ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီးကျေးရွာနှင့် အနီးဝန်းကျင်ရှိ လွိုင်နန်းဖကျေးရွာတို့တွင် ရှိသော စာသင်ကျောင်းနှစ်ကျောင်းကို ပစ်မှတ်ထားကာ စစ်ကောင်စီလေတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၅) နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒေါဆီအီးရွာ စာသင်ကျောင်းတွင် တက်ရောက်နေသည့် အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ်ရှိ ကလေး ၄ ဦး သေဆုံးပြီး မူကြိုအရွယ် ကလေးတစ်ဦးအပါအဝင် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ပြင် လွိုင်နန်းဖရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ဒေါဆီအီး ရွာကျောင်းဗုံးကြဲခံရမှုတွင် သေဆုံးသူများမှာ ၆ တန်းကျောင်းသားများဖြစ်သော ခွန်းအယ်လတ (၁၄ နှစ်) နှင့် အယ်ဒိုထူး (၁၄ နှစ်)၊ ၇ တန်းကျောင်းသား ခွန်းဆန်းလှိုင် (၁၅ နှစ်)၊ ၄ တန်းကျောင်းသား ခရစ္စတိုဖာ (၁၃ နှစ်) တို့ ဖြစ်ကြသည်။ အဆိုပါ စာသင်ကျောင်းမှာ မူကြိုအရွယ်ကလေးမှ ကိုးတန်းအထိ ကျောင်းသားကျောင်းသူ ၂၀၀ နီးပါး တက်ရောက်သင်ကြားသော အဆောင်နှစ်ဆောင်ရှိ ကျောင်းဖြစ်ကာ အဆောင်နှစ်ခုအကြား ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ချိန် ဖြစ်ပွားရာနေရာအနီး ရှိနေခဲ့သည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (Karenni Human Right Group) ဦးဆောင်သူ ဦးဗညားကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – လင်းထင်
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



