စစ်ကိုင်းတိုင်း၊ ကလေးမြို့တက္ကသိုလ်မှ ကျောင်းသားနှင့် ဝန်ထမ်း ၁၀၀ ကျော်ကို နေရပ်ပြန်ခွင့်ပြုလိုက်ပြီဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကလေး – ပကဖ) ထံမှ သိရသည်။
တက္ကသိုလ်နယ်မြေတွင် တပ်စွဲထားသည့် စစ်တပ်ကို တော်လှန်ရေးအင်အားစုက ဖေဖော်ဝါရီ ၂၆ တွင် ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပါမောက္ခချုပ်အပါအဝင် ပါမောက္ခ၊ ကထိကများနှင့် ကျောင်းသား စုစုပေါင်း ၁၄၄ ဦးကို တိုက်ပွဲအတွင်းမှ ခေါ်ထုတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားသည်။
ဝန်ထုပ်ဝန်ပိုးဖြစ်လာသည့် ထိုလူစုကို ရက်ပိုင်းအတွင်းမှာပင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပြီး ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ကလေး – ပကဖ တာဝန်ခံက ပြောသည်။
“ကောင်းမွန်စွာနေထိုင်မယ့်အကြောင်း၊ စစ်ကောင်စီနဲ့ ပတ်သက်ခြင်းမရှိတော့ပါဘူးဆိုတဲ့ ဝန်ခံကတိနဲ့ လွှတ်လိုက်တာ” ဟု ၎င်းက ဆိုသည်။
“သူတို့ကို လုံခြုံစိတ်ချရတဲ့နေရာမှာ ထားရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အဲ့ဒီကိစ္စကတော့ နည်းနည်းဝန်ထုပ်ဝန်ပိုးဖြစ်တာပေါ့။ သူတို့ရဲ့ကျန်းမာရေးတို့၊ သူတို့ရဲ့စားသောက်ရေးတို့၊ သယ်ယူရေးတို့ပိုင်းမှာတော့ နည်းနည်း ဝန်ထုပ်ဝန်ပိုးဖြစ်တာပေါ့”
တက္ကသိုလ်ပါမောက္ခချုပ် ဦးယောဟန်ထွန်း အပါအဝင် ပါမောက္ခများ၊ ကထိကများကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
နေရပ်မပြန်ဘဲ တော်လှန်ရေးအင်အားစုထံတွင် ဆန္ဒအလျောက် ဆက်လက်နေထိုင်သည့် ကျောင်းသားများရှိကြောင်း၊ စစ်တပ်က လူသစ်စုဆောင်းနေသည့်ကာလဖြစ်သောကြောင့် ထိုသို့ နေထိုင်ကြခြင်း ဖြစ်ကြောင်း အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။
ကလေးမြို့နယ်တွင် ဖေဖော်ဝါရီ တတိယပတ်က စတင်ကာ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်နေသည်။
ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
ကလေးမြို့ တက္ကသိုလ်မှ ဝန်ထမ်းနှင့် ကျောင်းသား၊ ကျောင်းသူများကို PDF က ခေါ်သွားကြောင်း၊ စစ်တပ်က ၂၈၅ ဦးကို ခေါ်ထုတ်ခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်နေသည့် ကလေးမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ထားပြီး တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှု အားကောင်းသည်။
ဗျူဟာအရအချက်အချာကျသည့် လမ်းပိုင်းများဖြစ်သည့် အနောက်မြောက်ဘက်ရှိ ချင်းတောင်သို့သွားရာ လမ်းပေါ်တွင်ရှိသည့် ကလေးတက္ကသိုလ်တွင် စစ်တပ်က တပ်စွဲထားပြီး မကွေးတိုင်းနှင့် ဆက်သွယ်ထားသည့် မြို့တောင်ဘက်အထွက်ရှိ ကလေး-ဂန့်ဂေါ လမ်းပေါ်ရှိ နည်းပညာတက္ကသိုလ်ထဲတွင်လည်း စစ်တပ်က အာဏာသိမ်းပြီး လအတန်ကြာကပင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကိုင်များက အရပ်ဘက်အဆောက်အအုံများကို အကာအကွယ်ယူ တပ်စွဲလေ့ရှိရာ ထိုအထဲတွင် စာသင်ကျောင်းများလည်း ပါဝင်နေသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်လည်း ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်ကော်တက္ကသိုလ်တွင် စစ်တပ် တပ်စွဲထားစဉ် တိုက်ပွဲဖြစ်ပွားရာ တော်လှန်ရေးအင်အားစုက ပိတ်မိနေသည့် ပါမောက္ခချုပ်အပါအဝင် လူဦးရေ ၂၀၀ ကျော်ကို ခေါ်ထုတ်ခဲ့သည်။
၎င်းတို့အနက် ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီယန္တရားများတွင် မပါဝင်ရန် ကတိဝန်ခံချက် လက်မှတ်ရေးထိုးပြီး ကယား (ကရင်နီ) ဒေသပြင်ပသို့ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ကရင်နီပြည်နယ်တရားရုံးက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ၅ ဦးကို မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) အရ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ၉ သိန်းစီ ချမှတ်ခဲ့သည်။