သတင်း

စစ်မှုထမ်းသင်တန်း ပထမဆုံးဖွင့်၊ နေအိမ်များအထိ လူလိုက်စုဟု မြို့ခံများပြော

တပ်သားသစ်များ အတင်းအကျပ်စုဆောင်းပြီး ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် စစ်သင်တန်းသို့ ရာနှင့်ချီသော အမျိုးသားငယ်များ ရောက်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီက အကောင်အထည်ဖော်နေသည့် စစ်မှုထမ်းသင်တန်းကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ရှိ အမှတ် (၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ယနေ့ (မတ်လ ၂၉) ရက်က ပထမဆုံး ဖွင့်လှစ်လိုက်ပြီး အခြားတစ်ဘက်တွင်လည်း စစ်မှုထမ်းရန် မဲစာရင်းတွင် ပါဝင်သူများကို အိမ်အထိ လိုက်လံခေါ်ယူနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

သင်တန်းဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများ အွန်လိုင်းတွင် ဖြန့်ဝေနေကြရာ ရာနှင့်ချီသည့် လူငယ်များကို ပုံတွင် တွေ့ရသည်။ စစ်တပ်ထောက်ခံသူများက ထိုလူငယ်များကို ဘင်ခရာတီးဝိုင်းများ၊ သပြေပန်းများဖြင့် ကြိုဆိုနေကြပြီး အစားအသောက်များဖြင့် ဧည့်ခံနေသည်ကို အာဏာသိမ်းစစ်တပ် ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြနေကြသည်။

နာမည်ပျက် လူမုန်းများသည့် စစ်ကောင်စီတပ်ထဲ သွင်းခံရမည်ကို စိုးရိမ်ပြီး တိမ်းရှောင်ရန် ကြိုးစားနေကြစဉ် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင်မူ စစ်မှုထမ်းရန် မဲစာရင်းပါသည့် လူငယ်များကို အိမ်အထိ လိုက်ခေါ်နေသည်ဟု ထိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ကောင်လေးကို စစ်မှုထမ်းဖို့အတွက် လမ်းထဲကို လာခေါ်တယ်။ ဒါပေမဲ့ ကောင်လေးက မရှိတာ့ဘူး၊ ထွက်ပြေးသွားတယ်။ သူတို့ကတော့ အတင်းအဓမ္မ လုပ်မယ့် သဘောရှိတယ်။ သူတို့ ခေါ်ချင်တဲ့ အိမ်ကို ဝင်ခေါ်မယ်ဆိုတဲ့ သဘောမျိုးပဲ” ဟု သူက ဆိုသည်။

အိမ်နီးချင်း လူငယ်တစ်ဦးကိုလည်း စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်ရာ ကျမ်းမာရေး အကြောင်းပြ ငြင်းပယ်သော်လည်း အတင်းအကျပ် ခေါ်ယူနေ၍ တိမ်းရှောင်နေရသည်ဟု အထက်ပါ ရန်ကုန်မြို့ခံက ပြောသည်။

ယမန်နေ့ (မတ် ၂၈) ညပိုင်းကလည်း ရန်ကုန်၊ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ်စျေးအနီးတွင် စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်တစ်ဦးကို ဆေးစစ်ရန် အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားပြီးနောက် ပြန်မလွှတ်ပေးသေးကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်က စတင်ပြီး စစ်မှုထမ်းရန် မဲပေါက်သူများကို ဆေးစစ်ရမည်ဟုဆိုကာ ရန်ကုန်၊ လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးစခန်းထဲ ထည့်ထားခဲ့သည်။ ယနေ့ (မတ် ၂၉) နံနက်တွင် ကျောင်းကား ၁၅ စင်းဖြင့် အမှတ် (၁) တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ခေါ်ဆောင်သွားသည်ဟု လှိုင်မြို့နယ်တွင် နေထိုင်သူများက ပြောသည်။

“ဘုရင့်နောင် စစ်ကြောရေးဘက်ကနေပြီးတော့ ကျောင်းကား အဝါတွေနဲ ၁၅ စီး လူငယ်တွေချည်းပဲ တင်ထားပြီးတော့ ပါရမီလမ်းပေါ်ကနေပြီး အင်းစိန်လမ်းဘက်ကို ထွက်သွားတယ်။ အဲဒီအပေါ်မှာ ကလေးတွေက အများကြီးပဲ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

သင်္ကြန်ကာလပြီးမှ  စစ်မှုထမ်းရမည့်သူများကို သင်တန်းပေးမည်ဟု စစ်ကောင်စီက လေသံပစ်ထားပြီးနောက် ဧရာဝတီ၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း စသည့် ပြည်နယ်နှင့်တိုင်းများတွင် စစ်တပ်အရာရှိများ၊ အုပ်ချုပ်ရေးအရာရှိများက ဒေသခံများကို ခေါ်ယူတွေ့ဆုံကာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြော စည်းရုံးနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် လူသုံးများနေသည့် အွန်လိုင်းလူမှုကွန်ရက် တယ်လီဂရမ်တွင်လည်း “ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများ” ဟူသည့် ချန်နယ် ယနေ့ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ ထိုတယ်လီဂရမ်ချန်နယ်ကို စစ်ကောင်စီတပ် ဌာနတစ်ခုက ကိုင်တွယ်နေခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း သတင်းတု၊ သတင်းမှား စောင့်ကြည့်ဖော်ထုတ်သူတစ်ဦးက ပြောသည်။

နေပြည်တော် ဒက္ခိဏသီရိမြိုနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည့် သင်တန်းတစ်ခုကို လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ယခင် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၊ ဘူးလတ်ဦးလှဆွေတို့ တက်ရောက်သည်ဟု ထိုတယ်လီဂရမ်စာမျက်နှာက ဖော်ပြသည်။

နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ရှိ အမှတ်(၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့ကို  သင်တန်းသားများ ရောက်လာပုံကို ထိုစာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရပြီး စစ်စခန်းများ လက်လွတ်ဆုံးရှုံးနေသည့် စစ်တပ်သည် စစ်မှုထမ်းဥပဒေကို ကတိုက်ကရိုက်ပြဋ္ဌာန်းလိုက်ပြီး စစ်သင်တန်း အပတ်စဉ်တစ်ခုလျှင် တပ်သားသစ် ၅၀၀၀ နှုန်းခေါ်ယူမည်ဟု စစ်ကောင်စီပြောခွင့်ရက သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းတို့ သဘောဆန္ဒအတိုင်း အဓမ္မအတည်ပြုထားသည့် ထိုဥပဒေအရ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အာဏာသိမ်းစစ်တပ်က အဓမ္မပြဌာန်းထားသည့် စစ်မှုထမ်းဥပဒေမှာ တရားဝင်မှု မရှိသည့်အတွက် လိုက်နာရန် မလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button