သတင်း

ကျိုက်မရောမြို့ကို လေတပ်နှင့်ရေတပ် တိုက်၊ တစ်ဦးသေပြီး အိမ် ၃၀၀ ကျော် မီးလောင်

မွန်ပြည်နယ်အတွင်း အရပ်သားပစ်မှတ်ကို စစ်တပ်က တိုက်ခိုက်ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ အိမ်အများအပြား မီးလောင် ပျက်စီးသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်း အသုံးပြုတိုက်ခိုက်ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ် ၂၇) ညနေ ၄ နာရီခန့်တွင် ဓမ္မသရွာဘေးရှိ ဂျိုင်းမြစ်တွင် ရပ်တန့်ထားသည့် စစ်သင်္ဘော ၂ စင်းက ထိုရွာအတွင်းသို့ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်၊ စစ်လေယာဉ်ကလည်း ဗုံးကြဲခဲ့ရာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖွဲ့ဝင် မိသုတဂျဝ်က Myanmar Now ကို ပြောသည်။

“စစ်သင်္ဘောက ဒီနေ့လည်း ဆက်ပစ်နေတယ်။ လေယာဉ်ကိုတော့ မမြင်ရဘူးပေါ့။ မီးလောင်ဗုံးနဲ့ ပစ်ချတယ်။ လောင်နေတာက အနီးအနားမှာရှိတဲ့ စစ်သင်္ဘောက ပစ်တဲ့ ဗုံးဖြစ်တယ်လို့ ရွာခံတွေက ပြောကြပါတယ်” ဟု မိသုတဂျဝ်က ပြောသည်။

မီးငြှမ်းသတ်ရန် လာသည့် မီးသတ်ကားများကို မော်လမြိုင်-ဘားအံ လမ်းပေါ်ရှိ ခရုံဂူကျေးရွာအနီးတွင် စစ်တပ်က လမ်းပိတ်ထားခဲ့သည်၊ ရွာသားများ စစ်ရှောင်နေရ၍ ငြှိမ်းသတ်သူ နည်းပါးသည်ဟု မိသုတဂျဝ်က ဆိုသည်။ မွန်ရိုးရာ အမွေအနှစ် သာသနိကအဆောက်အအုံများ မီးလောင်ကျွမ်းသွားမည်ကို စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။

မီးလောင်ကျွမ်းခံရသည့် ဓမ္မသရွာမှာ မော်လမြိုင်-ဘားအံ ကားလမ်းအနီး ဂျိုင်းမြစ်ကမ်းဘေး ရမ္မဝတီကားလမ်းပေါ်တွင် တည်ရှိပြီး စစ်တပ်တပ်စွဲထားသော ရဲစခန်းအသိမ်းခံရသည့် ကော့ဘိန်း (ကအ်ဗိန်) ရွာနှင့် မော်တော်ယာဉ်လမ်း တစ်ဆက်တည်းဖြစ်သည်။

ကော့ဘိန်း (ကအ်ဗိန်) ရဲစခန်းကို ပြီးခဲ့သည့် မတ် ၂၄ တွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းခံရပြီးနောက် မော်လမြိုင်-ဘားအံ ကားလမ်းပေါ်ရှိ ခရုံဂူရွာအထိ ဂျိုင်းမြစ်ကြောင်းတစ်လျှောက် စစ်သင်္ဘော ၃ စင်းဖြင့် လှည့်ပတ်ကာ နေ့စဉ် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ကော့ဘိန်း (ကအ်ဗိန်) တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လက်အောက်ခံ Lion Battalion ဗျူဟာစစ်ကြောင်း၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army ၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃) ပျံလွှားတပ်ဖွဲ့တို့အပြင် ဒရုန်းတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။

ထိုတိုက်ပွဲတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ-AD လည်း ပါဝင်ခဲ့ပြီး ကျိုက်မရော စစ်ဒေသ၊ မုဒုံ-မော်လမြိုင် စစ်ဒေသ၊ သံဖြူဇရပ်-ရေ စစ်ဒေသ၊ ကြာအင်းဆိပ်ကြီး စစ်ဒေသဟူ၍ စစ်ဒေသ ၄ ခု ခွဲပြီး စစ်ရေးလှုပ်ရှားနေသည်ဟု မွန်ပြည်သစ် -AD ပြောခွင့်ရ နိုင်ဗညားမွန်က Myanmar Now ကို ပြောသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဠာန်းခွင့်ရရှိရန် အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ-AD က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲများဖော်ဆောင်လာခြင်းဖြစ်သည်။

ဒေသခံ သောင်းနှင့်ချီ တိမ်းရှောင်နေရ

မတ် ၂၄ မှ စတင်ခဲ့သည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲများကြောင့် ကော့ဘိန်း (ကအ်ဗိန်) ရွာ အပါအဝင် ရွာ ၁၀ ရွာခန့်က သောင်းနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အမည်မဖော်လိုသည့် လူမှုကယ်ဆယ်ရေးအသင်း ခေါင်းဆောင်တစ်ဦးက ပြောသည်။

“မတ် ၂၆ ကဆိုရင် လေယာဉ် ဗုံးကြဲတာကြောင့် ကော့ဘိန်းရဲစခန်းဘေးက နောင်ခဲရွာက အသက် ၅၅ နှစ်အရွယ် ၂ ဦး၊ အသက် ၁၄ နှစ်အရွယ် ၁ ဦးနဲ့ အသက် ၈ နှစ်အရွယ် ၁ ဦး ဒဏ်ရာရသွားတယ်။ ရဲစခန်းထိပ်က နောင်ခဲ ဆေးရုံကြီးဘေးက အိမ်တစ်အိမ်လောင်သွားတယ်။ ဘုန်းကြီးကျောင်းရော သီလရှင်ကျောင်းပါ ထိတယ်” ဟု ပြောသည်။

စစ်တပ်၏ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကော့ဘိန်း (ကအ်ဗိန်)၊ တရနာ၊ မင်းရွာ၊ ကော့ပေါက်၊ ဓမ္မဿ တို့အပါအဝင် ကျေးရွာ ၁၀ ရွာမှ လူဦးရေ သောင်းဂဏန်းကျော် တိမ်းရှောင်နေရပြီး အဝတ်အထည်နှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ဘုန်းကြီးကျောင်းမှာ နေတယ်။ နေလို့ မကောင်းတော့ ဘုန်းကြီးကျောင်းဘေးက တောမှာ မိုးကာလေးတွေထုတ်ပြီး နေကြတယ်။ ဘုန်းကြီးကတော့ ချက်ပြုတ်ကျွေးပေမဲ့ လူတွေကများတော့ သိပ်အဆင်မပြေဘူးလေ။ ကိုယ့်ဘာကိုယ် ချက်စားပေါ့” ဟု ပြောသည်။

ကော့ဘိန်းရွာ ရဲစခန်းသိမ်းသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်မှ သေဆုံးသူ ၅ ဦး၊ လက်နက် ၂၇ လက် ရရှိခဲ့ပြီး သုံ့ပန်း ၂၃ ဦး ဖမ်းဆီးရရှိခဲ့သည်၊ စစ်တပ်၏ လေကြောင်းပစ်ကူများကြောင့် ကျေးရွာစာသင်ကျောင်းနှင့် ပြည်သူလူထု နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ Lion Battalion က မတ် ၂၆ တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများရှိရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ၂၀၂၃ ဒီဇင်ဘာတွင် KNLA-PDF ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက် ကရင်နှင့် မွန်ပြည်နယ် နယ်စပ်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ထို့နောက် ၃ လကြာ တိုက်ခိုက်ခဲ့ပြီးနောက် ကော့ကရိတ်မြို့ကို KNLA-PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က မြို့ကို ပြန်လည်ရရှိရန် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button