မန္တလေးမြို့ အရှေ့ပြင်ရှိ ရပ်ကွက်တစ်ခုအတွင်း ပေ ၂၀ ပတ်လည်ရှိ ဂိုဒေါင်သဖွယ် အိမ်ခန်းကျဉ်းကျဉ်းတစ်ခုတွင် ဒေါ်စန္ဒာဝင်းတစ်ယောက် မှတ်တမ်းစာအုပ်အဟောင်းများနှင့် အလုပ်များလျက်ရှိသည်။ စာရွက်များကို တစ်ရွက်ချင်း ခပ်သွက်သွက်လှန်ရင်း တစ်စုံတစ်ခုကို အသည်းအသန်ရှာနေခြင်းဖြစ်သည်။
“ရှိတယ်။ ရှိတယ်။ အန်တီက ဒီဒိုင်ယာရီထဲမှာ သူ့ကို ပိုက်ဆံထုတ်ချေးခဲ့တဲ့နေ့တွေ အားလုံးကို သေသေချာချာ မှတ်ထားခဲ့တာ” ဟုလည်း တဖွဖွပြောလျက်ရှိသည်။
မိတ်ဆွေတစ်ဦးက ငွေလိမ်သွားသဖြင့် နာလန်မထူနိုင်အောင် ဘဝပျက်ခဲ့ရပြီးနောက် ဒေါ်စန္ဒာဝင်းတစ်ယောက် အိမ်ငှားဘဝဖြင့် တစ်နေရာမှတစ်နေရာ ပြောင်းရွှေနေထိုင်ခဲ့ရသည်။ လက်ရှိတွင် ဂိုဒေါင်သဖွယ် ထိုအိမ်ကျဉ်းကျဉ်းလေးကို ငှားရမ်းနေထိုင်ခဲ့သည်မှာ ၇ နှစ်ရှိပြီဖြစ်ကာ မြို့ဆင်ခြေဖုံးရပ်ကွက်သို့ ပြောင်းရန် စီစဉ်နေသည်ဟု ဆိုသည်။
အသက် ၅၀ အရွယ် ဒေါ်စန္ဒာဝင်းသည် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်ငါးသောင်းခေတ်ဖြစ်သည့် လွန်ခဲ့သော အနှစ် ၂၀ ခန့်က ကျပ်သိန်းရာနှင့်ချီကာ ငွေလိမ်ခံခဲ့ရခြင်းဖြစ်ပြီး လိမ်သွားသူမှာ ယနေ့အချိန်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဥပဒေအကြံပေးနှင့် ပါတီဗဟို စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေရေးရာအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညွန့်ညွန့်ဝင်းမောင်ဖြစ်သည်။
အသက် ၆၄ နှစ်အရွယ် ရှေ့နေ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် စစ်အစိုးရလက်ထက် ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းက မန္တလေးမြို့ရှိ ဥပဒေနယ်ပယ်က ပုဂ္ဂိုလ်များ၊ စီးပွားရေးသမားများသာမက စစ်တပ်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)မှ ထိပ်ပိုင်းအရာရှိကြီးအချို့ ပေးအပ်ခဲ့သော ငွေကြေးများ ပြန်မဆပ်နိုင်သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၆ (ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု) ဖြင့် ထောင်ဒဏ် ၆၈ နှစ် ပြစ်ဒဏ်ကျခံခဲ့သူဖြစ်သည်။
Myanmar Now က ရရှိထားသော အမှုတွဲစီရင်ချက်များအရ ၂၀၀၁ ခုနှစ်က မန္တလေးခရိုင်အတွင်းရှိ မြို့နယ်တရားရုံး ၅ ခု၌ ဒေါ်ညွန့်ညွန့်ဝင်းမောင်ကို ရာဇသတ်ကြီးပုဒ်မ ၄၀၆/၄၂၀ ဖြင့် စွဲဆိုခဲ့သော အမှု ၁၆ မှုရှိပြီး အမှုများနှင့် ဆက်စပ်၍ ငွေကျပ်သိန်း ၁၆၀၀ ကျော်ကို ငွေရှင်များထံ ပြန်လည်ပေးဆပ်ရန် ရှိခဲ့သည်။
“ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ငွေရှင်များ၏ ငွေကြေးယုံကြည်အပ်နှံခြင်းကို ခံရပြီးနောက် ငွေသိန်းပေါင်းများစွာကို မရိုးမဖြောင့်သောသဘောနှင့် သုံးစွဲခဲ့ပြီး ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းပြောဆိုခြင်းမရှိသည်မှာ စွဲချက်တင်ထာသည့် ပြစ်မှုကို ကျူးလွန်သည်ဟု ဆိုရန်သာဖြစ်သည်” ဟု ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံး၌ မြို့နယ်တရားသူကြီး ဒေါ်ခင်လှကြည်စစ်ဆေးခဲ့သော အမှုစီရင်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်သက်သေထွက်ချက်များအရ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ငွေရှင်များအား ငွေကျပ် သိန်း ၁၆၀၀ ပေးဆပ်ရန်ရှိသည့်အချိန်၌ တမူးမြို့မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ခြင်းမှာ ငွေကြေးပြဿနာကို ရှောင်လွှဲရန် ထွက်သွားခြင်းဖြစ်နိုင်သည်ဆိုသော အဆိုပြုချက်သည် လက်ခံဖွယ်ရာဖြစ်သည်ဟုလည်း တရားသူကြီး၏ စီရင်ချက်တွင် ဖော်ပြထားသည်။
“ထိုအကြောင်းကြောင်းများကြောင့် စွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ကို ကျခံစေရန် အမိန့်ချမှတ်သည်” ဟုလည်း အမှုစီရင်ချက်က ဆိုသည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင်ကို တရားစွဲဆိုခဲ့သူများအနက် ငွေကြေးလိမ်လည်ခံခဲ့ရသူအချို့ကိုယ်စား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တရားလိုပြုလုပ်ကာ စွဲဆိုခဲ့သည်ကိုလည်း အမှုတွဲမှတ်တမ်းများအရ သိရသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုကာ တရားစွဲဆိုရာတွင် အမှုနှစ်ခု၌ တရားလိုအဖြစ် ဆောင်ရွက်ခဲ့သူ စစစဦးစီးအရာရှိ ဦးဝင်းညွန့်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ဌာနက တာဝန်ပေးအပ်သဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး လက်ရှိတွင် ပင်စင်ယူပြီး၍ အမှုဖြစ်စဉ်များကို အတိအကျမမှတ်မိတော့ကြောင်း ပြန်လည်ဖြေကြားသည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ရာဇသတ်ကြီးပုဒ်မ ၄၀၆ ဖြင့် ပြစ်ဒဏ်ကျခံစဉ် ကာလအတွင်း ငွေလိမ်ခံခဲ့ရသော မြို့ခံစီးပွားရေးသမားများအပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးက တရားမမှု ၈ မှုဖြင့် ထပ်မံတရားစွဲဆိုခြင်းကို ခံခဲ့ရသည်။
၂၀၀၂ နှစ်ကုန်ပိုင်းက မန္တလေးတိုင်းတရားရုံး၌ စွဲဆိုခဲ့သည့် ထိုတရားမမှုရှစ်မှုသည် ဒေါ်ညွန့်ညွန့်ဝင်းမောင်ထံ ပေးအပ်ခဲ့သော ယုံကြည်အပ်နှံငွေ ငွေကျပ် သိန်း ၁၁၀၀ ကျော် ပြန်လည်ရလိုမှုအတွက် စွဲဆိုခဲ့ခြင်းဖြစ်သည်။ ထိုတရားမမှု ၈ မှုလုံးတွင် တရားလိုဘက်က အနိုင်ရရှိခဲ့ကြသည်။
အဆိုပါ တရားမမှု ၈ မှုအနက် ၂၀၀၂ ခုနှစ် နိုဝင်ဘာလက မန္တလေးတိုင်းတရားရုံး တွဲဖက်တိုင်းတရားသူကြီး (၃) ဒေါ်မြရွှေ အမိန့်ချခဲ့သောအမှု၌ တရားလို ဒေါ်စန္ဒာဝင်းနှင့် လိုပြသက်သေထွက်ချက်များအရ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ငွေကျပ် ၂၄၅ သိန်းကို ရယူခဲ့ခြင်း ပေါ်ပေါက်သည်ဟု ဖော်ပြထားသည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင်အနေဖြင့် အမှုအနိုင်ရရှိခဲ့သူ တရားလိုထံ ယုံကြည်အပ်နှံငွေ ကျပ် ၂၄၅ သိန်း ပြန်လည်ပေးဆပ်ရန် စရိတ်နှင့်တကွ အနိုင်ဒီဂရီချမှတ်လိုက်ကြောင်း စီရင်ချက်မှတ်တမ်းများအရ သိရသည်။
ထောင်ဒဏ် ၁၄ နှစ်ကျော် ပြစ်ဒဏ်ကျခံပြီးနောက် ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်အတွင်း သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင် ထောင်မှ လွတ်လာပြီးနောက် အဆက်အသွယ်ရရှိခဲ့ကြောင်း ကိုယ်ပိုင်အိမ်ရောင်းရငွေ ကျပ်သိန်း ၁၀၀ ကျော် အလိမ်ခံခဲ့ရသူ ဒေါ်စန္ဒာဝင်းက ပြောသည်။
“မီးခြစ်ဘူးလို အိမ်လေးနဲ့နေရတာ စိတ်တောင်မကောင်းဘူး။ ငါအဆင်ပြေတာနဲ့ နင့်ပိုက်ဆံတွေ ပြန်ပေးမယ်ဆိုပြီး သူထောင်က လွတ်လာတော့ အန်တီ့ဆီ ရောက်လာပြီး အဲဒီလိုပြောသွားတယ်” ဟု ဒေါ်စန္ဒာဝင်းက Myanmar Now ကို ပြောသည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ လိမ်လည်ခြင်းခံရသူများအနက် မန္တလေးမြို့ စီးပွားရေးနယ်ပယ်တွင် လက်ရှိအောင်မြင်နေသူများလည်း ပါဝင်ပြီး ထိုစဉ်အဖြစ်အပျက်များကို ဖြေဆိုရန် ငြင်းဆန်သူများလည်း ရှိသည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ အလိမ်ခံခဲ့သူများတွင် မန္တလေးမြို့ မြေစာချုပ်ရုံး၌ မှတ်ပုံတင်ဌာနမှူးဖြစ်ခဲ့သူလည်း ပါဝင်ပြီး မန္တလေးရွှေတောင်ကြားရပ်ကွက်ဟု နာမည်ကျော်သည့် ဗိုလ်ချုပ်ရွာရပ်ကွက်တွင် မြေကွယ်ဝယ်ပေးမည်ဟုဆိုကာ စုဆောင်းထားသည့် ငွေကျပ် ၃၇ သိန်းကျော် အလိမ်ခံခဲ့ရသည်ဟု ဆိုသည်။
“ဒီလိုလုပ်သွားလိမ့်မယ်လို့လဲ မထင်သလို သူ့ပုံစံကလဲ ထင်ရက်စရာမရှိခဲ့ဘူးလေ။ ဝန်ထမ်းဘဝ စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေ ပါသွားတာဆိုတော့ စလိမ်ခံရတုန်းကတော့ တနုံ့နုံ့နဲ့ ခံစားရတာပေါ့လေ” ဟု မြေစာချုပ်ရုံး၌ မှတ်ပုံတင်ဌာနမှူးဖြစ်ခဲ့သူက Myanmar Now ကို ပြောသည်။
ငွေကြေးလိမ်လည်ပြီး ထွက်ပြေးခဲ့သော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရသူ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ထိုခေတ်က မန္တလေးမြို့၌ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ် ကာလများအတွင်း ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် မူလရှေ့နေအလုပ်အပြင် အိမ်ခြံမြေလုပ်ငန်း၊ ဘဏ်အပါအဝင် စီးပွားရေးလုပ်ငန်းအချို့တွင်လည်း ဥပဒေဆိုင်ရာအကြံပေးအဖြစ် တိုးချဲ့လုပ်ကိုင်ခဲ့သူဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။
ဘဏ်၌ မိမိပိုင်ဆိုင်မှုအပေါင်ခံပြီး ချေးငွေရယူလိုသူများအတွက် လျှောက်ထားသည့် ချေးငွေပြန်ဆပ်နိုင်သည့် ပိုင်ဆိုင်မှုရှိကြောင်းပြသရန် Show Money (ငွေကြေးအာမခံချက်) အတွက် အတိုးများများဖြင့် ကာလတိုချေးငွေထုတ်ချေးခြင်းလုပ်ငန်းကို ဒေါ်ညွန့်ညွန့်ဝင်းမောင်က အဓိကလုပ်ကိုင်ခြင်းဖြစ်သည်ဟု လုပ်ငန်းအတူ လုပ်ကိုင်ခဲ့ဖူးသူများက ပြောသည်။
မန္တလေးမြို့တွင် ၁၉၉၀ ခုနှစ်ဝန်းကျင်က ဂေါက်ရိုက်သည့် အမျိုးသမီးအရေအတွက် အလွန်နည်းပါးခြင်း၊ ဂေါက်ရိုက်ရင်း စီးပွားရေးမိတ်ဖက်သစ်များရှာဖွေကာ ကွန်ရက်တိုးချဲ့ခြင်း၊ နာမည်ကြီးဟိုတယ်များ၌ မွေးနေ့ပါတီပွဲများ ခမ်းခမ်းနားနား ကျင်းပခြင်းများကြောင့် ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် စီးပွားရေးအသိုင်းအဝိုင်း၌သာမက စစ်ဘက်နယ်ဘက်မှ အရာရှိကြီးများနှင့်ပါ အသိအကျွမ်းများသည်ဟု ရင်းနှီးကျွမ်းဝင်ခဲ့သူတစ်ဦးက ပြောသည်။
“မွေးနေ့ပါတီကို ဟိုတယ်မှာ ကြီးကြီးကျယ်ကျယ်လုပ်တယ်။ ဘာမွေးနေ့လက်ဆောင်မှ ပေးစရာမလိုဘူး။ သတင်းစာမှာ သူ့အတွက် မွေးနေ့ဆုတောင်းထည့်ပေးဖို့တစ်ခုပဲ ပြန်လုပ်ပေးဖို့ တောင်းဆိုတာ” ဟု ဒေါ် ညွန့်ညွန့်ဝင်းမောင်၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ခဲ့သူ ဒေါ်အေးအေးမွန်က Myanmar Now ကို ပြောသည်။
၂၀၀၀ ခုနှစ် ဇူလိုင် ၁၇ ရက်က ထုတ်ဝေခဲ့သည့် မန္တလေးနေ့စဉ်သတင်းစာ၏ စာမျက်နှာ ၁၀ နှင့် ၁၁ ၌ ဒေါ်ညွန့်ညွန့်ဝင်းမောင်အတွက် မွေးနေ့ဆုတောင်းကြော်ငြာစာများ မျက်နှာပြည့်ဖော်ပြထားပြီး မွေးနေ့ဆုတောင်းပေးသူများတွင် စစ်ဘက်နယ်ဘက်မှ အရာရှိကြီးများ၊ ဥပဒေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် ဆောက်လုပ်ရေး၊ အိမ်ခြံမြေနှင့် နိုင်ငံခြားငွေကြေးစျေးကွက်လုပ်ကိုင်နေသော မြို့ခံစီးပွားရေးသမားများ ပါဝင်သည်ကို တွေ့ရှိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ နေထိုင်လျက်ရှိသော ဒေါ်ညွန့်ညွန့်ဝင်းမောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာတွင် “အန်တီ့အကြောင်းတွေက ဘာမှစိတ်ဝင်စားစရာ မကောင်းသလို Public ကို ချပြဖို့လဲ အန်တီခွင့်မပြုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ Facebook လူမှုကွန်ရက်အကောင့်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဥပဒေဆိုင်ရာအကြံပေးအဖြစ် ဖော်ပြထားပြီး ပါတီလှုပ်ရှားမှုပုံရိပ်များ ပြန်လည်မျှဝေထားသည်ကိုလည်း တွေ့ရသည်။
ပါတီ၏ ဥပဒေအကြံပေးအဖြစ် လုပ်ကိုင်နေသူ ဒေါ်ညွန့်ညွန့်ဝင်းမောင်နှင့် ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျကို ဆက်သွယ်မေးမြန်းရာတွင် ထိုကိစ္စများ ဖြေရှင်းပြီးပြီဖြစ်ကြောင်း ဆိုသည်။
“မှန်လားမှားလားတော့ အတည်မပြုနိုင်ဘူး။ ကျွန်တော်က ပါတီဝင်တာ နောက်ကျတယ်။ ကျွန်တော်မရောက်ခင်ကတည်းက သူတို့က (ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ) ဒီတာဝန်တွေ ပေးပြီးသား။ အခုပြောတဲ့သတင်းမျိုး ကြားတယ်။ သူကလည်း သူမဟုတ်ကြောင်း ဖြေရှင်းပြီးတယ်လို့ပဲ အဲဒီလိုပဲ သိထားတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ ပညာအရည်အချင်းအရ ပါတီက ခန့်ထားခြင်းဖြစ်ကာ တရားရုံးပြစ်ဒဏ်များနှင့် ပတ်သက်၍လည်း သူ့အပိုင်းသာဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ငွေကြေးလိမ်လည်မှုဖြင့် ထောင်ဒဏ် နှစ်ရှည်ပြစ်ဒဏ်ကျခဲ့သူတစ်ဦးကို နိုင်ငံရေးပါတီတစ်ခု၏ ဥပဒေအကြံပေးအဖြစ် တာဝန်ပေးအပ်ခြင်းသည် မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်ဟုလည်း ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ လိမ်လည်ခြင်းခံခဲ့ရသူတို့က ဆိုကြသည်။
“အန်တီက သူ့ကို မတိုင်ခဲ့ဘူး။ တိုင်ရင်လဲ အန်တီ့ပိုက်ဆံ ပြန်မရနိုင်ဘူးဆိုတာ သိနေလို့။ ဒါပေမဲ့ ဒါဟာ လူတစ်ယောက်ရဲ့သမိုင်း၊ သူရဲ့တန်ကြေးပဲလေ။ အခု မီဒီယာက သူရဲ့သမိုင်းကြောင်းကို ပြန်ရေးကြပြီလေ” ဟု ကိုယ်ပိုင်အိမ်ရောင်းရငွေ ကျပ်သိန်း ၁၀၀ ကျော်နှင့် မိတ်ဆွေအချို့၏ ငွေကြေးများအပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၅၀ ကျော် အလိမ်ခံခဲ့ရသူ ဒေါ်စန္ဒာဝင်းက ပြောသည်။