သတင်း

တောင်ကုတ်မြို့နယ်တွင် ရွာသားတစ်ဦး မျက်နှာဖုံးစွပ်လူတစ်စု၏ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ် ပဒါကျေးရွာနေ ဒေသခံတစ်ဦးကို ယမန်နေ့ (နိုဝင်ဘာ ၂၃) ညနေပိုင်းတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင်လူတစ်စုက ရိုက်နှက်ခေါ်ဆောင်သွားသည်ဟု ပဒါကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် တောင်ကုတ်မြို့ပေါ်ရှိ ဘဏ်၌ ငွေထုတ်ယူ၍ ပြန်လာသည့် အသက် ၃၀ အရွယ် ကိုအောင်လွင်နှင့် ၎င်း၏အစ်မ မအေးအေးလွင်ကို ပဒါကျေးရွာ မရောက်ခင် ၄ မိုင်ခန့်အလိုတွင် လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်က ပြောသည်။

“ဖြစ်စဉ်အသေးစိတ်တော့ မသိရသေးဘူး။ ဖြစ်တယ်ဆိုပြီး ကျွန်တော့်ဆီကို သူတို့ မိသားစုဝင်တစ်ယောက်က သတင်းလာပို့တာပေါ့။ အခုတော့ ရဲစခန်းကို သွားတိုင်တယ်လို့ သိရပါတယ်” ဟု ဦးအုန်းမြင့်က ပြောသည်။

ကိုအောင်လွင်သည် ရပ်ရွာအတွင်း ကျပန်းအလုပ်လုပ်သူတစ်ဦးဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် ပတ်သက်ဆက်နွှယ်မှု ရှိမရှိ အတိအကျမပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

ပဒါရွာသည် တောင်ကုတ်မြို့ မြောက်ဘက် ၂၈ မိုင်ခန့် အကွာတွင်ရှိပြီး အိမ်ခြေ ၃၃၀ နှင့် လူဦးရေ ၁,၇၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ကိုအောင်လွင်၏ မိသားစုဝင်များက လမူးတိုက်နယ်ရဲစခန်းသို့ ဖြစ်စဉ်ကို လာရောက်တိုင်ကြားသော်လည်း အမှုမဖွင့်လိုကြောင်း ပြောသည်ဟု လမူးတိုက်နယ်ရဲစခန်း စခန်းမှူး ရဲအုပ်ဇော်ဝင်းက ပြောသည်။

ဖမ်းဆီးမှုဖြစ်ပွားစဉ် အတူရှိနေခဲ့သည့် အစ်မဖြစ်သူ မအေးအေးလွင်၏ ပြောပြချက်များအရ ပဒါကျေးရွာ မရောက်မီ ကမာကျေးရွာနှင့် ရုံးကျေးရွာကြားတွင် တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူ ၆ ဦးက ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

မအေးအေးလွင်တို့ ဘဏ်မှထုတ်ယူလာသည့် ငွေကြေးများကို ယူဆောင်သွားခြင်းမရှိသော်လည်း လက်နက်ကိုင်များ၏ ရိုက်နှက်မှုကြောင့် မအေးအေးလွင်၏ ဦးခေါင်းတွင် ပွန်းပဲ့ဒဏ်ရာ သုံးချက် ရရှိသွားသည်ဟု ရဲအုပ်ဇော်ဝင်းက ပြောသည်။

“စစ်ဆေးကြည့်တာတော့ သူတို့ (မိသားစုဝင်များ) က ကိုအောင်လွင်မှာ ရန်ငြိုးရန်စလည်း မရှိဘူးတဲ့။ သူတို့ လူလွဲ (မှား) ပြီး ခေါ်တယ်လို့ပဲ မိသားစုက ထင်နေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မိသားစုဝင်များထံမှ စစ်ဆေးချက်ရယူနေပြီး အမှုနှင့်ပတ်သက်၍ မည်သို့ဆက်လက်လုပ်ဆောင်မည်ကို အထက်အမိန့် စောင့်နေသည်ဟု ရဲအုပ်ဇော်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။ ရခိုင်မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီးနောက် တောင်ပိုင်းမြို့နယ်များတွင်ပါ မိုင်းပေါက်ကွဲမှုများ၊ လူဖမ်းဆီးသတ်ဖြတ်ခံရမှုများ တဖြည်းဖြည်း ဖြစ်ပွားလာခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်သည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို တောင်ကုတ်မြို့အနောက်ဘက် ၁၅ မိုင်အကွာရှိ ဖောင်းကားရွာတွင် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီး ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးပေ။

ဦးမင်းအောင်မှာ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ဒေါ်နီနီမေမြင့်မှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

ဖမ်းဆီးခံ လွှတ်တော်အမတ်လောင်း ၃ ဦးအား နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြေလည်သွားသည့်အချိန်တွင် ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း AA က အောက်တိုဘာ ၂၁ တွင် ထုတ်ပြန်ခဲ့သည်။ 

Show More

Related Articles

Back to top button