
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအနောက်ရပ်ကွက်၊ စက်ဆန်းအပိုင်ရှိ မဲရုံ အမှတ် ၂၊ ၃၊ ၄ တို့တွင် မဲပေးသူများပြားသည့်အတွက် မနက်ခြောက်နာရီကတည်းက စောင့်ဆိုင်းနေကြပြီး နေ့လယ် ၂ နာရီကျော်ထိ မဲမပေးရသေးဘဲ နေပူထဲတွင် ရေဘူးများ၊ ထီးများကိုင်ကာ မဲပေးရန်စောင့်ဆိုင်းနေပြီး ညနေ ၄ နာရီ မဲရုံပိတ်ပါက မဲပေးခွင့်မရမှာကို စိုးရိမ်နေသည်။
ညနေ ၄ နာရီ ကျော်ပါကလည်း မဲပေးခွင့် ရရှိရန် မျှော်လင့်နေပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲရုံပြင်ပ၌ ပရိဝုဏ် သတ်မှတ်၍ စည်းကြိုးများ တားကာ ၄ နာရီအထိ စည်းဝိုင်းထဲ ရှိသူများ အကုန် မဲပေးခွင့် ရရှိရန် ဆောင်ရွက်ပေးမည်ဟု သိရသည်။
ထိုရပ်ကွက်တွင် မဲ ဆန္ဒရှင်ပေါင်း ၄၀၀၀ ကျော် ရှိပြီး အ.မ.က အမှတ် ၂ ကျောင်း တွင် မဲရုံ အမှတ် ၂၊ ၃၊ ၄ သုံးရုံ စုပေါင်း၍ မဲပေးရမည် ဖြစ်သည်။ ကြိုတင်မဲ အပါအဝင် နေ့လယ် ၂ နာရီထိ မဲဆန္ဒရှင် ၂၀၀၀ နီးပါးက မဲပေးပြီး ဖြစ်၍ လူထောင်ချီမဲပေးရန် ကျန်ရှိသေးကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသစ်လွင်က ပြောသည်။
မနက် ၆ နာရီ ကတည်းက မဲပေးခွင့် ရရှိရန် နေပူပူ၊ လူအုပ်ထဲတွင် ကျပ်ကျပ်တည်းတည်း စောင့်ဆိုင်းနေရသည့် အသက် ၄၂ အရွယ် ဦးမြင့်စိုးက ကိုဗစ်နိုင်တင်းရောဂါထက် မဲမပေးလိုက်ရမည်ကို စိတ်ပူကြောင်း ဆိုသည်။ “နေပူလွန်းလို့ မူးတောင်လာတယ်” ဟု ၎င်းက ဆိုသည်။ ဆိတ်ကြီးခနောင်တို မြို့နယ်၌ အင်အားကြီးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်၍ နိုင်ငံရေးအရ စိတ်ဝင်စားမှုခံရသည့် မြို့ဖြစ်သည်။
သတင်းနှင့် ရိုက်ကူး – ဖြိုးထက်အောင်/ခင်မို့မို့လွင်
[youtube https://youtu.be/nK82U11WE68]