
မနက်ဖြန် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လူအင်အားချထားခွင့်ပြုရန် တပ်မတော်ဘက်က အဆိုပြုလာသဖြင့် မဲရုံပရိဝုဏ်ပြင်ပတွင် ဆောင်ရွက်ခွင့်ပြုထားသည်ဟု မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက Myanmar Now ကို အတည်ပြုပြောကြားသည်။
မန္တလေးတိုင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြီးခဲ့သည့်လကတည်းက အဆိုပြုလာခြင်းဖြစ်သည် ဟု ၎င်းက ပြောသည်။
“မဲရုံပရိဝုဏ်ပြင်ပမှာ ကုမ္ပဏီတွေကို အချိုရည်ပေးခြင်း၊ ရေသန့်ပေးခြင်းခွင့်ပြုထားပါတယ်လို့၊ အဲဒီလိုတော့ရတယ်။ ယူနီဖောင်းနဲ့ မလုပ်ပါနဲ့။ မဲဆွယ်စည်းရုံးတဲ့အသွင်ဆောင်တဲ့ ဝတ်စားဆင်ယင်တာ မလုပ်ပါနဲ့ဆိုပြီး ခွင့်ပြုထားပါတယ်။ အရေအတွက်တော့ မပြောပါဘူး။ ကျွန်တော်တို့လည်း မမေးပါဘူး” ဟု ၎င်းက ပြောသည်။
ထို့အတူ မန္တလေးတိုင်းအတွင်း လုံခြုံရေးအားနည်းသည့် ကျေးရွာများ၏ ရွာအပြင်စည်းတွင်လည်း တပ်မတော်ကို လက်နက်၊ ယူနီဖောင်းအပြည့်အစုံဖြင့် လုံခြုံရေးယူခွင့်ပြုထားကြောင်း ဦးရှိန်ဝင်းက ဆက်လက်ပြောကြားသည်။
“မိုးကုတ်၊ ပြင်ဦးလွင်တို့က TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ ဆက်စပ်တဲ့ရွာ ၁၀ ရွာစီရှိတယ်။ အဲဒီရွာတွေရဲ့ အပြင်စည်းမှာ ယူနီဖောင်း၊ လက်နက်အပြည့်အစုံနဲ့ တပ်မတော်က ကူညီမယ်” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းအတွင်း ရွာအပြင်စည်းတွင် တပ်မတော်အား လက်နက်၊ ယူနီဖောင်းအပြည့်အစုံဖြင့် လုံခြုံရေးယူခွင့်ပြုထားသည့် ကျေးရွာများတွင် မဲရုံစုစုပေါင်း ၂၀ ရှိသည်ဟု ဆိုသည်။
ပြည်ဦးလွင်မြို့နယ်ရှိ ပင်လိန်းအလယ်ရွာ၊ အရှေ့ရွာ၊ သက်ကယ်ချိုင်းရွာ၊ မဲတောရွာ၊ နောင်ပိန်ရွာ၊ မိုးကုတ်မြို့နယ်ရှိ ပိန်းပစ်ရွာ၊ ဟိုဝတ်ရွာ၊ ဝင်္ကပါရွာ၊ ညောင်ပင်သာရွာ၊ ညောင်ထောက်ရွာ၊ လွယ်ငင်းရွာ၊ ပင်သပြေရွာများဖြစ်ကြောင်း ဦးရှိန်ဝင်းက အတည်ပြုသည်။
တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးကလည်း ယနေ့ နံနက်ပိုင်း၌ပင် နယ်လုံဝန်ကြီးဦးဆောင်သည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးပြုလုပ်ခဲ့ကြောင်း Myanmar Nowကို အတည်ပြုသည်။
သို့သော် တနင်္သာရီတိုင်းအတွင်းရှိ မဲရုံများတွင် တပ်မတော်သားများကူညီရန် အဆိုပြုမှုရှိမရှိ၊ ထိုသို့ကူညီရန် ခွင့်ပြုထားခြင်းရှိမရှိ မေးမြန်းရာတွင်မူ “အဲဒီအစီအစဉ် မရှိသေးကြောင်းပါဗျ”ဟု ဦးထိန်လင်းဦးက ပြောသည်။
ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန်ကမူ အထက်ပါကိစ္စမှာ တပ်မတော်ဘက်က သီးခြားအစီအစဉ်သာဖြစ်ကြောင်း Myanmar Now ကိုပြောသည်။
“သူတို့လည်း သူတို့အစီအစဉ်နဲ့ သူတို့ဆွဲထားတာ ရှိပါတယ်။ ကျွန်မတို့က မဲရုံလုံခြုံရေးဆိုတာ ရှိပြီးသားလေ။ သူတို့အစားအသောက်ပေးတာ၊ ဘာညာကတော့ မဲရုံအခန်းထဲကို ဝင်လာတာမှ မဟုတ်တာ။ အပြင်မှာပဲလေ၊ အဲဒါမျိုးရှိပါတယ်”ဟု ၎င်းက ဆိုသည်။
“မဲရုံပရိဝုဏ်လုံခြုံရေးက ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးကစီစဉ်တဲ့ လုံခြုံရေးအဖွဲ့ပဲ လုံခြုံရေးယူခွင့်ပြုမယ်။ အဝေးစည်း လုံခြုံရေးယူတဲ့နေရာ ရှိတယ်။ သူတို့နေရာ သူတို့နေလိမ့်မယ်။ မဲရုံနားကိုတော့ လာလို့မရဘူး” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။
ထိုကဲ့သို့ပြုလုပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်တိုင်းမှူးများနှင့် နိုဝင်ဘာ ၅ ရက်က Video Teleconference မှတစ်ဆင့် တွေ့ဆုံ၍ မှာကြားမှုရှိသည်။
“တန်းစီတဲ့အချိန်မှာ Social Distancing အရ တန်းစီမဲပေးရမှာဖြစ်တဲ့အတွက်ကြောင့် တန်းစီရမယ့် အကွာအဝေးမှာ သူတို့ ဘယ်လောက်ကြာကြာစောင့်ရမယ်ဆိုတာ မပြောနိုင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ ရေသောက်ဖို့တို့ နောက်တစ်ခါ အဆာပြေစားနိုင်ဖို့အတွက်ကို တပ်မတော်က တတ်နိုင်သလောက် ကူညီပေးဖို့ မှာလိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သက်ဆိုင်ရာ တိုင်းမှူးများကို မှာကြားခဲ့သည်။
တပ်မတော်မိသားစုဝင်များအနေဖြင့် ဆန္ဒမဲပေးရာတွင် တို့တာဝန်အရေးသုံးပါးကို အလေးထားသည့် ကိုယ်စားလှယ်လောင်းများကို စဉ်းစားရန်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် အခြားသော တိုင်းနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေကြားခြင်း မရှိပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ တပ်မတော်၏ အစီအစဉ်မှာ ကိုဗစ်နိုင်တင်းကာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ UEC ၏ ကန့်သတ်တားမြစ်ချက်များနှင့် မဆီလျော်နိုင်၍ သက်ဆိုင်ရာ မြို့နယ်ပါတီရုံးများမှတစ်ဆင့် ကန့်ကွက်သွားမည်ဟု Myanmar Now ကို ပြောသည်။
“မဲရုံအနီးမှာတော့ ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမဆို ကျွန်တော်တို့ကတော့ ကန့်ကွက်ရမှာပဲ။ မဲပေးတာကို တစ်နည်းတစ်ဖုံ အနှောင့်အယှက်ဖြစ်နိုင်တယ်။ ကိုဗစ်ကာကွယ်ရေးအတွက် တိတိကျကျညွှန်ကြားချက်၊ ခွင့်ပြုချက်တွေလည်း ပါမှာမဟုတ်ဘူးလေ”ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။
ပြည်သူ့ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်ကမူ တပ်မတော်၏ ရည်ရွယ်ချက်ကို ကြိုတင်မှန်းဆရခက်သော်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အောင်မြင်ရေး တပ်မတော်က အားပေးသည်ဆိုသော သတင်းစကားမျိုး ပါးချင်ပုံရကြောင်း သုံးသပ်သည်။
“အရပ်ဝတ်နဲ့ ဝေမယ်။ ဒါပေမယ့် ဘယ်သူဝေတာလဲဆိုတာ သေချာကြည့်ရင် တပ်မတော်က ဝေတယ်ပေါ့။ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းရဲ့ ပုံရိပ်ကို မြှင့်ဖို့လုပ်တယ်လို့ ပြောလို့ရတယ်။ ဒီလှုပ်ရှားမှုကို ကြည့်ရင် လူထုဆန္ဒနဲ့ ဒီမိုကရေစီကိုဆန့်ကျင်တဲ့ သဘောမျိုးတော့ မတွေ့ရဘူး”ဟု ၎င်းက ပြောသည်။
ယင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောစာရင်းများအရ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၄၃၀၀၀ ခန့်ရှိသည်။