သတင်း

နတ်မောက်မှ တော်လှန်ရေးလူငယ် ရိုက်နှက်အပြစ်ပေးခံရစဉ် သေဆုံး

မကွေးတိုင်းမှ OPRF-PLA အဖွဲ့တွင် ၁၇ နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦး အရက်သောက်မှုစွဲချက်ဖြင့် ရိုက်နှက်ကြိုးတုပ်ခံထားရစဉ် သေဆုံးသွားသည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦး အရက်သောက်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးရိုက်နှက်ခံရပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်က သေဆုံးသွားသည်ဟု စုံစမ်းသိရသည်။

သေဆုံးသူ အသက် ၁၇ နှစ်အရွယ် ကိုဖိုးသဲ ခေါ် ရဲဘော်မော်ကွန်းသစ်သည် အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF-PLA) ဟု အမည်ပေးထားသည့် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

OPRF-PLA တာဝန်ခံ စောကျော်ထန် ခေါ် ကျော်ကြီးဆိုသူနှင့် တပ်ဖွဲ့ဝင်များက ကိုဖိုးသဲကို လက်ပြန်ကြိုးတုပ် ရိုက်နှက်ကြသည်ဟု သေဆုံးသူနှင့် နီးစပ်သည့် ဒေသခံက Myanmar Now ကို ပြောသည်။

“တုတ်တွေနဲ့ရိုက်တာပါခင်ဗျာ။ ဝါးလုံးပေါ့ဗျာ။ ထမ်းပိုးကြီးတုတ်လောက်ပေါ့။ သူတို့ပြောတာတော့ အရက်သောက်လို့ (အပြစ်ပေးတာ) ပြောတာပဲ၊ ခိုးသောက်လို့ အပြစ်ပေးတာတဲ့” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညက လက်ပြန်ကြိုးတုပ်ခံထားရသည့် ကိုဖိုးသဲကို မြေကြီးပေါ်တွင် ဝမ်းလျားမှောက်ခိုင်းကာ တစ်လက်မခန့်ရှိ ဝါးဆစ်တုတ်၊ ခါးပတ်တို့ဖြင့် ရိုက်နှက်ကြသည်၊ ထိုညက သစ်ပင်တွင် လက်ပြန်ကြိုးတုပ်ထားစဉ် ဖေဖော်ဝါရီ ၂၅ နံနက် ၃ နာရီခန့်တွင် သေဆုံးသွားသည်ဟု ဒေသခံက ပြောသည်။

OPRF-PLA စခန်းသို့ သူငယ်ချင်းနှစ်ဦး အလည်လာရာ အရက်ဝယ်တိုက်ခဲ့သည်ဟု ကိုဖိုးသဲက ပြောဆိုရာ အဖွဲ့တာဝန်ခံ စောကျော်ထန်က ဖိနပ်၊ ခါးပတ်တို့ဖြင့် မျက်နှာနှင့် လက်ပြင်တစ်ဝိုက် ရိုက်နှက်သည်၊ ကျန်တပ်ဖွဲ့ဝင်များကိုလည်း တုတ်ဖြင့် ၅ ချက်စီ ရိုက်ကာ ဒဏ်ပေးရန် ခိုင်းစေခဲ့သည်ဟုလည်း ထိုဒေသခံက ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံနောက်တစ်ဦးကလည်း ကိုဖိုးသဲသည် ရိုက်နှက်ခံရပြီးနောက် သစ်ပင်၌ တစ်ညလုံး ကြိုးတုပ်ခံထားရကြောင်း၊ ညပိုင်းတွင် ရေဆာသဖြင့် ရေသုံးခွက် တောင်းသောက်ပြီးနောက် မချိမဆံ့ဖြင့် သေဆုံးသွားကြောင်း  ပြောသည်။ 

သေဆုံးသွားသည့် ကိုဖိုးသဲ

“ရိုက်နှက်ပုတ်ခတ်နေတာက ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ အဲ့လိုမျိုးလုပ်ရမှာလဲ” ဟု ဒေသခံက ပြောသည်။

သေဆုံးသည့်အကြောင်းရင်းကို ပြောဆိုသဖြင့် အန္တရာယ်ပြုလာမည်ကို စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောသည်။

အလောင်းကို ထိုနေ့နံနက်တွင်ပင် ချက်ချင်းမြေမြှုပ်သင်္ဂြိုဟ်လိုက်သည်ဟု သိရသည်။

ကိုဖိုးသဲသည် မိတ်ဆွေများပြီး ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်သလို တော်လှန်ရေးတွင် စိတ်အားထက်သန်စွာပါဝင်လိုသူဖြစ်သည်ဟုလည်း သိရသည်။

ကိုဖိုးသဲသည် ကိုဗစ်ကပ်ရောဂါကြောင့် ၇ တန်းစားမေးပွဲ မဖြေဆိုတော့ဘဲ ကျောင်းနားထားသူဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က OPRF-PLA အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

OPRF-PLA အဖွဲ့၏ တုံ့ပြန်ချက်

ကိုဖိုးသဲသေဆုံးမှုနှင့်ပတ်သက်၍ OPRF-PLA အဖွဲ့ခေါင်းဆောင် စောကျော်ထန်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အရက်ခိုးသောက်၍ ကြိမ်ဒဏ်ပေးခဲ့ကြောင်း၊ ညသန်းခေါင်အချိန်တွင် ပြို့အန်ကာ အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ သေဆုံးသွားကြောင်း ပြောသည်။

“အန်တဲ့အသံတွေကြားတော့ ကျွန်တော်တို့ သွားကြည့်တဲ့အချိန်မှာ လည်ပင်းတစ်လျှောက် နှာခေါင်းတွေ၊ ပါးစပ်တွေမှာ အစားလည်း များများစားထားတော့ အစာတွေက ဆို့နေတယ်။ အဲ့ဒီမှာ အသက်ရှူဖို့ ခက်နေတယ်။ အစာတွေကို ထုတ်ပေးဖို့ ကျွန်တော်တို့ ရဲဘော်တွေက ကြိုးစားကြတယ်။ အသက်ရှူလမ်းကြောင်း Block ဖြစ်သွားတယ် (ပိတ်သွားတယ်)။ အဲလိုနဲ့ သူအန်ဖတ်ဆို့သလိုပုံစံမျိုး အသက်ဆုံးရှုံးသွားတယ်” ဟု ၎င်းက ဆိုသည်။

ကြိမ်ဒဏ်မည်မျှပေးခဲ့သည်ကို မမှတ်မိတော့ကြောင်း၊ လူငယ်ဖြစ်၍ ကျန်းမာရေးကောင်းပြီး ယခင်က ရောဂါအခံရှိမရှိကိုမူ မသိကြောင်း သူက ဆက်ပြောသည်။

ကိုဖိုးသဲ သေဆုံးမှုနှင့် ပတ်သက်၍ OPRF-PLA ၏ ထုတ်ပြန်ချက်

ကိုဖိုးသဲသေဆုံးမှုနှင့်ပတ်သက်၍ OPRF-PLA အဖွဲ့၏ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် အရက်သောက်၍ ရိုက်နှက်အပြစ်ပေးမှုအကြောင်း ချန်လှပ်ထားသည်ကို တွေ့ရသည်။

ကျန်းမာရေးအခြေအနေ အရေးပေါ် ဆိုးရွားလာပြီး အသက်ဆုံးရှုံးသွားကြောင်း ဖော်ပြထားသည်။ မတ်လ ၁ ရက်နေ့တွင်လည်း ကိုဖိုးသဲသေဆုံးမှုအတွက် ရက်လည်ရေစက်ချအလှူပြုလုပ်ခဲ့ကြောင်း OPRF-PLA အဖွဲ့က ထုတ်ပြန်ထားသည်။

နတ်မောက်အခြေပြု OPRF-PLA အဖွဲ့သည် မိတ္ထီလာနှင့် နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသည့် အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု (CRC-PLA) တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်သည်။ CRC-PLA တပ်ပေါင်းစုတွင် ကိုစောကျော်ထန်သည် ဥက္ကဋ္ဌဖြစ်သည်။

CRC-PLA သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG တပ်ရင်းတစ်ခုအဖြစ် လျှောက်ထားခဲ့သော်လည်း ခွင့်ပြုချက်မကျခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် CRC သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ လမ်းစဉ်မူဝါဒတူညီသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာခဲ့သည်။

CRC-PLA တပ်ပေါင်းစုသည် PLA ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် မရှိသေးဘဲ PLA မူဝါဒကို ကျင့်သုံး၍ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button