ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၅၄၀) ခြေမြန်တပ်ရင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဇန်နဝါရီ ၃၁) တွင် ထုတ်ပြန်သည်။
ထိုမြို့တွင် ခြေမြန်တပ်ရင်း (၅၄၀)၊ (၃၇၇)နှင့် (၃၇၈) တို့၏ စခန်းများ ရှိသည့်အနက် ထိုစခန်းကို ဇန်နဝါရီ ၃၀ ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေ၊ လက်နက်နှင့် သုံ့ပန်း ရရှိမှုတို့ကို မထုတ်ပြန်သေးပေ။
စစ်ကောင်စီတပ်ထံမှ တိုက်ပွဲသတင်းထွက်သည်ကို မတွေ့ရဘဲ အရပ်သားသေဆုံးမှု၊ အိမ်မီးရှို့မှုများမှာ ရန်သူ၏လက်ချက်ဖြစ်သည်ဟူသော ထုတ်ပြန်ချက်မျိုးကိုသာ နေ့စဉ် တွေ့နေရသည်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မြောက်ဦးမြို့မြောက်ဘက်ရှိ ခရိုင်ရဲစခန်းကို ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၂၆ တွင် သိမ်းပိုက်နိုင်သည်။
အလားတူ မြောက်ဦးမြို့၏ တောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ မြောင်းဘွေကျေးရွာရဲစခန်းကို AA က ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် စတင်ထိုးစစ်ဆင်ပြီးနောက် ၂ ရက်အကြာတွင် သိမ်းပိုက်ရရှိခဲ့သည်။
ထိုရက်များအတွင်း မြောက်ဦးခရိုင်ရဲစခန်းနှင့် မြောက်ဦးမြို့အဝင်တွင် AA အလံ လွှင့်ထူထားသည့် ဓာတ်ပုံများ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ထို့နောက် တပ်စခန်းများကို AA က ထပ်မံထိုးစစ်ဆင်ခဲ့ရာမှ အမှတ် (၅၄၀) ခြေမြန်တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၅ ရက်နေ့က မြောက်ဦးမြို့ရှေးဟောင်းသုတေသနပြတိုက် လက်နက်ကြီးထိမှန်ခဲ့ရာ ပစ်ခတ်သော စစ်တပ်စခန်းများနှင့် နယ်မြေခံရဲတပ်ရင်းတို့ကို ထိထိရောက်ရောက် တုံ့ပြန်မည်ဟု AA ဘက်က ဆိုသည်။
စိတ်ရောဂါသည်ကို သတ်ဖြတ်ပြီး ရွာမီးရှို့
ကုလားတန်မြစ်အထက် ချင်းပြည်နယ် ပလက်ဝမြို့နယ်၏တောင်ဘက် ကျောက်တော်မြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၏ တပ်ရင်းတပ်ဖွဲ့များရှိရာ အများစုကို AA က သိမ်းယူထားပြီး ဖြစ်သည်။
ကျောက်တော်၏ တောင်ဘက်ကပ်လျက် မြောက်ဦးနယ်အတွင်းတွင်လည်း AA က နယ်မြေအများစုကို ထိန်းချုပ်ထားပြီး အောက်ဘက်ရှိ မင်းပြားမြို့နယ်တွင် နယ်မြေထိန်းချုပ်ထားသလို အနောက်ဘက် စစ်တွေခရိုင်ရှိ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ယမန်နေ့မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။
မင်းပြားမြို့အနောက်ဘက် စစ်တွေခရိုင်ရှိ ပေါက်တောမြို့ကို AA က သိမ်းယူထားပြီး ရသေ့တောင်၊ ရမ်းဗြဲမြို့တွင်လည်း တိုက်ပွဲ ပြင်းထန်နေသည်။
ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာအကြား AA နှင့် စစ်တပ်တို့ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်ရှိသလို AA တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသည်ဟု AA ထုတ်ပြန်ချက်နှင့် ဒေသတွင်းသတင်းများအရ သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်တပ်က ပြန်ဆုတ်ခွာသွားရာ အပြန်လမ်းတွင် မင်းဂံချောင်းနံဘေးမှ ဆားကုန်ဘုတ်ကျေးရွာကို ဝင်ရောက်ကာ ရွာလုံးကျွတ် မီးရှို့ခဲ့ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်ပြီး၊ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများပေးခဲ့သည်ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆိုသည်။
“တိုက်ပွဲက ပြင်းတယ်။ အောက်က တိုက်တယ်၊ လေယာဉ်နဲ့ ဗုံးကြဲတယ်။ ပြီးတော့ ဒရုန်းတွေနဲ့ ပစ်ကြတယ်။ တစ်ရက်လုံးလိုလို တိုက်ပွဲဖြစ်ကြတယ်” ဟု သူက ဆိုသည်။
“တိုက်ပွဲဖြစ်တာက စစ်ကောင်စီဘက်က ဇက်နဲ့ တက်လာတယ်။ အဲဒါကို ဒီဘက်က မခံနိုင်လို့ ပစ်တယ်။ ဟိုဘက်ကလည်း ကုန်းထက်ကို တက်လာပြီး ပစ်တယ်။ ပြီးတော့ ဆားကုန်ဘုတ်ရွာကို မီးရှို့ခဲ့တယ်”
အိမ်ခြေ ၃၀ ခန့်ရှိ ဆားကုန်ဘုတ်ရွာလုံးကျွတ် မီးလောင်သွားသလို ဘေးလွတ်ရာသို့ မရှောင်တိမ်းနိုင်ခဲ့သည့် အသက် ၄၀ အရွယ် စိတ်ရောဂါသည် အမျိုးသမီးတစ်ဦးကို စစ်တပ်က သတ်ဖြတ်သွားသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
ရွာမီးရှို့သည့်သတင်းကို အွန်လိုင်းသတင်းဌာနတချို့က ထိုနေ့တွင် ရေးသားဖော်ပြရာ စစ်ကောင်စီက ထိုသတင်းနှင့် ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်ခဲ့သည်။ ထိုရွာထဲတွင် ၎င်းတို့ တပ်သားများ ရှိနေစဉ် ရန်သူ ရောက်လာပြီး မီးရှို့သွားခြင်းဖြစ်သည်ဟု တုံ့ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုပတ်ဝန်းကျင်တွင် လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်တပ်သည် စပါးထား၊ အောင်ဇေယျရွာတို့ကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲနေကာ တပ်စခန်းတစ်ခုကလည်း လက်နက်ကြီးဖြင့် ပစ်နေသည်ဟု ဆိုသည်။
စစ်တွေ-ကျောက်တော်လမ်းပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်တွင် ခြေမြန်တပ်ရင်း အမှတ် (၅၅၀) တပ်ရင်းတစ်ခုသာ ရှိပြီး ထိုတပ်မှ လက်နက်ကြီးဖြင့် ကျေးရွာများကို ပစ်ခတ်နေပြီး အဆိုပါ တပ်တစ်ခုတည်း သာရှိသဖြင့် အချိန်မရွေး AA ၏ အတိုက်ခံရနိုင်သည်ဟု ဒေသခံများက ဆိုကြသည်။
AA က ပလက်ဝနှင့် ပေါက်တောမြို့တို့ကို သိမ်းယူထားပြီး ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲမြို့တို့ကို သိမ်းယူနိုင်ရေး တိုက်ခိုက်နေသည်။