သတင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများဆက်ဖြစ်နေ

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့ ဆုံတွေ့သည့်နေရာတွင် တည်ရှိသည့် သပိတ်ကျင်းတွင် စစ်တပ်က လှုပ်ရှားမှု များပြားနေရာ တော်လှန်ရေးအဖွဲ့များနှင့် ထိပ်တိုက်တွေ့နေသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ယခုလဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီစစ်ကြောင်းများနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲများအကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်က မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည်ဟု ပြင်ဦးလွင်ခရိုင်ပကဖထံမှ သိရသည်။

“အဲ့ဒီစစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။ ရန်သူက အင်အား ၃၀၀ ဝန်းကျင်လောက်ကို ဖြန့်ခွဲပြီး စစ်ကြောင်းထိုးနေတာ၊ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်၊ အခုလက်ရှိလည်း တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်သေးတယ်” ဟု အထက်ပါ ပကဖတပ်ဖွဲ့တာဝန်ခံ ကိုကောင်းကင်က ပြောသည်။

ထိုစစ်ကြောင်းများသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့ စစ်ကောင်စီစခန်းသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများပို့ဆောင်ရန် ကြိုးပမ်းနေသလို၊ တကောင်းမြို့တွင်းမှ တပ်ကလည်း ကြိုနိုင်ရန် စစ်ကြောင်းထိုးနေသည်ဟုလည်း ထိုဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ပံကုန်းကျေးရွာဘက်မှ တကောင်းမြို့ဘက်သို့ ဦးတည်နေခဲ့သည့် စစ်ကြောင်းကို ကာကွယ်ရေးတပ်များက ဖြတ်တိုက်တိုက်ခိုက်ခဲ့သည်၊ ယခုလ ၅ ရက်နေ့တွင် တိုက်ပွဲ ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု ထိုကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

“သူတို့ပို့ရမယ့် စစ်ကူက မပို့နိုင်ဘဲ၊ ပြန်ဆုတ်သွားရတဲ့အခြေအနေဖြစ်ပါတယ်။ အထိအခိုက်လည်း များသွားတယ်။ အဲ့ဒါကြောင့် သူတို့က နောက်တစ်ကြိမ်ထပ်သွားဖို့ လုပ်မှာပဲ၊ အဲ့ဒီကျရင်လည်း တိုက်ပွဲက ပြန်ဖြစ်နိုင်ပါတယ်” ဟု သူက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားမှ ၁၄ ဦး သေဆုံးခဲ့သည်၊ ၄ ဦး ဖမ်းဆီးရမိသည်၊ လက်နက်ငယ် ၁၈ လက်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်သားများအထိအခိုက်များခဲ့သလို၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားရာ လက်ပံကုန်းရွာနှင့် တကောင်းမြို့အကြား ကျေးရွာများမှ အရပ်သား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့လည်း လက်နက်ကြီးစများထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

သပိတ်ကျင်းဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

မန္တလေးတိုင်းမြောက်ဘက်အစွန်၊ ဧရာဝတီမြစ်အရှေ့ဘက်ရှိ  သပိတ်ကျင်းမြို့နယ်သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့ ဆုံတွေ့သည့်နေရာတွင် တည်ရှိသည်။ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တိုက်ပွဲများအပြင်အထန်ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နှင့် ထိစပ်နေသည်။

ထို့ပြင် ပြီးခဲ့သည့် လကုန်ပိုင်းက စစ်အုပ်ချုပ်ရေးကြေညာချက်ထဲ ပါဝင်သွားသည့် မိုးမိတ်၊ မဘိမ်းမြို့တို့နှင့်လည်း နယ်ချင်း ဆက်စပ်နေသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ တွင်းငယ်ကျေးရွာတွင် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ၇ မိုင်ကျေးရွာတွင် စစ်အခြေခံလေ့ကျင့်ရေးကျောင်း၊ ကျောက်ကြီးတွင် နည်းပညာတပ်ရင်း စသည်ဖြင့် မူလကတည်းက စစ်ကောင်စီ၏ အထိုင်ချတပ်များရှိနေသည်။

အာဏာသိမ်းပြီးနောက်တွင်လည်း လက်ပံကြီးရွာကဲ့သို့သော ကျေးရွာအတွင်း ယာယီဝင်ရောက် တပ်စွဲထားသည့် တပ်များလည်း ရှိသည်။

Show More

Related Articles

Back to top button