ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီး စစ်ကောင်စီ၏ သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ထပ်မံတိုက်ခိုက် နှစ်မြှုပ်လိုက်ပြီးနောက် ဗျူဟာမှူးအပါအဝင် စစ်သား ၄၀ ခန့် ဖမ်းဆီးရမိထားသည်ဟု သိရသည်။
မင်းပြားမြို့နှင့် ရေမိုင် ၅ မိုင်ခန့်သာ ဝေးသည့် ကျားရဲပြင်ရွာအနီး မြစ်ထဲတွင် ယခုလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်စဉ် ပိတ်မိနေသော စစ်တပ်ရေယာဉ်နှစ်စီးအနက်မှ တစ်စီး တိုက်ခိုက်နှစ်မြှုပ်ခံရခြင်းဖြစ်သည်။ ယမန်နေ့တွင် စစ်ကောင်စီဘက်က ဇက်ရေယာဉ်နှစ်စီး ရောက်လာခဲ့သော်လည်း စစ်ကူပေးနိုင်ခြင်း မရှိဘဲ AA နှင့် တိုက်ပွဲဖြစ်ကာ ညပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
တိုက်ပွဲအပြီးတွင် ကျားရဲပြင်ကျေးရွာ စာသင်ကျောင်းအတွင်း ပုန်းခိုနေသည့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးတစ်ဦးနှင့် စစ်သား ၄၀ ကို AA က ဖမ်းဆီးနိုင်ခဲ့သည်ဟု မင်းပြားဒေသခံတို့က ဆိုသည်။
“စစ်ကူပေးမယ့်လာတဲ့ ဇက်ရေယာဉ်တွေ ပြန်ဆုတ်သွားပြီ။ တစ်စီးကတော့ မြုပ်ကျန်ခဲ့တယ်။ တစ်စီးကတော့ မောင်းလို့မရဘဲ မြစ်ထဲမှာ ကျန်ခဲ့တယ်။ ဗျူဟာမှူးနဲ့ စစ်သား ၄၀ လောက် ကျားရဲပြင်စာသင်ကျောင်းမှာ ဖမ်းမိတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် ဖမ်းမိခြင်းနှင့်ပတ်သက်၍ AA က သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီ၏ ရေယာဉ်တစ်စီးကို ထပ်မံနှစ်မြှုပ်နိုင်ခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
မင်းပြား၌ AA က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းမိထားသည်ဟု ဒေသခံများက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
လွန်ခဲ့သည့်ရက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်း စစ်ကောင်စီ၏ သင်္ဘောသုံးစီးကို တိုက်ခိုက်နှစ်မြှုပ်စဉ် အရှင်ဖမ်းမိခဲ့သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း AA ဘက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိတွင် မင်းပြားမြို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီရေတပ်က အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လေတပ်က ဗုဲးကြဲတိုက်ခိုက်ခြင်းများ ဆက်လုပ်နေသည်ဟု သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာအနီး တိုက်ခိုက်ရေးလေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုအောင်စိုးမင်း (၂၈ နှစ်)၊ ဦးမောင်ကျန်ရစ် (၅၂ နှစ်)၊ ဦးသိန်းထွန်းလှ (၃၉ နှစ်)၊ ဦးသန်းရွှေမောင် (အသက် ၄၀) တို့ ဒဏ်ရာရခဲ့သည်။
မင်းပြားမြို့အနီးတွင်ရှိသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၉) လက်အောက်ခံ ခြေမြန် တပ်ရင်း (ခမရ) သုံးခုလုံးကို ဖေဖော်ဝါရီ ၆ တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် မင်းပြားမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ညပိုင်း ၁၁ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ တောင်ဦးမော်ရွာနှင့်ကျောက်ပြင်ရွာကို ထောက်ပို့လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင်ဖိုးဝချေ (၁၀ နှစ်)၊ မောင်ကျော်စိုးလင်း (၁၄ နှစ်) ၊ ဦးလှထွန်းဝေ (၄၅ နှစ်)၊ ဒေါ်ရွှီစိန်မ (၆၃ နှစ်)၊ မဦးသန်းရီ( ၂၂ နှစ်)၊ ဒေါ်အေးနု (၄၂ နှစ်)၊ ဒေါ်ခင်မေချေ (၄၃ နှစ်) အပါအဝင် အခြား ၂ ဦး စုစုပေါင်း ၉ ဦး ဒဏ်ရာရခဲ့သည်။
ကျောက်ဖြူတွင် တိုက်ပွဲဆက်ဖြစ်
တရုတ်ရင်းနှီးမြှုပ်နှံမှုမံကိန်းကြီးများရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူတွင်လည်း ယမန်နေ့ကတည်းက လက်ရှိအချိန်ထိ တိုက်ပွဲများဆက်ဖြစ်နေသည်ဟု သိရသည်။
“မနေ့ည (ဖေဖော်ဝါရီ ၁၁) ကနေ တိုက်ပွဲက စဖြစ်တယ်။ စစ်တပ်ဘက်ကတော့ နောက်တစ်ည ၉ နာရီလောက်အထိ အမြောက်နဲ့ ပစ်တယ်။ သူတို့ကတော့ လက်နက်ကြီးနဲ့ ပစ်တယ်၊ စက်သေနတ်နဲ့ ပစ်တယ်” ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အမှတ် (၃၂) နယ်ခြားစောင့်တပ်၏ ရဲနှင့် စစ်သား အင်အား ၁၀၀ ခန့် ထိုင်ထားသည့် စခန်းတစ်ခုရှိရာ ကျောက်ဖြူမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။
ဒိုးတိုင်းတောင်ကုန်းပေါ်တွင် ထိုင်ထားသည့် အဆိုပါ တပ်စခန်းသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက စခန်းတည်ထားခြင်းဖြစ်ပြီး၊ ယင်းစခန်းမှ စစ်သား/ရဲတို့နှင့် AA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ယူဆကြသည်။
“အဲ့ဒီစခန်းကို AA က ဝင်တိုက်တာမျိုးတော့ မဟုတ်လောက်ဘူး။ သူတို့က အဲ့ဒီဘက်ကို သွားတာလာတာ ရှိတယ်လေ။ ငှက်ပျောချောင်းတို့၊ မင်းတက်တောင်တို့ဘက်ကို သွားတာလာတာရှိတော့ အဲ့လို သွားရင်း ထိပ်တိုက်တွေ့တာ ထင်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
ယမန်နေ့ညပိုင်းအထိ ပစ်ခတ်တိုက်ခိုက်သံများ ကြားရသော်လည်း ယနေ့တွင်တော့ နံနက်ပိုင်းမှစ၍ တိုက်ပွဲသံများ ငြိမ်းသက်နေသည်ဟု သိရသည်။
ယမန်နေ့က ဖြစ်ခဲ့သည့် တိုက်ပွဲကြောင့် ငှက်ပျောချောင်းနှင့် အနီးဝန်းကျင်ရွာများမှ ဒေသခံရာဂဏန်းခန့် စစ်ဘေးရှောင်နေကြရသည်။
ကျောက်ဖြူမြို့နယ် ဂုံးချိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးဝန်းကျင်သို့ ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၄၀ ဝန်းကျင်ခန့်မှစပြီး၊ စစ်ကောင်စီ၏ ခမရ (၅၂၄) ဗျူဟာကုန်း၊ ချောင်းဝနှင့် ဂေါ်တူကျေးရွာကြား၊ ပင်လယ်ပြင်တွင် ရပ်ထားသည့် ရေတပ်စစ်သင်္ဘောနှင့် ပြိုင်းစေ့ကေကျေးရွာအနီးရှိ ညောင်စိန်တောင်စစ်စခန်းတို့မှ လက်နက်ကြီးများဖြင့် အကြိမ် ၇၀ ခန့်အထိ ပစ်ခတ်တိုက်ခိုက်ခြင်းများရှိခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
လတ်တလောတွင် AA သည် ချင်းပြည်နယ် ပလက်ဝအပြင် ရခိုင်မြောက်ပိုင်း ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း တရားဝင်ထုတ်ပြန်ထားပြီး ရခိုင် ၁၇ မြို့နယ်အနက် ဂွ၊ သံတွဲနှင့် မာန်အောင်မြို့နယ်တို့တွင်သာ စစ်ကောင်စီအုပ်ချုပ်မှုကို တွေ့နိုင်သည်။