သတင်း

ဆီဆိုင်မြို့တွင် လက်နက်ကြီးထိသည့် ကလေး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့တွင် စစ်ဘေးရှောင် ကျောင်းသူ ၃ ဦး သောက်သုံးရေ သွားရောက် သယ်ဆောင်စဉ် လက်နက်ကြီးနှင့် ပစ်ခတ်ခံလိုက်ရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၈) က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ သေဆုံးသွားပြီး ကလေး ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မြို့မြောက်ပိုင်း ဆိုက်ခေါင်စံပြကျေးရွာနှင့် လွယ်ပွတ် ကျေးရွာများတွင် တပ်စွဲထားသည့် စစ်တပ်က ထိုနေရာ၏တောင်ဘက် သုံးမိုင်ခွဲအကွာရှိ တွေပူးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်စီးလာသည့် ကျောင်းသူသုံးဦးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

သေဆုံးသူမှာ ဆယ်တန်းကျောင်းသူ အသက် ၁၆ နှစ်အရွယ် မနန်းစိန်မြဖြစ်ပြီး ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသူများ ဒဏ်ရာရသွားကြသည်ဟု သိရသည်။

ထိခိုက်သွားသည့် ကလေး ၃ ဦးမှာ သောက်သုံးရေ သယ်ဆောင်ရန် လမ်းပေါ် သွားလာနေသူများ ဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောသည်။

“စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေက အကြောင်းမဲ့ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ပါတယ်…  သူတို့တိမ်းရှောင်တဲ့နေရာက ရေမရှိလို့ ရွာထဲ ပြန်ယူတဲ့ အချိန်မှာ ထိမှန်သွားတာဖြစ်ပါတယ်၊ တစ်ယောက်ဆုံးသွားပြီး နှစ်ယောက်က ဒဏ်ရာတော်တော်ပြင်းထန်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိ သူခွန်ရိန်းယံက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှု၊ လေတပ်ဗုံးကြဲမှုဒဏ် ခံနေရသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှ မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ – The People’s Voice)

၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PNLA တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ကာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခဲ့သည်။

ဆီဆိုင်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) ၄၂၃ နှင့် ၄၂၄ ၊ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံးများကို PNLA၊ ကရင်နီတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းအဖွဲ့က ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တိုက်ခိုက်သိမ်းယူခဲ့သည်။

စစ်ပွဲအတွင်း စစ်ကောင်စီဘက်တွင် PNO ခေါ် ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဝင်တိုက်ပေးနေသည်။

စစ်ကောင်စီလေတပ်က ဆီဆိုင်မြို့နှင့် အနီးဝန်းကျင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ကို ပြန်သိမ်းနိုင်ခဲ့ပြီဟု မတ်လ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် ကြေညာထားသည်။

ကျောင်းသူ ၃ ဦး လက်နက်ကြီးကျည်ထိသည့်သတင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့ကလည်း ဆီဆိုင်မြို့တောင်ဘက်တွင် တိုက်ပွဲများဖြစ်ခဲ့သို့ ဆီဆိုင်မြို့နယ်နှင့် ထိစပ်နေသည့် ပင်လောင်းမြို့နယ် နောင်ရိုးကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ရှိခဲ့ကြောင်း ရှမ်းတောင်ပိုင်းစစ်ရေးအခြေအနေများကို စောင့်ကြည့်နေသည့် ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်။

ထို့ပြင် ရှမ်းတောင်ပိုင်းတိုက်ပွဲ ရက်ပေါင်း ၇၀ ကျော်အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၄၅၅ ကြိမ်၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း ၂၅၀၀ ကျော်ထိ ပြုလုပ်ခဲ့ပြီး အရပ်သား ၅၈ ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။

Show More

Related Articles

Back to top button