သတင်း

ရှမ်းတောင်တိုက်ပွဲအတွင်း အရပ်သား ၄၇ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၄၂ ရက်အကြာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း သေဆုံးသည့် အရပ်သားများထဲတွင် ကလေး ၅ ဦး ပါဝင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်တို့တွင် တိုက်ပွဲ ၄၂ ရက်ကြာ ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း အရပ်သား ၄၇ ဦးသေဆုံးထားကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

PYO သည် ဇန်နဝါရီလ ၂၁ ရက်မှ မတ်လ ၂ ရက်အထိ စစ်ကောင်စီတပ်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) တို့အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများကို စုံစမ်းစာရင်းပြုစုထားခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် အသက် ၆ လသားအရွယ် ကလေး ၁ ဦး၊ အသက် ၅ နှစ်နှင့် ၁၀ နှစ်ကြား ယောကျ်ားလေး ၁ ဦးနှင့် မိန်းကလေး ၃ ဦး ပါဝင်ကြောင်း PYO ဘက်က ဆိုသည်။

အသက်ပြည့်ပြီးသူများထဲတွင် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး၂ ဦး၊ ရုပ်အလောင်း ကျား/မ မခွဲခြားနိုင်သူ ၆ ဦး ပါဝင်ကြောင်း PYO ၏ အချက်အလက်အရ သိရသည်။

PYO ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားများ ပိုမို ထိခိုက်ရကြောင်း Myanmar Now ကို ပြောသည်။

“မြေပြင်တိုက်ပွဲဖြစ်ပွားနေမှုအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု၊ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှုများသလို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဧရိယာမှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုတို့ကြောင့် သေဆုံးမှုကလည်း များနေတယ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားတပ် (PNA) ပြည်သူ့စစ် ပူးပေါင်းထားသော တပ်ဖွဲ့ဝင်များသည် လက်နက်များ သယ်ဆောင်လာသည့် PNLA ယာဉ်တန်းကို ပိတ်ဆို့တားဆီးရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အပြန်အလှန်ပစ်ခတ်မှုများ စတင်ခဲ့သည်။

နောက်တစ်နေ့တွင် PNLA နှင့် ကရင်နီမဟာမိတ်တပ်များက ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဝင်တိုက်ရာ တိုက်ပွဲသည် ဆီဆိုင်မြောက်ဘက်ရှိ ဟိုပုံးနှင့် ဆီဆိုင်အရှေ့မြောက်ဘက်ရှိ မိုင်းပွန်၊ လွိုင်လင်မြို့နယ်အထိ ကျယ်ပြန့်လာသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဟိုပုံးနှင့် မိုင်းပွန်ကြားရှိ စစ်ကောင်စီနှင့် PNA ပူးပေါင်းတပ်များကို တိုက်ခိုက်ရာ တောင်ကြီး-ဟိုပုံး-မိုင်းပွန် ကားလမ်းကို စစ်ကောင်စီဘက်က ပိတ်ပစ်လိုက်သည်။

မိုင်းပွန်မြို့အနောက်ဘက်အထွက်ရှိ မိုင်းပွန်တံတားဂိတ်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီတွင် စစ်ကောင်စီဘက်က ပိတ်လိုက်သဖြင့် ခရီးသွားဘတ်စ်ကားနှင့် ကုန်ကားများ ရှေ့မတိုးနိုင်တော့ဘဲ ပိတ်ဆို့သွားသည်။

လမ်းပိတ်ထားသဖြင့် အခက်အခဲဖြစ်နေသူများကို မိုင်းပွန်ဒေသခံတချို့က အစားအစာနှင့် သောက်ရေ ပေးဝေကြသည်။

ပိတ်ထားသည့်လမ်းကို စစ်ကောင်စီတပ်က မတ်လ ၁ ရက်နေ့တွင် ပြန်ဖွင့်ပေးသည်ဟု မိုင်းပွန်ဒေသခံတချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဘက်ကလည်း မတ်လ ၂ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဟိုပုံး – မိုင်းပွန်လမ်းသည် PNLA အပါအဝင် PNLA ၏ မဟာမိတ်ဖြစ်သော ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ကြောင့် ပိတ်ဆို့နေခြင်းဖြစ်ကြောင်း စွပ်စွဲပြစ်တင်ထားသည်။

ဓာတ်ပုံ – ပအိုဝ်းလူငယ်အစည်းအရုံး (PYO)

စစ်ကောင်စီတပ်သည် ဟိုပုံး – မိုင်းပွန်သွားလမ်းကို စိုးမိုးနိုင်ရန် ဖေဖော်ဝါရီ ၂၂ တွင် နယ်မြေရှင်းသည့် တန်ပြန်စစ်ဆင်ရေးစတင်ရာ ထိတွေ့တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၂၉ တွင် လမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီဘက်က ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ စစ်ဆင်ရေးဆောင်ရွက်နေသည့် PNA အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သူ ခွန်ထွန်းရွှေကလည်း PNLA နှင့် ကရင်နီပူးပေါင်းတပ်များ ဟိုပုံး-မိုင်းပွန်လမ်း၏ တောင်ဘက်ကို ဆုတ်ခွာသွားသဖြင့် လမ်းပြန်ပွင့်နေပြီဟု Myanmar Now ကို ပြောသည်။

အဆိုပါ လမ်းသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကုန်စည်များ အပြန်အလှန်စီးဆင်းရာ လမ်းဖြစ်သဖြင့် ဒေသအတွက် အရေးပါသည်ဟု ၎င်းက ဆိုသည်။

“သူတို့က စဝင်လာလို့ ကျွန်တော်တို့က ခုခံကာကွယ်ရတဲ့ သဘောပါ။ အရပ်သားသေဆုံးတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဦးရေအတိအကျကတော့ မြေပြင်သတင်းက မသိရသေးတော့ အဲဒီဟာကို ကျွန်တော် မှတ်ချက်မပေးနိုင်ပါဘူး။ စစ်ရှောင်ကတော့ တိုးလာတာ မရှိပါဘူး” ဟု ခွန်ထွန်းရွှေက ဆိုသည်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယန်ကမူ လမ်းကို PNLA ဘက်က ပိတ်ဆို့သည်ဆိုသည့် စွပ်စွဲချက်သည် မမှန်ကန်ကြောင်း Myanmar Now ကို ပြောသည်။

“စစ်ကောင်စီကသာ ပြည်သူအခက်အခဲဖြစ်အောင် ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ လမ်းမကြီးကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အချိန်မှာလည်း ခရီးသွားပြည်သူတွေကို ပစ်ခတ်တာတွေလည်း စစ်ကောင်စီက ပြုလုပ်ခဲ့တာရှိပါတယ်။ လမ်းမကြီးကို သူတို့ပဲ ပိတ်ဆို့၊ သူတို့ပဲ ပြန်ဖွင့်ပြီး အမျိုးမျိုးလုပ်ကြံဖန်တီး ပြောဆိုနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ခွန်ရိန်းယန်က စစ်ကောင်စီတပ်သည် မတ်လ ၂ ရက်နေ့ကလည်း ဟိုပုံးမြို့ မြောက်ဘက် စကားဒေသရှိ မဲနယ်တောင်သို့ အတွဲလိုက်ပစ်သည့် ဒုံးများဖြင့် အကြိမ် ၆၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“အတွဲလိုက်ဒုံးပစ်တာက သေချာပါတယ်။ ပေါက်ကွဲပုံကော ပစ်ခတ်လာတဲ့ပုံစံတွေ အသံတွေ ထိရောက်မှုတွေပါ မတူပါဘူး။ တိုက်ပွဲကတော့ နေ့စဉ်နေ့တိုင်း ဖြစ်ပွားနေပါတယ်” ဟု ခွန်ရိန်းယန်က ပြောသည်။

တိုက်ပွဲများဆက်ရှိနေသေးသဖြင့် ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့မှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။

PYO က ပြုစုထားသည့် အချက်အလက်များအရ ဇန်နဝါရီ ၂၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ တိုက်ပွဲအတွင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင် ၃ မြို့နယ်မှ နေရပ်စွန့်ခွာထွက်ပြေးရသည့် အရပ်သား ၉၅၄၉၂ ဦးရှိကြောင်း သိရသည်။

PYO ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း စစ်ဘေးရှောင်များသည် တိုက်ပွဲမဖြစ်သည့် ကျေးရွာများနှင့် ဘေးလွတ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေရပြီး ဝမ်းရောဂါဖြစ်ပွားမှုများ ရှိသလို ဆေးဝါး၊ ရိက္ခာနှင့် သောက်သုံးရေမလုံလောက်မှု အခက်အခဲများ ကြုံနေရကြောင်း Myanmar Now ကို ရှင်းပြသည်။

“အချို့နေရာတွေမှာတော့ စစ်ဖြစ်ရင် ရှောင်လိုက် တိုက်ပွဲငြိမ်ရင် အိမ်ပြန်သွားလိုက် လုပ်နေတာတော့ရှိတယ်။ အဓိကအခက်အခဲကတော့ အရေးပေါ်လုံခြုံတဲ့နေရာထိုင်ခင်း အရေးပေါ်စားနပ်ရိက္ခာနဲ့ တစ်ကိုယ်ရေသုံးပစ္စည်း အရေးတကြီးလိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

“မြို့ပေါ်ကို ရှောင်ရင်လည်း စစ်ကောင်စီက ပေါ်တာဆွဲမှာ ကြောက်ကြ စိုးရိမ်ကြတယ်။ PNA က ပြည်သူ့စစ် စစ်သားစုဆောင်းကြမှာကို စိုးရိမ်နေကြရတယ်”

PNA နှင့် PNLA တို့သည် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးတွင် အစဉ်အလာကြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ဆင်းသက်လာသည့် အဖွဲ့ ၂ဖွဲ့ဖြစ်သည်။

ယခုအခါ PNA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ပအိုးအမျိုးသားအဖွဲ့ချုပ် (PNO) ဖြစ်ပြီး PNLA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဖြစ်သည်။

ပအလဖသည် ၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖြစ် အမည်ပြောင်းလဲလိုက်ပြီး ၁၉၇၃ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့် ပေါင်းရေး မပေါင်းရေးအပေါ် မူတည်ကာ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်လာသည်။

၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မပူးပေါင်းလိုဘဲ ပအိုဝ်းအမျိုးသားရေးလမ်းစဉ်ကို စွဲကိုင်သည့် ဦးအောင်ခမ်းထီက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို ထူထောင်ကာ သီးခြားရပ်တည်လာသည်။

PNO ကို ပအိုဝ်းဖြူဟု လူသိများသည်။ ရလလဖမှာ ကွန်မြူနစ်ပါတီနှင့် နီးစပ်သဖြင့် ပအိုဝ်းနီဟုလည်း ခေါ်ကြသည်။

PNO သည် ၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့သလို နိုင်ငံရေးပါတီထောင်ကာ အထွေထွေရွေးကောက်ပွဲများတွင် ပါဝင်အရွေးခံခဲ့သည်။

PNO ခွဲထွက်ပြီးနောက်တွင် ရလလဖ သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူကာ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်အပ်လိုက်သဖြင့် အဖွဲ့ပျက်သွားသည်။ ရလလဖမပျက်မီမှာပင် ရလလဖထဲမှ ခွဲထွက်လာသူများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို ထူထောင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် အခြေစိုက်ကာ စစ်ရေးလှုပ်ရှားသည်။

PNLO သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးပြီး မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။

Show More

Related Articles

Back to top button