သတင်း

ကာဘိုးပဋိပက္ခတွင် အဖမ်းခံထားရသူများမှာ တိုင်ကြားခံထားရသူများ မဟုတ်ဟု စွပ်စွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝန်းရံသူများ ရိုက်နှက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့သည့် ကာဘိုးဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူများကို ဓာတ်ပုံအထောက်အထားနှင့်တကွ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသော်လည်း ၎င်းတို့ကို ဖမ်းဆီးစစ်ဆေးမှု မရှိသေးကြောင်း ကာဘိုးဒေသခံများက ပြောသည်။ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၌ အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ကိုမျိုးဝင်းစိုးအမည်ရှိ ၃၈ နှစ်အရွယ် လူတစ်ဦး ရိုက်နှက်ခံခဲ့ရပြီး နှစ်ရက်အကြာတွင် ရရှိခဲ့သောဒဏ်ရာများဖြင့် မန္တလေးပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့သည်။ 

အင်အားပြ မဲဆွယ်စည်းရုံးရေးလှည့်လည်စဉ် ကာဘိုးကျေးရွာအရောက်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက ဆိုင်ကယ်များနှင့် နေအိမ်တစ်လုံးလည်း ဖျက်ဆီးခံခဲ့ရသည်။ 

ကိုမျိုးဝင်းစိုးသည် ထိုခိုက်ရန်ဖြစ်ပွားမှုတွင် မပါဝင်ဘဲ လာရောက်ကြည့်ရှုခဲ့ခြင်းသာဖြစ်ပြီး NLD အင်္ကျီဝတ်ဆင်ထားသဖြင့် ပြည်ခိုင်ဖြိုးဝန်းရံသူများက အကြောင်းမဲ့ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

ကိုမျိုးဝင်းစိုးသေဆုံးမှုအတွက် ဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုထဲမှ မှတ်တမ်းဓာတ်ပုံများ ရယူကာ ကျူးလွန်သူဟု ယူဆရသူများကို နေရပ်လိပ်စာနှင့်တကွ ဖော်ပြ၍ ဒေသခံများက ရဲတပ်ဖွဲ့ထံ အောက်တိုဘာ ၂၄ တွင် တိုင်ကြားခဲ့သည်။

ထိုသို့ တိုင်ကြားထားသော်လည်း ယနေ့အထိ ဖမ်းဆီးအရေးယူမှု မရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှုများအတွက်လည်း ပြည်ခိုင်ဖြိုးပါတီက တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း နေအိမ်ဖျက်ဆီးခံခဲ့ရသည့် ကိုသန်းထွန်းအောင်က ပြောသည်။

“ကိုမျိုးဝင်းစိုး သေတဲ့အနားမှာ တုတ်၊ ဓားတွေကိုင်ပြီး တကယ်လုပ်တဲ့သူတွေ ၁၀ ယောက်လောက်ပေါ့။ ကျန်တာတွေ ဖယ်ထားပြီး တိုင်တာ။ သူတို့က ခုထိလွတ်နေတာ၊ ဒါန်းပင်ရွာက အများဆုံးပဲ၊ ဘယ်သူ့ဘယ်သူ သားပေါ့၊ အတိအကျကို တိုင်ထားတာ၊ အရေးယူမှု မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ကျူးလွန်သူ ၁၂ ဦးခန့်ကို ဖမ်းဆီးထားပြီး လူအချို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အချို့ကို လူသတ်မှုပုဒ်မများဖြင့် အမှုဖွင့်ထားသည်ဟု ကန့်ဘလူခရိုင် ရဲမှူးက ပြောသည်။

ဒေသခံများကမူ ရဲက ဖမ်းဆီးထားသူများမှာ ၎င်းတို့တိုင်ကြားထားသူများ မဟုတ်ဘဲ အမှန်တကယ်ကျူးလွန်သူများကို ဖမ်းဆီးခြင်းမရှိသေးကြောင်း ဆိုသည်။

“ဒေသခံတွေ တိုင်တယ်ဆိုတာက ကားပေါ်တက်တဲ့သူတွေ ပြောလိုပြော၊ တုတ်ကိုင်တာနဲ့ တိုင်လိုတိုင်၊ ကျွန်တော်တို့ လိုချင်တာက ပြစ်မှုကျူးလွန်တဲ့သူတွေလေ။ တုတ်ကိုင်လမ်းလျှောက်တာနဲ့ပဲ တရားသွားစွဲလို့ ပြီးမှာမဟုတ်ဘူး။ ကျူးလွန်သူတွေက သူတို့တိုင်တဲ့သူတွေ မဟုတ်ဘူး။ တစ်နေရာက ထွက်လာတာ” ဟု ခရိုင်ရဲမှူးက ပြောသည်။

အမှုကို ဆက်လက်ဖော်ထုတ် တရားစွဲဆိုသွားမည်ဟုလည်း ကန့်ဘလူခရိုင် ရဲမှူးက ပြောသည်။

ယင်းအမှုအတွက် သီးသန့်စုံစမ်းရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောကြားထားသော်လည်း ယနေ့အထိ တိုင်းအစိုးရက ကွင်းဆင်းစစ်ဆေးမှု တစ်စုံတစ်ရာမရှိသေးကြောင်းလည်း ဒေသခံများက ပြောသည်။

လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မဲဆွယ်ယာဉ်တန်းဖြင့် လိုက်ပါလာသူများတွင် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ပါဝင်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုထားသော်လည်း ပါတီဘက်ကမူ ငြင်းဆိုထားသည်။ 

မဲဆွယ်စည်းရုံးရေးယာဉ်တန်းသည် ပါတီဝန်းရံသူများ၏ကိုယ်ပိုင်အစီအစဉ်သာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးက အောက်တိုဘာ ၂၇ က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ 

ထိုပြည်ခိုင်ဖြိုးယာဉ်တန်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် စည်းရုံးရေးမှူးများ ပါဝင်သည်ဆိုပါက အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလေးနိုင်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကြား ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများနှင့် ပဋိပက္ခများအနက် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

Show More

Related Articles

Back to top button