
ရိုက်တာသတင်းထောက်နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး ထောင်ချောက်ဆင်ဖမ်းဆီးခံရတာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက် ဖမ်းဆီးအပြစ်ပေးခံထားရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ဒီနေ့ဒီဇင်ဘာလ ၂၂ ရက်နေ့ ရန်ကုန်မြို့မှာ Pen Myanmar က “လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးသူ နိုင်ငံ့ဝန်ထမ်းဟောင်း” ဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး ညီဖြစ်သူ ဦးရဲဝင့်နိုင်က တက်ရောက်ယူခဲ့ပါတယ်။
ဆုတံဆိပ်နဲ့အတူ ငွေသားဆယ့်ငါးသိန်းခြောက်သောင်းကိုလည်း ပေးအပ်ခဲ့ပါတယ်။
“သူတို့ကိုကြေညာထားတာက ကျွန်တော့်အကိုလိုပဲ စာရွက်စာတမ်းတွေလက်ခံလို့လို့ ကြေညာတယ်။ သူတို့အရေးယူအပြစ်ပေးခံလိုက်ရတော့ ဖုန်းထဲကအချက်အလက်တွေနဲ့လို့ သိရတာပေါ့နော်၊ သေချာတယ် အဲဒီကျတော့ အမှန်တရားတစ်ခုက ပျောက်ဆုံးသွားတာပေါ့” လို့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ရဲ့ ညီဖြစ်သူ ဦးရဲဝင့်နိုင်က ပြောပါတယ်။
အကိုဖြစ်တဲ့ ဒုရဲမှူးဟောင်းနဲ့အတူ ရိုက်တာသတင်းထောက်တွေဘက်က လေးစားစွာရပ်တည်ကြောင်းလည်း သူက ပြောပါတယ်။ မကြာသေးခင်က ဟံဟာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကလည်း ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။
လက်ရှိရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့က နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ မကြာသေးခင်က ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးချမှခံထားရပြီး ဒုရဲမှူးဟောင်းမိုးရန်နိုင်ငံကတော့ မိမိကိုယ်ကိုယ် ဘယ်တရားရုံးက ဘယ်လိုစီရင်ချက် ချမှတ်ခံထားရမှန်းမသိသလို ထောင်ဒဏ်အချိန်ကာလ မည်မျှကြာချမှတ်ခံထားရသည်ကိုလည်း မသိရှိရကြောင်းနဲ့ တနင်္ဂနွေနေ့တိုင်း မိသားစုထောင်ဝင်စာတွေ့ခွင့်ရကြောင်း ညီဖြစ်သူ ဦးရဲဝင့်နိုင်က ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/WsP7jkh5wnI]