
မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအနီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများ ရှိလာသောကြောင့် ဒေသခံ ၁,၃၀၀ ခန့် မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာကြသည်ဟု မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံကျော်က ပြောသည်။
မိုးကုတ်မြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာ ကျောက်ဝါနှင့် ချောင်းကြီးကျေးရွာအုပ်စုများရှိ ချောင်းကြီးအလယ်ရွာ၊ လီရှောကျောက်ပုံ၊ ရှမ်းကျောက်ပုံ၊ မန်နားစသည့် ရွာပေါင်း ၈ ရွာ ကျော်မှ ဒေသခံများသည် ရွေးကောက်ပွဲမကျင်းမီ တစ်ရက်အလို နိုဝင်ဘာ ၇ ကတည်းက တိမ်းရှောင်လာကြခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
တိမ်းရှောင်လာသူများကို မိုးကုတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် လတ်တလော နေရာချပေးထားပြီး လေးရက်အတွင်း တိမ်းရှောင်သူ ၁,၀၀၀ ကျော် ရှိလာသည်။
“သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းတွေက စားဖို့သောက်ဖို့ (အတွက်) လုပ်နေပါတယ်။ အစိုးရပိုင်းဆိုင်ရာကတော့ တိုင်းဒေသကြီးကို တင်ပြပြီး ဘယ်လိုဆက်လက်ထောက်ပံ့မလဲဆိုတာ ညွှန်ကြားတဲ့အတိုင်း လုပ်မှာပါ” ဟု ဦးနိုင်ငံကျော်က ပြောသည်။
TNLA က ကျေးရွာများအနီးအနားနှင့် ကျေးရွာများအတွင်း ဝင်ရောက်လာပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး အကြောင်းပြကာ ခေါ်ယူစစ်ဆေးခြင်းများ လုပ်ဆောင်လာသည့်အတွက် ကြောက်လန့်၍ တိမ်းရှောင်ရခြင်းဖြစ်ကြောင်း ချောင်းကုန်းအလယ်ရွာမှ ရောက်လာသူ ဒေသခံတစ်ဦးက ပြောသည်။ (၎င်း၏ လုံခြုံရေးအရ အမည်ကို ဖော်ပြနိုင်ခြင်း မရှိပါ)
“သူတို့ရှိနေတော့ ကြောက်ပြီး ဘာမှလည်း မလုပ်ရဲဘူးလေ။ စားဖို့သောက်ဖို့ ကိစ္စတွေလည်း ရှိနေသေးတယ်။ အခုထိလည်း ရွာအနီးအနားဝန်းကျင်မှာ ရှိနေတုန်းပဲလို့ သတင်းရတယ်” ဟု တိမ်းရှောင်လာသူ အဆိုပါ ဒေသခံက ပြောသည်။
မိုးကုတ်အနီးတဝိုက်ကျေးရွာများအတွင်း TNLA တပ်များ လှုပ်ရှားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံများထွက်ပြေးရကြသည့် သတင်းကို မသိရကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ပြောသည်။
“ဘာမှ ကြောက်စရာမရှိပါဘူး။ ဒါက ကျွန်တော်တို့ ပုံမှန်လှုပ်ရှားတာပဲ။ အရင်ကဆိုရင်လည်း ရွာတွေ အနီးအနားကို ရောက်တာပဲ” ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
မိုးကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ၂၀၁၅၊ ၂၀၁၆ ဝန်းကျင်အချိန်က တပ်မတော်နှင့် TNLA တို့ကြား တိုက်ပွဲများပင် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးတာအိုက်ကျော်က ထောက်ပြသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ ထက်မနည်း လှုပ်ရှားနေပြီး တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများ မကြာခဏဆိုသလို ထွက်ပြေးရလေ့ရှိသည်။