါ သေနတ်ကျည်ဆန်သည် ကားတံခါးသော့အုံကို ထိမှန်ခြင်းမရှိပါက ကိုဆွေဝင်း၏ ဦးခေါင်း (သို့မဟုတ်) ခန္ဓာကိုယ်အထက်ပိုင်းကို ထိမှန်နိုင်မည်ဖြစ် သည်။
  • ထိုသို့ သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံရပြီးနောက် ကားကိုရပ်တန့်ခြင်း မရှိစေဘဲ ဆက်လက်မောင်းနှင်းခဲ့ရာ ဂွနှင့်သံတွဲအကြားရှိ ကျိန္တလီဆေးရုံသို့ ရောက်ရှိသောအခါမှ သေနတ်ဒဏ်ရာကို ဆေးထည့်ခဲ့ပါသည်။
  • ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါသည်။ ကားအတွင်း တွေ့ရှိရသည့် ကျည်ဆန်စကို ရဲတပ်ဖွဲ့က သိမ်းယူခဲ့ပါသည်။
  • ကျိန္တလီမှ သံတွဲလေဆိပ်ရောက်ရှိပြီး ထိုမှတဆင့် လေယာဉ်ဖြင့် ရန်ကုန်ပြန်ခဲ့ပါသည်။ ရန်ကုန်ဆေးရုံကြီးတွင် အရိုးအထူးကုသမားတော်ကြီး ပါမောက္ခဒေါက်တာခင်မောင်မြင့်က ညတွင်းချင်းပင် ကိုဆွေဝင်း၏ သေနတ်ဒဏ်ရာအား အချိန်တစ်နာရီကျော်ကြာ ခွဲစိတ်ကုသပေးခဲ့ပါသည်။
  • ကိုဆွေဝင်း၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ကြိုတင်စုံစမ်းသတင်းယူခဲ့သော ဂွမြို့နယ်ကမ်းသာယာရဲစခန်းမှူးက ကိုဆွေဝင်းသည် ကျောက်မိုင်းပေါက်ကွဲရာမှ လွင့်စဉ်လာသော ကျောက်တုံးစမှန်ခဲ့သည်ဟု ထက်ရှိုင်းတည်းခိုခန်းပိုင်ရှင်အား အခင်းဖြစ်ပြီးနောက်တွင် ဖုန်းဆက်ပြောဆိုခဲ့သည်ကို သိရှိရပါသည်။
  • ဆေးရုံတွင် ၃ ရက်တာ ဆေးကုသပြီးနောက် အိမ်ပြန်ရောက်ချိန်တွင် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ကိုဆွေဝင်းကို ဆက်သွယ်ကာ ကိုဆွေဝင်း သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံရသည့်နေရာတွင် မည်သည့်ကျောက်မိုင်းလုပ်ငန်းမှ မရှိကြောင်း၊ သံတွဲခရိုင်တစ်ခုလုံးတွင် မည်သည့်ယမ်းမိုင်းမျိုးကိုမှ သုံးစွဲခွင့်မပေးထားကြောင်း၊ အခင်းဖြစ်သည့်ဒေသတွင် သေနတ်၊ တူမီး မည်သည့်လက်နက်ကိုမှ ဒေသခံများက သုံးစွဲခြင်းမရှိကြောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အခင်းဖြစ်ပွားသည့်အခြေအနေနှင့် ပတ်သက်၍ စိတ်ပူပန်ကြောင်း အကြောင်းကြားခဲ့ပါသည်။ထို့ပြင် ဦးကောင်းမြတ်နိုင်က ၎င်းသည် ဂွမြို့နယ် ရဲတပ်ဖွဲ့အရာရှိများကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ရဲအရာရှိများက ၎င်းတို့အပိုင်နယ်မြေတွင် ကိုဆွေဝင်းရောက်ရှိနေသည်ကို မသိရှိကြောင်း၊ အခင်းဖြစ်ပြီးမှသာ သိရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုပါသည်။ ၎င်းသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေဖြင့် သိမ်းဆည်းရမိသည့် ကျည်ဆန်စကိုလေ့လာရာ အရည်အသွေးသန့်သော ခဲသတ္တုအမျိုးအစားဖြစ်ကြောင်းလည်း ဦးကောင်းမြတ်နိုင်က ပြောဆိုပါသည်။
  • ကိုဆွေဝင်းအနေဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ အမှုဖွင့်ဆောင်ရွက်ရန် ဆန္ဒမရှိသော်လည်း အမှုမှန်၊ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း သံတွဲခရိုင်ရဲအရာရှိကြီးများက ၎င်းအား သံတွဲလေဆိပ်တွင် ပြောဆိုခဲ့ပါသည်။
  • ယခုကဲ့သို့ မတော်တဆမှုအသွင်ဆောင်၍ ကိုဆွေဝင်းကို သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ကာ အကြမ်းဖက်လုပ်ကြံရန် ကြိုးပမ်းမှုသည် Myanmar Now သတင်းဌာနကို တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ယူဆပါသည်။
  • Myanmar Now သတင်းဌာနအနေဖြင့် သုတေသနနှင့် အချက်အလက်အထောက်အထားများအခြေပြုကာ မီဒီယာကျင့်ဝတ်သိက္ခာစောင့်ထိန်းလျက် ပြည်သူများ၏ သတင်းမှန်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ယခုဖြစ်စဉ်ကြောင့် Myanmar Now ၏ ရပ်တည်ချက်နှင့် တန်ဖိုးများကို ထိခိုက်စေမည်မဟုတ်ဘဲ  မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမှန်တရားထွန်းကားရေးနှင့် သတင်းမှန်များ ရှင်သန်ပြန့်ပွားရေးအတွက် တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Show More

Related Articles

Back to top button