သတင်း

ဆေးကုသခွင့်မရသည့် ဒိုက်ဦးထောင်မှ နိုင်ကျဉ်းတစ်ဦး သေဆုံး

လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးမရရှိသဖြင့် ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှ အသက် ၆၀ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး မတ်လ ၆ ရက်နေ့က သေဆုံးခဲ့ရသည်။

လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးမရရှိသဖြင့် ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှ အသက် ၆၀ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး မတ်လ ၆ ရက်နေ့က သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသူ အသက် ၆၄ နှစ်အရွယ် တောင်သူ ဦးခင်စိုးသည် ပဲခူးတိုင်း၊ ဝေါမြို့နယ် ကတွတ်ကျေးရွာဇာတိဖြစ်ပြီး ထိုရွာတွင် စစ်ကောင်စီလက်နက်ကိုင်တို့ တိုက်ခိုက်ခံရ၍ ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးထောင်ချခံရသည့် ဒေသခံများထဲမှ တစ်ဦး ဖြစ်သည်။

စစ်တပ်က သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု ၅၀ (ည) တို့ဖြင့် အမှုဖွင့် တရားစွဲကာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း အကျဉ်းထောင်ဝန်ထမ်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ​ – အကျဉ်းဦးစီးဌာန)

ဦးခင်စိုးသည် အစာအိမ်လမ်းကြောင်းမကောင်းခြင်း၊ ဝမ်းချုပ်ခြင်းတို့ကြောင့် မကြာခဏ ဗိုက်အောင့်ဗိုက်နာပြီး ဆေးရုံတက်နေရသူ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောသည်။

“အကျဉ်းထောင်မှာက စီဗစ်ဆိုတဲ့ ဆေးပဲ ပေးတော့ အနာနဲ့ ဆေး မတည့်တာရော၊ အသက်အရွယ်ကြီးတော့ ကိုယ်ခံအားကျဆင်းလာတာရယ်၊ နောက်တစ်ခုက အရေးပေါ်ဖြစ်တဲ့အချိန်မှာ ထောင်က ဆရာဝန်တွေ ရောက်မလာတာရယ် ဒါတွေကြောင့် သူက ဆုံးသွားရတာ ဖြစ်ပါတယ်ခင်ဗျ” ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်များသည် မည်သည့်ရောဂါဖြစ်ဖြစ် ပါရာစီတမော့နှင့် စီဗစ်ဆေးတို့သာ ပေးလေ့ရှိကြောင်း၊ အနာနှင့် ဆေးမတည့်ဘဲ ရက်လွန်ဆေးဝါးများကို အများဆုံး အသုံးပြုလေ့ရှိကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။

ယခင်က အကျဉ်းထောင်များတွင် လိုအပ်သည့် ဆေးဝါးများကို မိသားစုများမှတစ်ဆင့် မှာယူရရှိသော်လည်း ၂၀၂၃ ခုနှစ်ဇူလိုင်လ နောက်ပိုင်းတွင် မိသားစုများ ဆေးဝါးပို့ခွင့်ကို ပိတ်ပင်လာကြောင်း ၎င်းက ဆိုသည်။

“အကျဉ်းထောင်ထဲမှာ ဆေးဝါးမလုံလောက်တဲ့အပြင် မိသားစုက ပို့တာ ပိတ်ပင်တဲ့အတွက် ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အကျဉ်းသားတွေကို သတ်ဖြတ်နေတယ်လို့ပဲ စွပ်စွဲချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ နှင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသည့် အသက် ၆၈ နှစ်အရွယ် နိုင်ကျဉ်းဖြစ်သူ ကိုအေးဝင်းလည်း လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှု မရရှိ၍ သေဆုံးခဲ့သည်။

လုံလောက်သည့် ဆေးဝါးကုသခွင့်မရသဖြင့် ၂၀၂၃ တွင် နိုင်ကျဉ်း ၁၇ ဦးနှင့် ၂၀၂၄ မတ်လအထိ နိုင်ကျဉ်း ၇ ဦး သေဆုံးခဲ့ရသည်ဟု နိုင်ကျဉ်းကွန်ရက်က ထုတ်ပြန်ထားသည်။

ဒိုက်ဦးထောင်သည် နိုင်ကျဉ်းများကို ဖိနှိပ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ဒိုက်ဦးထောင်မှ နိုင်ကျဉ်းများကို စစ်တပ်နှင့် ထောင်အာဏာပိုင်တို့က သတ်ဖြတ်ခဲ့သည်။

Show More

Related Articles

Back to top button