သတင်း

ဒေါ်အောင်ဆန်းစုကြည်ထံမှ ပထမဆုံးစာတစ်စောင် မိသားစုလက်ခံရရှိ

မိခင်ဖြစ်သူမှာ စိတ်ဓာတ်ခိုင်မာသူဖြစ်၍ ကျန်းကျန်းမာမာဖြင့် ပြန်လွတ်လာမည်ဟု မျှော်လင့်ကြောင်း သားငယ်ဖြစ်သူ ဦးထိန်လင်း (ခေါ် ) ကင်မ်အဲရစ်က ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားသည့် ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ပထမဆုံးစာတစ်စောင်ကို လက်ခံရရှိကြောင်း သားငယ်ဖြစ်သူ ဦးထိန်လင်း (ခေါ်) ကင်မ်အဲရစ်က သတင်းဌာနများကို ပြောသည်။

နေပြည်တော်ထောင်တွင် မိခင်ဖြစ်သူ နေထိုင်မကောင်းကြောင်း သတင်းကြား၍ စက်တင်ဘာတွင် ပစ္စည်းပေးပို့ခဲ့ပြီးနောက် ပြန်စာကို ဗြိတိသျှနိုင်ငံခြားရေးရုံးမှတစ်ဆင့် ဇန်နဝါရီလလယ်ပိုင်းတွင် လက်ခံရရှိခဲ့ကြောင်း ၎င်းက BBC နှင့် RFA သတင်းဌာနတို့ကို ပြောသည်။

အခြေခံစားစရာ၊ ဗီတာမင်နှင့် အခြားဆေးဝါးများထည့်ပေးလိုက်သည့် ပါဆယ်ကို ဒီဇင်ဘာလအတွင်း မိခင်ဖြစ်သူ လက်ခံရရှိခဲ့သည်ဟု သိရကြောင်း သူက ဆိုသည်။

“နိုင်ငံခြားရေးရုံးက စာကို ဓာတ်ပုံရိုက်ပြီး ကျွန်တော့်ဆီကို အီးမေးလ်နဲ့ ပြန်ပို့ပေးပါတယ်။ ဒီစာကို ရလို့ သူအသက်ရှင်နေသေးတယ်လို့ သိရပြီး အဆက်အသွယ်လုပ်နိုင်တဲ့အတွက် ကျွန်တော် အင်မတန် ဝမ်းသာမိပါတယ်။ စာထဲမှာ မိသားစုအကြောင်းပဲပါတယ်။ နိုင်ငံရေးအကြောင်း မပါပါဘူး” ဟု သားငယ် ဦးထိန်လင်းက BBC သတင်းဌာနကို ပြောသည်။

မိသားစုကို ချစ်ခင်သတိရကြောင်းနှင့် ပေးပို့လိုက်သည့် ပစ္စည်းများအတွက် ကျေးဇူးတင်ကြောင်းလည်း ရေးသားထားသည်။ 

အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူ စိတ်ဓာတ်ခိုင်မာနေမည်ဟု ယုံကြည်သော်လည်း ကျန်းမာရေးဒေါင်ဒေါင်မြည်ဖြစ်မည်ဟု မထင်ကြောင်း၊ စစ်ကောင်စီက တစ်ဦးတည်းသီးသန့်ချုပ်နှောင်ထား၍ မည်သို့နေထိုင်နေရသည်ကို မခန့်မှန်းနိုင်ကြောင်း၊  စိတ်ဓာတ်ခိုင်မာသူဖြစ်၍ ကျန်းကျန်းမာမာဖြင့် ပြန်လွတ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

မိခင်ဖြစ်သူထံ စာနှင့် ပါဆယ်များ ကြိုးစားပေးပို့ဦးမည်ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏သားကြီးဖြစ်သူ အသက် ၅၀ အရွယ် ဦးမြင့်ဆန်းအောင် ခေါ် Alexander Aris အကြောင်းမှာ  သတင်းမီဒီယာများတွင် ပါဝင်လေ့မရှိပေ။

၄၇ နှစ်အရွယ် ဦးထိန်လင်းမှာ မိခင်နှင့် ပိုမို တွေ့ဆုံလေ့ရှိခဲ့ပြီး ယခုအခါ သတင်းဌာနတချို့နှင့် ဆက်သွယ် ပြောဆိုတတ်သည်ကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းခဲ့ပြီး အမှု ၁၉ မှု ဆင်ကာ ထောင် ၃၃ နှစ် အမိန့်ချထားသည်။

စစ်ကောင်စီက သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားသည့် ထောင်ဝင်စာတွေ့ဆုံခွင့်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၄ မှစတင်ပြီး ပြန်လည်ခွင့်ပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုမူ ဆက်လက် ကန့်သတ်ထားသည်။

မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် မသိရှိရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် သူ၏ရှေ့နေအဖွဲ့နှင့် သားဖြစ်သူ ဦးထိန်လင်းတို့၏ တောင်းဆိုထားမှုကိုလည်း စစ်ကောင်စီက အကြောင်းမပြန်ဘဲ နှုတ်ဆိတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ရှေ့နေအဖွဲ့ နောက်ဆုံးတွေ့ဆုံခဲ့သည်က ၂၀၂၂ ဒီဇင်ဘာလက ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီအကျဉ်းချခံထားရစဉ် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် ၅၄ နေအိမ်ကို မတ် ၂၀ တွင် လေလံတင်ရောင်းချရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ ထိုခြံနှင့် နေအိမ်ကို သားသမီးနှစ်ဦး အမွေခွဲရာ ကျေနပ်မှုမရှိသည့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းကြည်ကို ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားရုံး ဆုံးဖြတ်ချက်ချပြီးဖြစ်သော်လည်း အယူခံအဆင့်ဆင့်တောင်းဆိုမှုကြောင့် နှစ်ပေါင်းရှည်ကြာ မပြီးမပြတ်ဖြစ်ခဲ့သည်။ ယခုအခါ စစ်ကောင်စီလက်အောက် ရောက်လာသော တရားရုံးက ဦးအောင်ဆန်းဦး၏ အထူးအယူခံကို လက်ခံကာ အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button