“ ၁၀၂၇ စစ်ဆင်ရေး” အဖြစ် အကောင်အထည်ဖော်ခဲ့သည့် ရက္ခိုင့်တပ်တော် (AA) သည် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့ကြီး ၅ မြို့ကို ယခုနှစ်ဆန်းအတွင်း သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ပြည်နယ်မြို့တော် စစ်တွေကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ အဖွဲ့ဝင် AA က ၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးစတင်ခဲ့ရာ ရခိုင်မြောက်ပိုင်း နယ်ခြားစောင့်ရဲစခန်းတချို့နှင့် ပလက်ဝမြို့နယ်မှ ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ရဲစခန်းတို့ကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
တစ်ပြိုင်တည်းမှာပင် AA သည် ပလက်ဝတောင်ဘက် မြောက်ဦးခရိုင်ရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူခရိုင်မှ ရမ်းဗြဲ ၊ စစ်တွေခရိုင်အတွင်းမှ ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲများဖော်ဆောင်ခဲ့သည်။
ရခိုင်နှင့် ချင်းမြို့ကြီးများကို စွန့်လွှတ်လိုက်ရသည့် စစ်ကောင်စီက ကြည်း၊ ရေ၊ လေဖြင့် တုံ့ပြန်တိုက်ခိုက်နေသည်။
ကုလားတန်မြစ်ဘေးမှ ပလက်ဝမြို့
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို နှစ်လကြာ တိုက်ခိုက်ပြီးနောက်တွင် ဒေသတစ်ခုလုံးကို ဇန်နဝါရီ ၁၅ ရက်တွင် AA က အလုံးစုံထိန်းချုပ်လိုက်ပြီးနောက် မြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာရုံးများအရှေ့တွင် ၎င်းတို့ တပ်ဖွဲ့ဝင်များရှိနေသည့် ဓာတ်ပုံများ ထုတ်ပြန်ကာ အသိပေးခဲ့သည်။
ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နယ်ရှိ တပ်စခန်းများကို နိုဝင်ဘာ ၁၃ မှ စတင်၍ စတင် ထိုးစစ်ဆင်ခဲ့ပြီး မြစ်ကမ်းဘေးရှိ “တရွန်အိုင်”နှင့် “နှုံးဘူး” ဗျူဟာနှစ်ခု အပါအဝင် စစ်စခန်းတစ်ခုပြီးတစ်ခု သိမ်းယူခဲ့ကာ မြို့နယ်ရဲစခန်းကို ဇန်နဝါရီ ၅ ရက်ကတည်းက သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ ဒေသတစ်လုံးရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြားထိန်းချုပ်သည့် ပလက်ဝမြို့ အရှေ့တောင်ဘက် ကုလားတန်မြစ်အရှေ့ဘက်ကမ်းရှိ အမှတ် (၂၈၉) ခြေလျင်တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီ ၁၀၊ နံနက် ၇ နာရီခန့်တွင် AA က တိုက်ခိုက်သိမ်းယူခဲ့သည်။
ခလရ (၂၈၉) သည် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်ဟု AA ဘက်က ဆိုသည်။
ထို့နောက် ပလက်ဝဒေသအတွင်း လက်ကျန်စခန်းနှစ်ခုဖြစ်သော “ခန်ခတောင်ဗျူဟာ” စခန်းကို ဇန်နဝါရီ ၁၃ ရက်တွင် လည်းကောင်း၊ နောက်တစ်နေ့ (ဇန်နဝါရီ ၁၄) တွင် “နှမဒါဗျူဟာ” စခန်းတို့ကို သိမ်းပိုက်နိုင်သဖြင့် ပလက်ဝဒေသတစ်ခုလုံး AA ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။
AA ၏ ပလက်ဝဒေသတွင်းတိုက်ပွဲများတွင် ပလက်ဝအခြေစိုက်ချင်းတော်လှန်ရေးအဖွဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ၊ မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် (YDF) တို့က ပူးပေါင်းပါဝင်ခဲ့သည်။
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့တွင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ပူးပေါင်း လှုပ်ရှားနေသော ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) လည်း အခြေစိုက်သလို AA နှင့်အတူ ပူးပေါင်း တိုက်ခိုက်နေသော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) လည်း လှုပ်ရှားနေကာ ချင်းနှစ်ဖွဲ့ချင်း ဆက်ဆံရေးတင်းမာနေသည်။
ချင်းပြည်နယ်၏ ဒေသဖြစ်သလို ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်နေသော ဒေသလည်းဖြစ်ရာ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သော်လည်း ရခိုင်ပြည်နယ်အစပ်တွင် တည်ရှိကာ ခူမီး၊ ရခိုင်နှင့် မရာလူမျိုးများနေထိုင်ကြသည်။
အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကုန်သွယ်ရေးတွင် အရေးပါသော အဓိကလမ်းကြောင်းဖြစ်သည့် ကုလားတန်မြစ်၏ အနောက်ဘက်ခြမ်းကို ယခင်ကတည်းက AA က နယ်မြေစိုးမိုးထားပြီး ပလက်ဝကို ရရှိလိုက်ခြင်းသည် အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို AA က ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ပလက်ဝမြို့နယ်၏ အရှေ့ဘက်တွင် ချင်းပြည်နယ် မင်းတပ်ခရိုင်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး ၊ မင်းပြားမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။
အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသလို မြောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။
အစိုးရဌာနဆိုင်ရာများ ၂၀၁၉ ခုအထိ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ကုလားတန်မြစ်ကမ်းဘေး ပလက်ဝမြို့တွင် မြို့ပေါ် ရပ်ကွက် ၇ ခုရှိကာ လူဦးရေ တစ်သောင်းကျော် နေထိုင်ကာ လက်ရှိတွင် လေတပ်က ဗုံးကြဲမှုများလည်းရှိနေသောကြောင့် မြို့ခံအများစုမှာ နေရပ်မပြန်နိုင်ကြသေးပေ။
AA လက်သို့ ပထမဆုံးကျသည့် ရခိုင်မြို့(သို့မဟုတ်) ပေါက်တော
ရခိုင်ပြည်နယ်အတွင်းတွင် ပထမဆုံးမြို့အဖြစ် ပြည်နယ်မြို့တော် စစ်တွေမြို့နှင့် အနီးဆုံး မြို့တစ်မြို့ဖြစ်သည့် ပေါက်တောမြို့ကို ဇန်နဝါရီ ၁၉ တွင် သိမ်းပိုက်လိုက်သည်။
မြို့တော်စစ်တွေ၏ အရှေ့ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ အမြန်ရေယာဉ်ဖြင့် တစ်နာရီခန့်သာ ဝေးသော ပေါက်တောမြို့တွင် ၂၀၂၃ နိုဝင်ဘာ ၁၅ ညက ရဲစခန်းကို AA က တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ စတင်ခဲ့ပြီး နှစ်လအကြာတွင် မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၉ ရက်က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး မွန်းလွဲပိုင်းတွင် စစ်ကောင်စီ လေတပ်နှင့် ရေတပ်က ပစ်ကူများဖြင့် ခုခံခဲ့ကြသေည်လည်း AA ထိုးစစ်ကြောင့် ညနေ ၄ နာရီခန့်တွင် စစ်ရေယာဉ်ဖြင့် စစ်သားများကို လာရောက်ခေါ်ဆောင်သွားပြီးနောက် AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။
မြို့မသိမ်းနိုင်မီ မြို့တွင်းတိုက်ပွဲများဖြစ်ကာ ဒေသခံတချို့ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသလို ပိတ်မိနေသောမြို့ခံများလည်းရှိနေရာ အရပ်သားများကို ၃ ကြိမ်ထက်မနည်း ကယ်ထုတ်ခဲ့ရကြောင်း AA က ဆိုသည်။
စစ်တပ်ကလည်း မီးရှို့သလို မြို့ပေါ်တိုက်ပွဲများလည်း ဖြစ်ခဲ့သဖြင့် ပေါက်တောမြို့သုံးပုံနှစ်ပုံခန့်မှာ ပျက်စီးနေပြီဖြစ်ကာ မြို့လုံးကျွတ်တိမ်းရှောင်နေရသော မြို့ခံများ နေရပ်ပြန်နိုင်မှုရှိမရှိ မသိရသေးပေ။
ပေါက်တောမြို့နယ်၏ အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်ပြီး အနောက်ဘက်တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်သည်။ မြို့အနောက်ဘက်တွင် ကုလားတန်မြစ်နှင့် အရှေ့ဘက်တွင် ကျွဲကူးမြစ်တို့ ရှိသည်။
ကျောက်တော်
ဇန်နဝါရီ ၁၃ ရက်က ပလက်ဝ-ကျောက်တော် မြို့နယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” ကို ၄ ရက်တာတိုက်ပွဲအတွင်း AA က တိုက်ခိုက်သိမ်းယူခဲ့ကာ နောက်တစ်နေ့ တစ်ရက်တည်းတွင် ကျောက်တော်မြို့နယ် အမြောက်တပ်“အမတ (၃၇၇) စခန်း” ၊ ရသေ့တောင်မြို့နယ် “ရေစိုးချောင်းဗျူဟာကုန်း”တို့ကို သိမ်းယူနိုင်ခဲ့သည်။
မြောက်ဦးမြို့နယ်တွင်လည်း AA က ဝိုင်းရံပိတ်ဆို့ထားကာ စစ်ကောင်စီ၏ လင်းမြွေတောင်စခန်းကို ဇန်နဝါရီ ၁၂ ရက်က တိုက်ခိုက်သိမ်းယူထားသည်။
ပေါက်တောမြို့နှင့်တစ်ပြိုင်နက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲနှင့် ဘဂ်လားဒေ့နိုင်ငံနယ်စပ်ရှိ နယ်ခြားစောင့်တပ်စခန်းများ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ စစ်စခန်းများကို AA က ထိုးစစ်ဆင်ခဲ့သည့်အပြင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပို့ဆောင်ရေးလုပ်ငန်းများရှိရာ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိခဲ့သည်။
တစ်ပြိုင်တည်းမှာပင် ဒေသခံများက ကျောက်တော်တပ်မဟုခေါ်သည့် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်သည့် ကျောက်တော်မြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများဖြစ်နေသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့တွင် AA က ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ခဲ့ရာ ခမရ (၅၃၉) ကို ဇန်နဝါရီ ၁၆ ၊ ခမရ (၃၇၄) ကို ဇန်နဝါရီ ၃၀၊ ခမရ (၃၇၆) ကို ဖေဖော်ဝါရီ ၂ ၊ ခမရ (၃၇၇) ကို ဖေဖော်ဝါရီ ၇ ရက်တို့တွင် AA က အသီးသီးသိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီး မြစ်ကြောင်းအတွင်းရှိ စစ်ကောင်စီရေတပ်၏ စစ်သင်္ဘော ၃ စီးကို ဖေဖော်ဝါရီ ၇ ၊ ၈ တို့တွင် AA က ပစ်ခတ်နှစ်မြှုပ်ပစ်ခဲ့သည်။
AA လက်ထဲ ကျနှင့်ပြီးသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်ကြောင်း ဖေဖော် ဝါရီ ၁၄ ရက်ညတွင် သတင်းထုတ်ပြန်လိုက်သည်။
သတင်းထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ်ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှေ့၊ ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံး၊ ကမ္ဘာ့ရတနာဘဏ်၊ သမဝါယမမြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ၊ မြို့နယ်တရားရုံး၊ အလုပ်သမားဝန်ကြီးဌာနမြို့နယ်ရုံး၊ မြို့နယ်စည်ပင်သာယာရုံး၊ ကစ္ဆပနဒီတံတား စသည့် နေရာများတွင် AA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဓာတ်ပုံများ ပါဝင်သည်။
မင်းပြား
စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သော အမှတ် (၃၇၉) ၊ (၃၈၀) နှင့် (၅၄၁) တို့ အခြေစိုက်သည့် မြောက်ဦးခရိုင် မင်းပြားမြို့ကို ဇန်နဝါရီ ၁၀ ရက်မှ စတင်၍ AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပ်များဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အတွဲလိုက်ဒုံးကျည်များဖြင့်ပါ ပစ်ခတ်ခဲ့သည်။
မြို့နှင့် ၂ မိုင်ကျော်အကွာတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသော ထိုတပ်ရင်း ၃ ရင်းအနက် ခမရ ၃၈၀ ကို ဇန်နဝါရီလမကုန်မီကတည်းက သိမ်းပိုက်ခဲ့ပြီး ကျန် ခမရ၂ ရင်းကို ဖေဖော်ဝါရီ ၆ တွင် အပြီးသတ်ရရှိခဲ့သည်။
အသိမ်းခံရသည့် ခမရ ၃၇၉ သည် လက်ရှိ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တပ်ရင်းမှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။
ထို့နောက် စစ်ကောင်စီတပ် ကင်းစင်သွားသော မင်းပြားမြို့သည် AA ၏ ထိန်းချုပ်မှုအောက် အလိုအလျောက် ကျရောက်ခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၁၂ တွင် မင်းပြားမြို့မှ ရေမိုင် ၅ မိုင်ခန့်သာ ဝေးသည့် ကျားရဲပြင်ရွာအနီး မြစ်ထဲတွင် တိုက်ပွဲဖြစ်နေစဉ် ပိတ်မိနေသော စစ်တပ်ရေယာဉ်နှစ်စီးအနက်မှ တစ်စီးကို AA က ပုလဲပေါက်ရွာအနီး တိုက်ခိုက် နှစ်မြှုပ်ခဲ့ကာ ဗျူဟာမှူး အပါအဝင် စစ်သား ၄၀ ခန့် ဖမ်းဆီးရမိထားသည်။
ထိုနေရာသို့ စစ်ကောင်စီဘက်က ဇက်ရေယာဉ်နှစ်စီး ရောက်လာခဲ့သော်လည်း စစ်ကူပေးနိုင်ခြင်း မရှိဘဲ AA နှင့် တိုက်ပွဲဖြစ်ကာ ညပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
မင်းပြားမြို့တွင်းတိုက်ပွဲများသို့ အခြားမြို့များရှိ စစ်ကောင်စီတပ်များက ကုန်းကြောင်း၊ ရေကြောင်းမှ စစ်ကူများ ပို့လွှတ်ခဲ့သော်လည်း AA က ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် မြို့ပေါ်အထိ ရောက်လာခဲ့ခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။
မင်းပြားမြို့အရှေ့ဘက်တွင် ရာမောင်မြစ်၊ အနောက်ဘက်တွင် လေးမြို့မြစ်တို့ ရှိပြီး ဌာနဆိုင်ရာတို့၏ ၂၀၁၉ ခုနှစ်အထိ စာရင်းများအရ မြို့ပေါ်တွင် အိမ်ခြေ ၄၇၀၀ ကျော်၊ လူဦးရေ ၂၃၀၀၀ ကျော် ရှိကာ ကျေးလက်နေသူ ၂ သိန်းဝန်းကျင်ရှိသည်။ မင်းပြားမြို့မြောက်ဘက်တွင် မြောက်ဦးမြို့၊ အနောက်တောင်ဘက်တွင် ပေါက်တောမြို့တို့ရှိသည်။
မြောက်ဦး
မြောက်ဦးမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း AA က ၂၀၂၃ ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့မရဲစခန်း၊ သူတော်မကုန်းစစ်စခန်း၊ သင်းကျစ်တောင်စစ်စခန်း၊ လင်းမြွေတောင်စစ်စခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို AA က ထိန်းချုပ်ထားနိုင်ခဲ့သည်။
မြောက်ဦးမြို့တွင် ခြေမြန်တပ်ရင်းများဖြစ်သော အမှတ် (၅၄၀) ၊ (၃၇၇) (၃၇၈) နှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့ အခြေစိုက်ထားရာ ဇန်နဝါရီ ၃၀ တွင် ခမရ (၅၄၀) တပ်ရင်းစခန်း၊ ဖေဖော်ဝါ ရီ ၅ နံနက်တွင် ခမရ (၃၇၈) တပ်ရင်းတစ်ခုလုံးကိုလည်း အပြီးသတ် ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့သည်။
ထို့နောက် မြောက်ဦးမြို့အခြေစိုက် အမှတ် (၃၁) ရဲတပ်ရင်းကိုလည်း ဖေဖော်ဝါရီ ၈ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း စစ်ကောင်စီက လက်လွှတ်လိုက်ရသည်။
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းထားသည့် မြောက်ဦးမြို့တွင် ရှေးဟောင်းသုတေသနပြတိုက်ကို ဒီဇင်ဘာ ၂၅ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ရှေးဟောင်းအမွေအနှစ်များ ပျက်စီးသွားကာ ထိုပစ်ခတ်မှုသည် စစ်ကောင်စီ၏ ရည်ရွယ်တိုက်ခိုက်မှုဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က နေ့ချင်း သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ဦးမြို့ သိမ်းယူမှုအတွင်း နေအိမ်များ ပျက်စီးသလို အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
မြေပုံမြို့
ဖေဖော်ဝါရီ ၁၂ နံနက်အစောကပင် မြေပုံမှ စစ်ကောင်စီနှင့် ရဲများက မြို့မှ ထွက်ခွာကာ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ထံ သွားရောက်ပူးပေါင်းခဲ့ကြသည်။
ယမန်နေ့ညတွင် AA ၏ ထုတ်ပြန်ချက်ထုတ်ရာတွင် သုံးလတာစစ်ဆင်ရေးအပြီး မြေပုံအပါအဝင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့ပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် AA အနေဖြင့် မြောက်ဦးခရိုင် မြေပုံမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု ဆိုလိုခြင်းဖြစ်ကာ အလိုအလျောက် AA လက်အောက်သို့ ၆ မြို့မြောက်အဖြစ် ကျရောက်ခဲ့သည်။
ယင်းသို့ မြို့များကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်တွင် စစ်ကောင်စီက မြေပြင်ကြည်းတပ်များ နယ်မြေအတွင်း ဝင်ရောက်နိုင်ခြင်းမရှိခဲ့သော်လည်း ရေတပ်သင်္ဘောများမှ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ အခြားမြို့များရှိ စစ်စခန်းများမှ အမြောက်များဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
“ရက္ခိုင်ဒေသအတွင်း ယခုတစ်ကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၌ စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲခဲ့သည်ဆိုသော်လည်း ကြည်းတပ်ထက် ရေတပ်နှင့် လေတပ်ကိုသာ ပိုမိုအားထား အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်” ဟု ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညတွင် ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
မြို့နှင့်ဝေးရာ မြစ်နှင့် ပင်လယ်ပြင်တို့တွင် နေရာယူကာ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရေတပ်သင်္ဘောများကို AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ရေကြောင်းတိုက်ပွဲများ ထပ်မံပြင်းထန်လာခဲ့သည်။
အဆိုပါ ရေကြောင်းတိုက်ပွဲများအတွင်း ဖေဖော်ဝါရီ ၇ နှင့် ၈ ရက်နေ့တို့တွင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးတွင် စစ်သင်္ဘောနှစ်စီး၊ ဇက်ရေယာဉ်တစ်စီးတို့ကို တိုက်ခိုက်နှစ်မြှုပ်ခဲ့သည်။ အဆိုပါ တိုက်ပွဲကို လာရောက်စစ်ကူခဲ့သည့် နောက်ထပ် ရေယာဉ်လေးစီးကိုလည်း ကြာဖြတ်ဟန့်တားတိုက်ခိုက်ခဲ့ရာ ရေချ၍ မရသည်အထိ ထိခိုက်ပျက်စီးခဲ့သည်ဟု AA က ထုတ်ပြန်သည်။
ထပ်မံပြီး မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၂ တွင် စစ်သင်္ဘောတစ်စီးကို ထပ်မံ တိုက်ခိုက် နှစ်မြှုပ်ခဲ့ခြင်း၊ ၁၃ တွင် နောက်ထပ်တစ်စီးကို တိုက်ခိုက်သိမ်းပိုက်ခြင်းတို့ လုပ်နိုင်ခဲ့သည်။
စစ်ကောင်စီလေတပ်ကလည်း AA ထိန်းချုပ်ထားသည့်မြို့များကို ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်။
တိုက်ပွဲများတွင် ဆက်တိုက်အရှုံးပြနေစဉ် စစ်ကောင်စီက ဖေဖော်ဝါ ရီ ၁၁ နှင့် ၁၅ ရက်တို့တွင် AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
ပလက်ဝမြို့ပေါ်ကို နှစ်ကြိမ် ဗုံးကြဲခဲ့ရာ ဖေဖော်ဝါရီ ၁၁ က ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရကြောင်း AA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
အလားတူ ဖေဖော်ဝါရီ ၁၂ ညတွင် ကျောက်တော်မြို့အနီးတစ်ဝိုက်မှ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပိုက်သည်ကျေးရွာအတွင်းမှ ဒေသခံအရပ်သား ၇ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ညနေ ၃ နာရီခန့်တွင် ၎င်းတို့ စစ်ရေယာဉ် တိုက်ခိုက်နစ်မြှုပ်ခံရသည့် အနီးအနားရွာဖြစ်သော မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့သည်။
ဖေဖော်ဝါရီ ၁၃ ညဉ့်နက်ပိုင်းတွင်လည်း ပေါက်တောမြို့နယ် ကျောက်ပြင်ကျေးရွာနှင့် တောင်ဦးမော်ရွာအတွင်းသို့ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ၉ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
ရမ်းဗြဲမြို့ကိုလည်း ကြည်း၊ ရေ၊ လေတပ်တို့က ဆက်တိုက်ပစ်ခတ်
AA က သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များအပြင် ထိုးစစ်ဆင်နေသည့် မြို့များအနက် တစ်မြို့ဖြစ်သည့် ရမ်းဗြဲကိုလည်း စစ်ကောင်စီ၏ ကြည်း၊ရေ၊လေတပ်တို့က ဆက်တိုက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
မြေပြင်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိချိန်များတွင်လည်း လက်နက်ကြီး၊ အမြောက်၊ ဗုံးကြဲခြင်းတို့တို့ လုပ်ဆောင်နေသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ တစ်ရက်အတွင်းမှာပင် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း (၃၇) ကြိမ်၊ ပစ်ခတ်မှုပေါင်း (၁၀၀) ကျော် ပြုလုပ်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ယင်းနေ့တွင် ထုတ်ပြန်သည်။
ရသေ့တောင်၊ ဘူသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ အမ်းမြို့၊ ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲမြို့တို့တွင်လည်း စစ်တပ်နှင့် AA ထိတွေ့တိုက်ပွဲများ၊ စစ်စခန်းများကို ထိုးစစ်ဆင်သည့်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။
အဆိုပါ မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း၊ တပ်ရင်းစခန်းနှင့် ဗျူဟာစခန်းအချို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် တောင်ပြို (လက်ဝဲနှင့်လက်ယာ) ဒေသတို့ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲစခန်းများကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရာနှင့်ချီသည့် ရဲများမှာ စခန်းကို စွန့်ခွာပြီး၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်က ပြန်လည်ရောက်ရှိခဲ့ကြသည်။
တောင်ပြို (လက်ဝဲ) မြို့ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ဒေသခံတို့က ဆိုသော်လည်း ထိုမြို့ကို AA က တရားဝင် ထုတ်ပြန်ကြေညာခြင်းမပြုသေးသည်ကို တွေ့ရသည်။
လက်ရှိအချိန်တွင် ပြည်နယ်မြို့တော် စစ်တွေ၊ မာန်အောင်၊ ဂွနှင့် သံတွဲမြို့တို့တွင်သာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး၊ တိုက်ပွဲများ မဖြစ်ပွားသေးသည့် မြို့များအဖြစ် ရှိနေသည်။
ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ လက်နက်ချ အညံ့မခံသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က ကြေညာထားသည်။
ယခုရက်ပိုင်းအတွင်း မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) ရက်၊ နံနက် ၆ နာရီခန့်အချိန်တွင် လေကြောင်း၊ လက်နက်ကြီးအမြောက်အမြား ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။
စစ်သား ၁၄ ဦး အလောင်းအပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကာ ၂၄ နာရီအတွင်း အထိအခိုက်အနည်းဆုံးနှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်သည်ဟု AA ဘက်က ဆိုသည်။
အလားတူ ယမန်နေ့ နံနက် ၁၁ နာရီခန့်ကလည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ်အနီး ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦး သေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရသေ့တောင်မြို့နယ်တွင်လည်း ယမန်နေ့ မွန်းတည့်က ခနောင်းကြီးရွာ၏ အရှေ့တောင်ဘက် တောင်ကြောတွင်လည်း စစ်ကောင်စီ ခမရ (၅၃၆) တပ်ရင်းနှင့် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူ ၄ ဦး နှင့် ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” ဟု အမည်ပေးထားသော အဆိုပါ ထိုးစစ် နိုဝင်ဘာ ၁၃ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရောက်သွားရာ တိုက်ပွဲများပြင်းထန်နေပြီး AA က စစ်ရေးအသာစီး ရရှိထားသည်။
၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်၊ လိုင်ဇာတွင် လူအင်အားဆယ်ဂဏန်းဖြင့် စတင်တည်ထောင်ခဲ့သော၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် AA သည် ယခုအခါ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြီးလျှင် လူသူ၊ လက်နက် အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာသည်။
မကြာသေးခင်က BBC နှင့် အင်တာဗျူးတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နဂိုအင်အား ၃၀၀၀၀ ရှိရာ ယခုကာလအတွင်း AA ထံ ဝင်ရောက်လာသူများရှိသဖြင့် တပ်ဖွဲ့ဝင် ၄၀၀၀၀ ခန့်ရှိကြောင်း ပြောထားသည်။