စစ်ခေါင်းဆောင် မင်းအောင်လှိုင် အယုံကြည်ဆုံး ထိပ်သီးဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အပါအဝင် ထိပ်တန်းအရာရှိကြီးများ အရေးခံရမှုနှင့် ဆက်စပ်နေသည့် စီးပွားကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို အဂတိအမှုဖြင့် ထောင်သုံးနှစ်ချမှတ်ခံရသည်ဟု သိရသည်။
စစ်ကောင်စီက ကုန်ဈေးနှုန်းကြီးမြင့်မှုအကြောင်းပြု၍ အရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် အရာရှိများကို ၂၀၂၃ အောက်တိုဘာတွင် အရေးယူခဲ့သည်။
စက်တင်ဘာတွင် ခေါ်ယူစစ်ဆေးခံရသူများအနက် စီးပွားကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုလည်း ပါဝင်သည်။ သူ့ကို ယခုမတ်လ ပထမပတ်တွင် ထောင်ဒဏ် ၃ နှစ်ချလိုက်ပြီး ပိုင်ဆိုင်မှုများသိမ်းယူရန် စိစစ်နေသည်ဟု သတင်းရင်းမြစ်သုံးခုက Myanmar Now ကို ပြောသည်။
စားသုံးသူရေးရာဦးစီးဌာန ညွှန်ချုပ်ကို လနှင့်ချီကြာ စစ်ဆေးပြီးနောက် အမိန့်ချမှတ်ခြင်းဖြစ်သည်ဟု ဖြစ်စဉ်သိရှိသည့် သတင်းရင်းမြစ်က ပြောသည်။
“စီးကူးညွှန်ချုပ်က မိုးမြင့်ထွန်းတို့နဲ့ ဆက်စပ်တဲ့အမှုတွေ စစ်ဆေးနေတာ လနဲ့ချီနေပြီ။ အမိန့်ကတော့ ချတာ မကြာသေးဘူး။ ပုဒ်မကတော့ မသိဘူး။ ပိုင်ဆိုင်မှုတချို့သိမ်းတယ်တော့ သိတယ်” ဟု သူက ဆိုသည်။
အမိန့်ချသည့် တရားရုံး၊ စွဲဆိုသည့် ပုဒ်မ စသည့် အသေးစိတ်အချက်များကို မသိရသော်လည်း စားသုံးဆီတင်သွင်းရာတွင် အလွဲသုံးစားမှုပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင် ၃ နှစ်ချလိုက်သည်၊ လက်ရှိတွင် ရမည်းသင်းအကျဉ်းထောင်တွင် ရှိနေသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။
“ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေ သက်တမ်းတိုးတာ အရင်ကဆို ဘာမှမကုန်ဘူး။ အခု သိန်းရာဂဏန်း ကုန်ကျတယ်။ (စားသုံးသူရေးရာဌာနကတော့) တင်သွင်းပြီး လက်ကျန်တို့ နောက်ထပ်လျှောက်ရန်တို့ ထောက်ခံပေးရတာပေါ့။ စျေးကွက်ထဲက အရည်သွေးစစ်ဆေးတာတို့ လုပ်တယ်။ သူ (ဦးမြင့်ချို) က တိုက်ရိုက်တော့ မစားရဘူးဗျ” ဟု ဖြစ်စဉ်သိရှိသည့် နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ဦးမြင့်ချိုကို ထောင်ဒဏ်အမိန့်ချမှုနှင့်ပတ်သက်၍ သူကိုင်ဆောင်သည့် ဖုန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ထို့အတူ စားသုံးသူရေးရာဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ကို ဆက်သွယ်ရာတွင် အပြစ်ရှိ၍ ပြစ်ဒဏ်ကျခံရခြင်းဖြစ်ကြောင်း၊ ဌာနအနေဖြင့် သတင်းဌာနကို မှတ်ချက်ပေးရန် မသင့်လျော်ကြောင်း တုံ့ပြန်သည်။
အသက် ၆၀ အရွယ် ဦးမြင့်ချိုသည် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၊ AGTI(MP) နှင့် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ရူပဗေဒဘွဲ့ရခဲ့ပြီး ၁၉၈၅ တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၌ အင်ဂျင်နီယာပညာရှင်အဆင့်- ၃ ရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ရာမှ စီးပွားကူးသန်းဝန်ကြီးဌာနတွင် ညွှန်ချုပ်အဆင့်ထိ ရာထူးရခဲ့သူဖြစ်သည်။
မတ်လ ၂၉ ရက်ထုတ် စစ်ကောင်စီထိန်းချုပ် သတင်းစာတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ချုပ်နေရာအတွက် ရဲတပ်ဖွဲ့မှ ဒုရဲချုပ် (၁) ရဲဗိုလ်ချုပ် အောင်အောင်ကို အစမ်းခန့်အပ်ကြောင်း ကြေညာထားသည်။
အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခံရသူများတွင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ ထောင်ဒဏ် တစ်ကျွန်းချမှတ်ခံထားရသည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်တို့လည်း အရေးယူခံထားရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပထမဆုံးသော ပြည်ထဲရေးဝန်ကြီးအဖြစ်တာဝန်ပေးခံခဲ့ရသူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လာဘ်စားမှုစွဲဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်ကို ရာထူးမှ အနားပေးထားပြီး ပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ပြန်မှု မတွေ့ရသေးပေ။ ဦးညွန့်အောင်သည် ယခင်ကတည်းက နာမည်ပျက်ရှိပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ကုန်သွယ်ညွှန်ချုပ် ရာထူးမှ ထုတ်ပယ်ခံရသူဖြစ်သည်။