ရွေးကောက်ပွဲ

ပြည်ခိုင်ဖြိုး၏ ကာကွယ်ရေးဝန်ကြီးဟောင်း NLD ကို ထပ်မံအရေးနိမ့်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်သည် ပြိုင်ဘက်ဟောင်း ကဗျာဆရာကို ပြီးခဲ့သည့် ရွေးကောက်ပွဲထက် ဆိုးရွားသောရလဒ်ဖြင့် အရေးနိမ့်သွားသည်။

အဆိုပါမဲဆန္ဒနယ်တွင် မဲလဒ်များရေတွက်အပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်လောင်း ကဗျာဆရာ ဦးရည်မွန်(ခ)မောင်တင်သစ်က ၄၃,၁၀၁မဲ၊ ဦးဝေလွင်က ၃၂,၉၄၂ မဲ ရခဲ့ပြီး မဲကွာဟချက် တစ်သောင်းကျော် (၁၀,၁၅၉) ရှိခဲ့သည်။  

၎င်းတို့နှစ်ဦးသည် ပြိုင်ဘက်ဟောင်းများဖြစ်ကြပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မဲကွာဟချက် လွန်စွာ ကျဉ်းမြောင်းခဲ့ပြီး ဦးရည်မွန်(ခ)မောင်တင်သစ်က ၁၇၆ မဲအသာဖြင့်သာ ဦးဝေလွင်ကို အနိုင်ရရရှိခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင် မဲကွာဟချက် တစ်သောင်းကျော်အထိ ရှိခဲ့သည်။

ဦးဝေလွင်မှာ တပ်မတော်က ဦးစီးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ဖြင့် ပြည်ခိုင်ဖြိုး အာဏာရပြီးချိန် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။

၎င်းသည် ဦးသန်းရွှေ၏ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်သည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် နှစ်ကြိမ်ဆက်အနိုင်ရသူဖြစ်လာသည့် ဦးရည်မွန်(ခ)မောင်တင်သစ်မှာ ပြီးခဲ့သည့်လွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးရာတွင် ပြောင်မြောက်ထိမိသော စကားလုံးများဖြင့် လက်တမ်းပြောဆိုနိုင်ခဲ့ခြင်းကြောင့် နာမည်ကျော်ခဲ့သူ ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စုစုပေါင်း တစ်သိန်းနီးပါး မဲပေးခွင့်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အတွက် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလ ၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

Show More

Related Articles

Back to top button